ပီ- မိုးနင်း
Download Epub Kfx
ကျွန်တော်တို့အဖွဲ့သည် မြန်မာနိုင်ငံအတွင်းက e-Books Reader အသုံးပြုသူများနှင့် Digital Devices တွေမှာ စာဖတ်သူများ အတွက် မြန်မာစာအုပ်များကို ဖတ်ရှုနိုင်စေရန် ကူညီပေးဖို့ ရည်ရွယ် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ တိုးတက်လာသော နည်းပညာများအရ e-books Reader အသုံးပြုသူများလည်း များပြားလာပြီ ဖြစ်သော်လည်း နိုင်ငံတွင်းမှတော့ e-books Reader အသုံးပြုသူများ အတွက် မြန်မာစာအုပ် ဖတ်ရှုနိုင်ရန် အလွန် ခက်ခဲလျက်ရှိသည်။ ထို့ပြင်လက်ရှိမှာလည်း မြန်မာစာအုပ်များကို Digital နည်းဖြင့် ဖြန့်ဝေမှု လုံးဝမရှိသလောက် ဖြစ်သည်။ ထိုအခက်ခဲများကို ကျနော်တို့ တတ်နိုင်သည့် ဘက်မှ ကူညီပေးနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ထားခြင်း ဖြစ်ပါသည်။
မူပိုင်ခွင့်ချိုးဖေါက်ပြီး ကိုယ်ကျိုးအတွက် လုံးဝ(လုံးဝ)အသုံးမပြုပါ။
🅦🅗🅘🅢🅟🅔🅡 of 🅦🅞🅡🅓🅢
"စာရေးဆရာများနှင့် စာပေထုတ်လုပ်ရေးများသို့ ပန်ကြားချက်"
စာပေထုတ်ဝေသူတို့နှင့် ဆရာ၊ ဆရာမများ အနေဖြင့် မြန်မာနိုင်ငံအတွင်းက e-Books Market အတွက်ကိုလည်း ဖြည့်ဆည်း ပေးနိုင်ရန် အကြံပြုလိုပါသည်။ eBooks Digital Marketဟာ မြန်မာနိုင်ငံမှာ ကြီးမားစွာ ရှိနေပါပြီ။ Digital Product ဖြစ်သည့်အတွက် ဆရာ၊ ဆရာမများ အတွက်လည်း ပိုမို အကျိုးများပါသည်။ ကျွန်ုပ်တို့ ယခုကဲ့သို မူပိုင်ခွင့် ချိုးဖေါက်နေမှု များကိုလည်း လိုအပ်ချက်အရဟု နားလည်ခွင့်လွတ်ပေးပြီး စာချစ်သူ၊ စာဖတ်သူများ ဆီသို့ တစ်နည်းနည်းနှင့် ပို့ပေးနေသည်ဟု နားလည် ပေးကြပါရန် ပန်ကြား တောင်းဆိုအပ်ပါသည်။
"စာဖတ်သူများသို့ ပန်ကြားချက်"
စာဖတ်သူများသို့ ပန်ကြားလိုသည်မှာ eBook ဖတ်ပြီးလို့ "ကြိုက်နှစ်သက်တယ်" စာရေးသူများအား "အသိမှတ် ပြုသင့်တယ်" လို့ ယူဆပြီး ဖတ်ပြီးသွားလျှင်တောင် လက်လှမ်းမှီပါက မူရင်းစာအုပ်ကို ဝယ်ယူအားပေးကြပါ။ စာအုပ်များဝယ်ယူမှု မရှိလျှင် မိမိကြိုက်သော ဆရာ၊ ဆရာမတို့ နောက်ထပ် နောက်ထပ်သော ဖန်တီးမှုတို့ ပြုလုပ်ရန် ခက်ခဲပါလိမ့်မည်။ ထိုအခါ စာချစ်သူ၊ စာဖတ်သူများနှင့် မြန်မာနိုင်ငံ စာပေလောက အတွက် အနာဂတ် ကလေးငယ်များ အတွက် များစွာ နစ်နာကြပါလိမ့်မည်။ ကျွန်တော်တို့ အဖွဲ့သားများဆိုလျှင်လည်း (Ebook ရှိလျှင်) Ebook များကို အဓိက ဖတ်ကြပါသည်။ ပြီးလျှင် စာရေးဆရာတို့အား "အသိမှတ်ပြုသောအားဖြင့်" တစ်ခုတည်းကို ရည်ရွယ်ပြီး စာအုပ် ဝယ်လိုက်တာတွေ များစွာရှိပါသည်။
ထိုကြောင့် လက်လှမ်းမှီပါက မိမိကြိုက်နှစ်သက်သော ဆရာ၊ ဆရာမတို့၏ မူရင်းစာအုပ်များကို ဝယ်ယူအားပေးကြဖို့ တိုက်တွန်းပါသည်။
အခကြေးငွေဖြင့် ရောင်းချခြင်း မပြုရ
အကယ်၍ ဤစာအုပ်အတွက် အဖိုးအခ တစ်စုံတစ်ရာ ပေးခဲ့ပြီး ရခဲ့သည် ရှိသော် ဂျင်းထည့်ခံရပြီ မှတ်ပါ။
🅦🅗🅘🅢🅟🅔🅡 of 🅦🅞🅡🅓🅢
Facebook Page
ပူအိုက်သော နွေဥတု အခါသမယ မွန်းလွဲအချိန် အသက် ကိုးနှစ်ခန့် ရှိသော သူငယ်ကလေး တယောက်သည် ရန်ကုန်မြို့ လမ်းမတော်ရပ်၊ လမ်းနံဘေး တိုက်ရိပ်တခုတွင် ထိုင်ကာ ပျော်ရွှင် မြူးထူး ကစား မုန့်ပဲသရေစာများ ဝယ်၍ စားကြသော ကလေးသူငယ်တို့ကို ကြည့်ကာနေလေ၏။
ထိုကလေးသည် အသက်ငယ်ရွယ်သူ ဖြစ်သောကြောင့် မိမိ၏ဆင်းရဲဒုက္ခများကို ကလေးတို့ဘာဝ များစွာ တွေးတောဟန် မရှိသော်လည်း မိမိ၏ရှေ့၌ ပျော်ရွှင်စွာ ဝယ်ခြမ်း စားသောက်ကစား၍ နေကြသော ကလေးတို့ကို မြင်ရသောအခါ စားချင်သောက်ချင် ကစားချင်သဖြင့် ငါသည်ကား အပေါင်းအဖော် အသိမိတ်ဆွေ မရှိ၊ ကစားချင်သော်လည်း မည်သူကမျှ မခေါ်၊ စားချင်သော်လည်း မည်သူကမျှ မကျွေး၊ ဆင်းရဲလှသော ကလေးပါကလားဟု တွေးတော၍နေဟန် ရှိနေလေ၏။
အချို့သော ကျောင်းသားကလေးများသည် မုန့်များစားကာ အပါးကို လာ၍ ပြောင်လှောင်ကြ၏။ သူငယ်ကလေးသည်ကား မိမိ၏အားကိုးရာမဲ့သော အခြေအနေကို သိရှိ၍ တခွန်းတပါဒမျှ ပြန်လှန်၍ စကားမပြောဘဲ သည်းခံ၍သာ နေလေ၏။
ထိုကျောင်းသားကလေးများသည်ကား အနီးအပါးရှိ အစိုးရထောက်ပံ့သော မြန်မာစာသင်ကျောင်း က ကျောင်းသားကလေးများ ဖြစ်ကြလေ၏။
သူငယ်ကလေးသည် ထိုကဲ့သို့ ထိုင်၍ ငေးမောတွေးတောကာ နေစဉ် ၎င်း၏စိတ်သည် မိဘမဲ့သော မိမိ၏ဘဝကို မုန်းထား၏။ မိမိအပေါ်၌ မကြင်နာသော ကျောင်းသားကလေးများကို မုန်းထား၏။ မိမိမှာ မျက်နှာမရှိသဖြင့် များစွာ ဂရုမစိုက်ဘဲနေသော ကျောင်းဆရာကို မုန်း၏။ အကြောင်းကား နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရသောစိတ်၊ ဆင်းရဲဒုက္ခရောက်သော စိတ်သည် သွေ့ခြောက်သော သစ်ပင်နှင့်တူ၏။ ထို သွေ့ခြောက်သောသစ်ပင်၌ ချစ်ခြင်းတည်းဟူသော အငုံတို့သည် ပွင့်အာခြင်းသို့ မရောက်မီ ကြွေပျောက် ကျဆင်းကြရလေ၏။
စင်စစ်အားဖြင့် ဤလောကကြီးသည် ချမ်းသာသောသူတို့ တဦးတည်းပိုင်သော လောက မဟုတ်၊ ကောင်းကင်၌ ထွန်းလင်းတောက်ပနေသော နေ လ နက္ခတ်တာရာတို့သည် မိမိတို့၏ အလင်းရောင်ကို မည်သူ့အပေါ်မှာမျှ မျက်နှာမလိုက်ဘဲ သက်ဆင်းစေသဖြင့် မိုးနှင့်လေတို့သည် လည်း မည်သည့်လယ်ယာ၌မဆို ရွာသွန်းတိုက်ဝှေ့လေ၏။ နန်းကြမ်းပြင်၌ ထွန်းတောက်နေသော နေရောင် လရောင်တို့သည် ဆင်းရဲသော တောင်သူ မိလက်ခူတို့၏ တဲအုံရှေ့၌ အရောင်မလျော့ချေ။ ဧက တသောင်းရှိသော သူဌေးတို့၏လယ်၌ ရွာသွန်းသောမိုးသည် တောင်ယာပဲခင်း လုပ်ကာ အသက်မွေးရသော သူအတွက်လည်း လုံလောက်သော ရေကို ပေး၏။
သူတို့သည် ကမ္ဘာလောကကြီး၏ အမျိုး သားသမီးများ ဖြစ်ကြ၏။ ဤ ကြီးမားကျယ်ပြော မကုန်မခန်းနိုင်သော အမွေအနှစ်တို့သည် မည်သူ တစုံတယောက်နှင့်မျှ သတ်မှတ်၍ မသက်ဆိုင်၊ အများ ပိုင်ဆိုင်ခွင့်ရှိသော အရာများ ဖြစ်လေ၏။
သို့သော်လည်း လောက၏စည်းစိမ်တို့သည် တိမ်တိုက်မိုးသားတို့၏အစွမ်းဖြင့် ကျရောက်သော အရိပ်နှင့် အလားတူ၏။ တခါတရံ ထိုနေရာ၌ အေး၏။ တခါတရံ ထိုနေရာ၌ ရိပ်၏။ နောက်ဆုံး၌ မည်သည့်နေရာမှာမျှ အမြဲမတည်၊ အမြဲတည်သော အရိပ်ဟူ၍ မှတ်ထင်သူတို့သည် မတည်သော နေ့တနေ့၌ ကြီးသော စိတ်ဆင်းရဲခြင်းကို တွေ့ကြရလေ၏။
ဤ ကျယ်ပြောသော လောကကြီး၌ နေ့စဉ်မပြတ် အမြဲတိတ်ဆိတ်စွာ ပြိုကွဲ ပျောက်ပျက်၍နေသော စည်းစိမ်ပဒေသာပင်ကြီးတို့သည် အရိပ်ပမာ တနေရာမှ တနေရာသို့ ရွှေ့ပြောင်းကြ၏။ သူဌေးတို့သည် ကျွန်၏အလှည်သို့ ရောက်၏။ ကျွန်တို့သည် သခင်ဘဝသို့ ရောက်၏။ ကုန်းမြင့်ကို တက်ရသော လားသည် ကမ္ဘာလောကကို မိမိပိုင်သည် ထင်၏။ နွားကျောင်းသား၏ ကြိမ်လုံးဖြင့် ပေါင်စင်း၍ သေနေသောအခါ သံဝေဂ ရဖို့ရန် အချိန်မရချေ။ သေခြင်းကို ပြေး၍ မလွတ်သလို ပျက်စီးခြင်းကိုလည်း ရှောင်ရှား၍ မရ၊ ပြောင်းလဲခြင်းသည် ကံကြမ္မာတည်း ဟူသော မျက်လှည့်ဆရာကြီးပေတည်း။
ထိုဆရာကြီးသည် လူသတ္တဝါတို့ကို ရွှံ့ရုပ်ပမာ ပြုလိုရာ တတ်နိုင်သဖြင့် သူ့လက်တွင်းဝယ် ကြိတ်နယ်ခြင်းကို ခံကြရလေသတည်း။
အဆိုပါ သူငယ်ကလေးသည် အဘယ်မျှပင် ဆင်းရဲစေကာမူ မိမိ၏ရှေ့၌ ပြောင်းလဲခြင်းတည်း ဟူသော လမ်းသည် ကြီးကျယ် ရှည်လျားစွာ တည်ရှိလေ၏။ ၎င်းသည် စံလွန်သော ဇာဘုရင် မင်းမြတ်ပမာ ကမ္ဘာ၏ စည်းစိမ်ကို အမွေခံနိုင်သူ တယောက် ဖြစ်၏။ အကြောင်းမူကား ဤမြေမျက်နှာသည် မြေပေါ်၌ ရှိသူအပေါင်းတို့ ပိုင်သော အမွေဆိုင်ပစ္စည်းပေတည်း။
၎င်း သူငယ်ကလေးသည် တကိုယ်တည်း ထိုင်၍နေစဉ် မိမိနှင့် ရွယ်တူခန့်ရှိသော မိန်းကလေး ဖြူဖြူနုနုကလေးတယောက်သည် သူငယ်ကလေး၏မျက်နှာကဲကိုခတ်ကာ အပါးသို့ကပ်လာလေ၏။ အပါးသို့ရောက်သောအခါ သူငယ်ကလေးနှင့် မျက်နှာချင်းဆိုင်မိလေ၏။ သို့သော်လည်း စကားတခွန်းကိုမျှ မပြောကြချေ။ သူငယ်မလေးမှာ မြင့်မြတ်သော အမူအရာ၊ အထက်ကျသော ကိုယ်ဟန်လက္ခဏာ ရှိသဖြင့် သူငယ်ကလေးသည် သူငယ်မကလေး၏ မျက်နှာကို ကြာကြာ မကြည့်ဝံ့ရှာဘဲ ခေါင်းငုံ့၍ သွားလေ၏။
ထိုအတွင်း သူငယ်မကလေးက "မင်း ဘာပြုလို့ မကစားသလဲ" ဟု နူးညံ့သိမ်မွေ့ သာယာသော အသံနှင့် ခပ်ဝဲဝဲကလေး မေးလေရာ သူငယ်ကလေးသည် သြဇာရှိသောအသံကို သိသဖြင့် ရုတ်တရက် မော်ကြည့်ပြီး အတန်ကလေးကြာစွာ အကဲခတ်ပြီးမှ "မင်း ဆရာ့သမီးလား" ဟု ခပ်ရွံ့ရွံ့နှင့် မေးလေ၏။
သူငယ်မလေးသည် ခေါင်းခါလျက် "ငါ ယောက်ျားကလေးဖြစ်ရင် ကစားမှာပဲ၊ မင်း မကစားတတ်ဘူးလား၊ ဘာပြုလို့ မုန့်ဝယ်မစားသလဲ ပိုက်ဆံ မရှိဘူးလား" ဟု မေးလေရာ သူငယ်ကလေးက ခေါင်းခါလျက် ထိုင်ရာမှ ပြုံးကာ ထပြီးလျှင် အင်္ကျီအိတ်နှစ်ဖက်ထဲသို့ လက်နှစ်ဖက်ထည့်ကာ ခေါင်းငုံ့၍ မြေကိုကြည့်ရင်း ယောင်ပေပေလုပ်၍ နေလေ၏။
ထို့နောက် သူငယ်မကလေးက "မင်း ဒီကျောင်းမှာပဲ နေတယ် မဟုတ်လား" ဟု မေးလေရာ၊ သူငယ်ကလေးက ခေါင်းညိတ်ပြီး သူငယ်မကလေး၏ မျက်နှာကို မော်ကြည့်ကာ "မင်းကော ဒီကျောင်းမှာ နေတယ် မဟုတ်လား" ဟု မေးလေ၏။ သူငယ်မကလေးက ခေါင်းညိတ်လေ၏။
ထိုအခါ သူငယ်ကလေးသည် အတော်ကလေး ရဲလာပြီးလျှင် "မင်း ဘယ်မှာနေသလဲ" ဟု မေးလေရာ သူငယ်မကလေးက "ဟိုဘက်လမ်းမှာပဲ၊ အရင်က ထားဝယ်မှာနေတယ်၊ ဖေဖေက ထားဝယ်မှာ မြို့အုပ် အလုပ်လုပ်တယ် အမေသေလို့ အဘွားများနဲ့ လာနေတယ်" ဟု ပြော လေ၏။
ထိုအခါ သူငယ်ကလေးက ကြင်နာစွာ "ဪ... မင်းမှာ အမေ မရှိဘူးလား၊ ဒီလိုဖြင့် ငါလိုပေါ့၊ ငါ့မှာတော့ အမေရော အဖေရော မရှိဘူး၊ ငါက အနောက်မှာ ဦးလေးနဲ့ နေရတယ်"
သူငယ်မလေးက သူငယ်လေးမှာ မိမိထက် ဆင်းရဲကြောင်း ရိပ်မိသဖြင့် လွန်စွာ သနားလာပြီးလျှင် "ဪ... အဖေ အမေ နှစ်ယောက်စလုံး မရှိဘူးလား၊ မင့်ဦးလေးက မင့်ကို မနှိပ်စက်ဘူးလား"
သူငယ်... "နှိပ်တော့ မနှိပ်စက်ပါဘူး၊ အရီးကတော့ အင်မတန် စိတ်တိုတယ်၊ ဦးလေးက အလုပ်သွားနေရလို့ အရီး ရိုက်မှာစိုးလို့ ကျောင်းကို ပို့ထားတယ်၊ ဦးလေးက ပိုက်ဆံကလေးများ ပေးရင် အရီးက စိတ်ဆိုးတယ်" ဟု ညှိုးငယ်စွာ ပြောလေ၏။
ထိုအခါ သူငယ်မလေးသည် သူငယ်လေးကို သာ၍ ကရုဏာသက်သော မျက်နှာဖြင့် ကြည့်၍ နေလေ၏။ စကားဆုံးသောအခါ "လာ ဟိုဘက်လမ်းထိပ် သွားကြည့်ရအောင်၊ ရန်ကုန်မှာ လူတွေ အင်မတန် ရှုပ်တယ်နော်၊ ကြည့်ရတာ ပျော်စရာမကောင်းဘူးလား သွားကြည့်ရအောင်" ဟု ပြောကာ ကမ်းနားဘက်သို့ သွားလေရာ သူငယ်ကလေးသည် စကားမပြောဘဲ လိုက်သွားလေ၏။
ကမ်းနားသို့ ရောက်သောအခါ နှစ်ယောက်သား တခုသော သစ်ပင်ရိပ်တွင် ရပ်ကာ အပြင်ဘက်ကို ကြည့်၍ နေကြလေ၏။ ထိုအတွင်း မြစ်ဘက်မှာ ဝှေ့တိုက်လာသော လေသည် သူငယ်ကလေးနှင့် သူငယ်မကလေးတို့ ရှိရာသို့ အေးမြစွာ ဖျန်းပက်၍ လာလေ၏။ သူငယ်ကလေးသည် လေထဲတွင် ပျော်ရွှင်စွာ ပြေးလေရာ သူငယ်မကလေးသည်လည်း ပြေးလိုက်လေ၏။ ထို့နောက် အနီးရှိ ကုလားဆိုင်တဆိုင်သို့ သူငယ်မကလေးနှင့် ဝင်ကြပြီးလျှင် ပါတာနီများနှင့် သကြားလုံးများကို သူငယ်မကလေးသည် ဝယ်လေရာ သူငယ်ကလေးသည် ပိုက်ဆံပေးလိုသော လက္ခဏာဖြင့် မိမိအိတ်ထဲသို့ နှိုက်ကာနှိုက်ကာ ရှက်ကိုးရှက်ကန်းဖြစ်၍ နေလေ၏။ သို့သော်လည်း သူငယ်မကလေးသည် မိမိကိုင်ထားသော လက်ကိုင်ပဝါထဲက ပိုက်ဆံများကို ဖြေ၍ ပေးပြီး… "လာလာ ဟိုအနား သွားရအောင်" ဆိုပြီး ညောင်ပင်လေးဆိပ် တံတားသို့ ပြေးသွားကြလေ၏။ ရောက်သွားသောအခါ တခုသောသစ်ပင်ရိပ်တွင် သူငယ်မကလေးက ထိုင်လေရာ သူငယ်ကလေးသည် ရပ်၍ နေလေ၏။ သူငယ်မကလေးက "လာထိုင်လေ" ဟု ပြောကာ လက်ကိုင်ပဝါကလေးနှင့် သကြားလုံး ပါတာနီတို့ကို ရှေ့၌ ဖြန့်ကာ "စားလေ စားပါ" ဟု ပြောကာ မိမိက စ၍ စားလေ၏။
သူငယ်ကလေးသည်လည်း အနည်းငယ်တိုး၍ ရဲလာပြီးလျှင် ထိုင်၍ စားလေ၏။
သူငယ်ကလေးက "မင်းတို့ ထားဝယ်ဆိုတာ ဘယ်မှာလဲ" ဟု မေးလေရာ၊ သူငယ်မကလေးသည် နေရာမှထ၍ ပင်လယ်ဝဘက်သို့ လက်ကလေးကို ဆန့်ကာ ခြေဖျားကလေးထောက်လျက် "ဟော ဟိုဘက်မှာ ဟော ဟိုဘက်မှာ" ဟု စိတ်အားထက်သန်စွာ မျက်လုံးများ ဝင်းထိန်ကာ ပြရှာလေ၏။ ထို့နောက် သူငယ်ကလေးကို ကြည့်ပြီး "တို့ ထားဝယ်မြို့ဟာ အင်မတန် ပျော်စရာကောင်းတယ်၊ ပင်လယ်ကြီးကလည်း အကျယ်ကြီးပဲ၊ ကျွန်းကလေးတွေကလည်း အင်မတန် လှတာ၊ တို့ ထားဝယ်မှာလေ ဒူးရင်းသီးတွေ ပေါတယ်၊ စားစရာ အမျိုးမျိုး ရှိတယ်၊ တို့နေတဲ့ အိမ်ခေါင်းရင်းမှာ ရှိတဲ့ သစ်ပင်ပေါ်မှာ မနက်မိုးလင်းတိုင်း ငှက် အမျိုးမျိုး လာပြီးနားတယ်၊ ငှက်သံတွေက ညံလို့ အင်မတန် ပျော်စရာ ကောင်းတာပဲ၊ ပြီးတော့ ပင်လယ်ကမ်းနားမှာလည်း ခရုတွေ အမျိုးမျိုး ရှိတယ်၊ လှကလှနဲ့… ခရုကြီးကြီးတွေ ခရုငယ်ငယ်တွေ၊ ခရုပြောင်ပြောင် ချောချောကလေးတွေ ကျောက်ခဲ ဝိုင်းဝိုင်းကလေးတွေ ရွှေကျောက်ကလေးတွေ၊ ငွေကျောက်ကလေးတွ အင်မတန် ပေါတာပဲ၊ ဖေဖေဖြင့် တယောက်တည်း နေရတာ မေမေ့ကို အင်မတန် အောက်မေ့မှာပဲ၊ တို့ ထားဝယ်မြို့ဟာ သိပ်ပြီး လွမ်းစရာကောင်းတယ်... လိုက်မလား" ဟု မျက်ရည်ကလေး တလည်လည်နှင့် ပြောလေရာ သူငယ်ကလေးသည် စကားတလုံးကိုမျှ မပြောနိုင်ဘဲ အလွန် ချစ်ခင် သနားစရာ အမူအရာ မျက်နှာထား အမျိုးမျိုး ပြောင်းလဲကာ ရှိုက်ကာ ရှိုက်ကာ ခပ်ဝဲဝဲကလေး ပြောတတ်သူ သူငယ်မကလေး၏ ချစ်ဖွယ်သော မျက်နှာကလေးကိုသာ စိုက်ကြည့်ရင်း မိန်းမော ၍ နေရှာလေ၏။ သူငယ်မကလေးမှာ ဝိုင်းဝိုင်းပြည့်ပြည့်၊ မဝမပိန်၊ အသားဝါဝါ၊ မျက်နှာသွယ်သွယ်၊ မျက်လုံးမျက်ကွင်း ကျယ်ကျယ်၊ မျက်တောင်ကော့ကော့၊ နှာတံကျော့ကျော့၊ နှုတ်ခမ်းနီနီ၊ သွားညီညီနှင့် အယဉ်အလှ ရောစပ်သူကလေး ဖြစ်လေရကား သူငယ်ကလေးမှာ မိမိ ဆင်းရဲငြိုငြင်သောဘဝကို ဖြေဖျော်ရန် လာသော နတ်ကညာကလေးကဲ့သို့ မှတ်ထင်နေကာ အလွန်တရာ သာယာရှုမော ရူပါရုံရေကြောဝယ် နစ်မွန်း မျောပါ၍ နေသကဲ့သို့ ဖြစ်လေ၏။
ထိုအတွင်း သူငယ်မကလေးသည် "ဟော... ခေါင်းလောင်းသံပင် ထင်ပါရဲ့ ကျောင်းတက်တော့မယ်" ဟု ပြောကာ လက်ကိုင်ပဝါကလေးကို ကုန်း၍ ကောက်ကာ ကျောင်းဘက်သို့ ပြန်၍ပြေးလေ၏။ သူငယ်ကလေးသည်လည်း နောက်က အပြေးလိုက်ရင်း "မင်းနာမည် ဘယ်သူလဲ" မေးလေရာ ပြုံးချိုသောမျက်နှာနှင့် နောက်ကိုလှည့်ကြည့်ကာ "ရီရီ ရီရီ" ဟု အော်၍ ပြေးလေ၏။
ထိုနေ့ ညနေ ကျောင်းလွှတ်သောအခါ သူငယ်ကလေးသည် ကျောက်သင်ပုန်းကလေးကို ကိုင်ကာ ကျောင်းမှ ဆင်းလာလေ၏။
လမ်းထဲသို့ ရီရီနှင့်အတူ လျှောက်သွားကြလေ၏။ လမ်းထိပ်သို့ ရောက်သောအခါ လမ်းခွဲ၍ သွားကြမည်ပြုရာတွင် ရီရီက "မင်းနာမည် ဘယ့်နှယ်ခေါ်တယ်" ဟု မေးလေရာ သူ့ငယ်ကလေးက "နေဝင်းလို့ ခေါ်တယ်" ဟု ပြောလိုက်လေ၏။
ထိုနေ့ညဉ့် အိမ်သို့ရောက်သောအခါ မောင်နေဝင်းသည် အခါတပါးသော နေ့များထက် အနည်းငယ် ပိုမို၍ စိတ်လက်ရွှင်ပျလေ၏။ အကြောင်းမူကား မိမိ ညှိုးငယ်သောဘဝ၌ စိတ်ကို ဖြေဖျော်သူ ဖြစ်သော ရီရီဆိုသူ သူငယ်မကလေးတယောက်နှင့် အသိမိတ်ဆွေ ဖြစ်ခဲ့လေ၏။ အရီးဖြစ်သူကား မိမိ ကလေးနှစ်ယောက်ကို လွန်စွာချစ်သူ ဖြစ်လေ၏။ မိမိ၏လင်ယောက်ျားဘက်က စပ်၍ တူတော်သော မောင်နေဝင်းကိုမူ မိမိကလေးများကို ချစ်သလောက် မုန်း၏။ သို့ဖြစ်၍ ကလေးနှစ်ယောက်ကို ချစ်ခြင်းနှင့် မောင်နေဝင်းအပေါ်၌ မုန်းထားခြင်းကို ချိန်စက်၍ကြည့်လျှင် ချိန်ခွင်လျှာ ဘောင်ကိုက်၍ နေလေ၏။ မောင်နေဝင်း၏ ဦးလေးသည်ကား မိမိ၏တူကလေးကို ထိုကဲ့သို့ ယုံကြည်သည့်အထဲတွင် ကိုယ်တိုင်က သောက်စား ယစ်မူးခြင်း အလေ့ဝါသနာကို မဖြတ်နိုင်သူ ဖြစ်လေရကား နမော်နမဲ့ ဆိုသလို နေမိလေ၏။ အခါများစွာမှာလည်း မိမိအပေါ်၌ သောက်စားသုံးစွဲသော အပြစ်ရှိသည်ကို သိလျက် မယား မဆူမပူအောင် ကြံစည်ရသဖြင့် မိမိကိုယ်တိုင်၏အရေးသည် တူသယ်ကလေး မောင်နေဝင်း၏အရေးထက် မိမိမှာ ပို၍ ကြီးလေ၏။ ဦးလေး၏အမည်မှာ ကိုမောင်မောင် ဖြစ်လေ၏။ ထိုနေ့၌ စာရေးကြီး ကိုမောင်မောင်သည် သောက်စား ပျော်ပါး၍ နေသဖြင့် အိမ်ကို မပြန်လာသောကြောင့် အရီး မခင်သည် အိမ်တွင် တဆူဆူ တဆောင့်ဆောင့်နှင့် နေလေရာ မောင်နေဝင်းမှာ စိတ်လက်ပျော်ရွှင် သာယာခြင်း ပျောက်ပျက်၍ နတ်ပြည်မှ ငရဲပြည်သို့ ပြန်၍ လာရသကဲ့သို့ဖြစ်လေ၏။ မောင်နေဝင်းသည် ကျောင်းသားသူငယ်တို့ဘာဝ အိမ်သို့ရောက်သောအခါ ကြောက်ရွံ့လျက် ထမင်းဆာသည် ဟူ၍ မပြောဝံ့၊ မီးဖိုထဲကိုလည်း ဝင်ရောက်ရှာဖွေ၍ မစားဝံ့ဘဲ လှေကားထစ်တွင် ထိုင်ကာ ရီရီကို တွေးတော၍ နေလေ၏။ ထိုအတွင်း ဝလင်စွာ စားသောက်ပြီးသော ကလေးနှစ်ယောက်မှာ ရေမိုးချိုး၍ အဝတ်သစ် အစားသစ်များကို ဝတ်ကြလျက် အိမ်ရှေ့တွင် သုံးဘီးစက်ဘီး တခုစီ စီးနင်းကာ ပျော်ရွှင်ကစား၍ နေကြလေ၏။ ထိုညီအစ်ကိုတော် ကလေးနှစ်ယောက်အနက် တယောက်မှာ မောင်နေဝင်းနှင့် ရွယ်တူဖြစ်၍ အင်္ဂလိပ်ကျောင်း၌ နေလေ၏။ ၎င်းနာမည်သည်ကား မောင်မောင်ကြီး ဖြစ်လေ၏။ အငယ်ကလေးကို မောင်မောင်ကလေးဟု ခေါ်လေ၏။ မောင်နေဝင်းသည် မောင်မောင်ကြီးနှင့် မောင်မောင်ကလေး တို့၏ ပျော်ရွှင်စွာ ကစားနေကြသည်ကို ကြည့်ရှုကာနေသည့်အခါ မိမိ၏ ဆင်းရဲဒုက္ခသည် သာ၍ ဝန်လေးခြင်း ဖြစ်လေ၏။
မခင်သည် အသက်သုံးဆယ်နီးနီးခန့်ရှိ၍ ပုပုအိုင့်အိုင့် ခက်ထန်သော မျက်နှာထား ရှိလေ၏။ စူးဝါးသောအသံ ရှိ၏။ လွန်စွာ စိတ်ဆိုးလွယ်၏။ မောင်နေဝင်းကို မိမိ၏သားလေးများ ဝတ်ပြီးသော အစုတ်စုတ် အပြတ်ပြတ် ဖြစ်သော အဝတ်စုတ်များနှင့် ဆင်ယင်ကာ ထမင်းကျန် ဟင်းကျန် မပူမနွေး အအေးများကို ကျွေးရသဖြင့် မိမိမှာ လွန်စွာ ဝန်လေးလျက် မောင်နေဝင်းကို မြင်ရသည့် အခါတိုင်း စက်ဆုပ်ရွံရှာ၏။ သို့သော်လည်း ငါတို့မှာ လူဝင်စားတယောက်၏ အနှောင့်အယှက်မှ လွတ်မည်ဟု တွေးတောကာ နေလေ၏။ (သို့သော်လည်း ပလိပ်နာတို့မည်သည် အမုန်းခံရသော လူတို့ကို ဖမ်းစားတတ်သည်ထက် အချစ်ခံရသောသူတို့ကို သာ၍ ဖမ်းစားတတ်ကြ၏။ လူလိုမှ နတ်လို ဟူသော စကားအရ လူမုန်းလျှင် နတ်ဆိုးနတ်ဝါးများလည်း မုန်းသဖြင့် အမုန်းခံရသူတို့ကို ဆောင်ခြင်း၊ ခေါ်ငင်ခြင်း မပြုလိုကြချေ။ အခါများစွာ မကောင်းသော ကျိန်ဆဲခြင်းသည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော ဂါထာကဲ့သို့ ဖြစ်သောကြောင့် မောင်နေဝင်းမှာ လွန်စွာ ကျန်းမာလျက် ထမင်းကို များစွာ စားနိုင်သော ကလေးတယောက် ဖြစ်လေ၏) အကြောင်းမူကား သရေစာကို စားရသောကလေး မဟုတ်ချေ။
သို့သော် သရေစာကို မစားရသဖြင့် ထမင်းစား၍ ကောင်းခြင်းသည် မခင်၏ ထင်မြင်ချက်အရ စော်ကားမော်ကား ပြုခြင်းကဲ့သို့ ဖြစ်လေ၏။ အရှက်နည်းခြင်းကဲ့သို့ ဖြစ်လေ၏။ ယုတ်မာခြင်းကဲ့သို့ ဖြစ်လေ၏။ အမျိုးယုတ်ခြင်းကဲ့သို့ ဖြစ်လေ၏။
သို့ဖြစ်၍ စစ်စီသော မခင်သည် မောင်နေဝင်း မြိန်ရေရှက်ရေ ထမင်းစားသည်ကို မြင်ရသည့်အခါ မျက်လုံးမျက်ဆန်ပြူးကာ အသည်းနှလုံးတုန်လျက် ငါတို့ မွဲတော့မယ်၊ ငါတို့ ငတ်တော့မယ်၊ ငါတို့ ဘေးသင့်တော့မယ်၊ ဒီကောင်ကလေးဟာ ကြာရင် ငါတို့ တအိမ်သားလုံးပါ စားမျိုမယ့် ကောင်ကလေးပါတကားဟု တွေးတောကာ ထိတ်လန့်နေရှာလေ၏။
မောင်နေဝင်းသည် လှေကားမှာထိုင်၍နေစဉ် မခင်က "ဟဲ့ ကောင်လေး… ထမင်းမစားသေးဘူး ခူးဆက်နေရဦးမလား၊ နင့်ဦးလေး ပြန်လာရင် ငါ့ကို ရန်တိုက်ပေးမလို့ ဉာဏ်ဆင်နေသလား၊ အိမ်မှာ ကျက်သရေမရှိ ကျက်သရာမရှိ၊ မှိုင်နေတာကို မကြည့်ချင်ဘူး" ဟု ကြိမ်းမောင်းလေရာ မောင်နေဝင်းသည် ကြောက်အားနှင့် ပျာယီးပျာယာ ထကာ စကားတလုံးမျှ မပြောဘဲ မီးဖိုထဲသို့ ဝင်ပြီးလျှင် ရှာဖွေခြစ်ခြုတ်၍ စားလေရာ မိမိဦးလေးအတွက် ထမင်းဟင်းများ ခူးခပ်ထားသဖြင့် အိုးထဲမှာ အကတ်အသတ်မျှသာ ကျန်လျက် ခြစ်ခြုတ်ကာ ဟင်းအိုးများကို နယ်ဖတ်၍ စားရလေ၏။
စားပြီးနောက် အပြင်ကို ထွက်သွားသောအခါ မခင်သည် မီးဖိုခန်းထဲသို့ ဝင်ကြည့်ပြီးလျှင် အိုးများ ပြောင်၍နေသည်ကို တွေ့ရလျက် "စားလိုက် သောက်လိုက်တာက ခွေးယက်သလို အရမ်းစားတာပဲ။ တသက်လုံး ကောင်းစားမဲ့ အကျင့်ပါပဲ။ အမျိုးကိုက အင်မတန် ယုတ်မာတဲ့အမျိုးကလား၊ သူ့ဦးလေးလို လာမှာပါပဲ" စသည်ဖြင့် ပြောဆိုလေ၏။ မောင်နေဝင်းသည်ကား ထိုစကားများကို နားထောင်ကာ အိမ်အောက်သို့ ဆင်းသွားပြီးလျှင် လှေကား၌ ကုတ်ကုတ်ကလေး ထိုင်၍ နေလေ၏။
မောင်နေဝင်းသည် ပြုပြုပြင်ပြင် မနေရသောကြောင့် ရုပ်ရည်မလှသကဲ့သို့ ထင်မှတ်ရ၏။ သို့သော်လည်း ကိုယ်လုံးကိုယ်ထည်မှာ ခံ့ညားလျက် ကြီးလျှင် ယောက်ျားကောင်း ပီသမည့် သူတယောက် ဖြစ်လေ၏။
မောင်နေဝင်းသည် မြန်မြန် မိုးချုပ်ပါစေ၊ မြန်မြန် မိုးလင်းပါစေ ဟူ၍သာ ဆုတောင်း၍နေလေ၏။ အကြောင်းမူကား ကျောင်းကိုသွား၍ ရီရီနှင့် အတူနေရခြင်းသည် နတ်ပြည်သို့ ရောက်သကဲ့သို့ ဖြစ်နေ၍ နေအိမ်၌ နေရခြင်းသည် ငရဲနှင့် တူလေ၏။ သို့ဖြစ်၍ မောင်နေဝင်း၏ဘဝသည် အသူရကာယ်ပြည်၌ နေရသောဘဝကဲ့သို့ ဖြစ်လေ၏။ မောင်နေဝင်းသည် မိုးမချုပ်နိုင်သောကြောင့် "အရီး၊ ကျွန်တော် ဟိုဘက်ကို လျှောက်ပါရစေ" ဟု ပြောလေရာ အရီးဖြစ်သူက "ကောင်းလှပါပြီတော်၊ ပြန်လို့မလာဘဲနေနေ" ဟု ငေါ့ကာ ပြောလိုက်သဖြင့် မောင်နေဝင်းသည် ရီရီနေသော အတန်းဘက်သို့ ယောင်ပေ ယောင်ပေ လျှောက်၍သွားကာ ရီရီကို တွေ့များ တွေ့လေမလားဟု ကြည့်ရှုလေ၏။
သို့သော်လည်း ရီရီကို မမြင်ရမီ နေကျသွားသောကြောင့် အိမ်သို့ ပြန်သွားရလေ၏။ နောက်တနေ့ ကျောင်းသို့ ရောက်သောအခါ ရီရီတို့လမ်းဘက် မနေ့က မိမိ ရောက်လာကြောင်းကို ပြောပြလေရာ ရီရီက မနေ့ညနေက မိမိ အဘွားကြီးနှင့် ဆူးလေဘုရားလမ်းကို သွားနေကြောင်း ပြောပြလေ၏။
မောင်နေဝင်းနှင့် ရီရီသည် ကျောင်း၌ တတန်းတည်း နေကြရသည့်ပြင် ဉာဏ်ရည်ချင်း တူညီသောကြောင့် အတူတကွ ယှဉ်၍ ထိုင်ရလေ၏။ စာသင်ရာ၌လည်းကောင်း၊ အတွက် တွက်ရာ၌ လည်းကောင်း အခက်အခဲတွေ့လျှင် တယောက်ကိုတယောက် တိုင်ပင်ကြရလေ၏။
နှစ်ယောက်သော ကလေးတို့သည်လည်း တနေ့ထက် တနေ့ တိုး၍ ခင်မင်ကြင်နာစွာ နေကြလေ၏။
မောင်နေဝင်းနှင့် ရီရီတို့သည် ကျောင်း၌ ခြောက်လခန့် အသိအကျွမ်း ဖြစ်နေကြ၏။ တနေ့သ၌ နေ့လယ်ကျောင်းအဆင်းတွင် ရီရီသည် ညှိုးငယ်သော မျက်နှာကလေးနှင့် မောင်နေဝင်း၏အနီးသို့ လာပြီးလျှင် "မောင်နေဝင်း ကမ်းနားဘက်ကို လျှောက်ကြရအောင်ကွယ်" ဟု ပြောလေ၏။ မောင်နေဝင်းသည် ရီရီ၏မျက်နှာ မသာယာသည်ကို မြင်ရလျက် "ရီရီ ဘာဖြစ်လို့ မျက်နှာအိုရသလဲ၊ အခါတိုင်း မြင်ရတာနဲ့ မတူပါကလား" ဟု မေးလေ၏။
ရီရီက မောင်နေဝင်း၏ မျက်နှာကိုကြည့်လျက် "ဟိုအနားကျမှ ပြောမယ်၊ လိုက်သာလိုက်ခဲ့ပါ မောင်နေဝင်းရယ်" ဟု ပြောသဖြင့် အတူတကွ ထွက်သွားကြလေရာ မြစ်ဆိပ်ကမ်းနားသို့ ရောက်သွားကြလေ၏။ ကမ်းနားသို့ ရောက်သောအခါ ညောင်ပင်ကလေး ဆိပ်ခံတံတားအနီးတွင် ထိုင်ကြလျက် စကားမပြောဘဲ မြစ်ဘက်ကို ငေးမော၍ နေကြလေ၏။ ထိုကဲ့သို့ ငါးမိနစ်လောက် နေပြီးမှ ရီရီက "မောင်နေဝင်း ငါ သွားရတော့မယ်" ဟု ပြောလေ၏။
မောင်နေဝင်းသည်ကား သတင်းထူး တခုခုကို ဧကန်ကြားရတော့မည်ဟု ယုံကြည်နေသဖြင့် လွန်စွာ အံ့အားမသင့်ဘဲ "ဘယ်ကိုသွားမလဲ ရီရီ" ဟု ရီရီ၏မျက်နှာကိုကြည့်ကာ မေးလေ၏။
ရီရီသည် မောင်နေဝင်း၏မျက်နှာသို့ မျက်ရည်လည်လည်နှင့် ကြည့်ပြီး အသံကလေး တုန်တုန်နဲ့ "ရီရီ ထားဝယ်ကို သွားရမယ်၊ ဖေဖေ ကောင်းကောင်း မမာလို့ ရီရီကို သံကြိုးရိုက် မှာလိုက်တယ်၊ ဘွားဘွားလည်း လိုက်ရလိမ့်မယ်"
မောင်နေဝင်းသည် ထိုစကားကို ကြားရသောအခါ မိမိ၏ပတ်ဝန်းကျင်ရှိ လောကတခုလုံး၌ မှောင်ကြီးကျသကဲ့သို့ ဖြစ်သွားသည့်ပြင် ရီရီ၏ချစ်ဖွယ်သော မျက်နှာလေးကို မမြင်ရသော နေ့များသည် သုသာန် သင်္ချိုင်း၌ နေရမည်ဖြစ်သော နေ့များကဲ့သို့ ဖြစ်ချေတော့မည်ဟု သိလျှင် နှလုံးကို မီးအုံးသကဲ့သို့ ဖြစ်သွားလေ၏။ "အဟုတ်ပဲလား ရီရီရယ်၊ ဘယ်နေ့ကို သွားရမှာလဲ" ဟု ရီရီ၏လက်လေးများကိုကိုင်ကာ မေးလေ၏။ ရီရီသည် လက်ကလေးများကို ငြိမ်သက်စွာ အကိုင်ခံလျက် "နက်ဖြန်ခါကိုပဲ သွားရတော့မယ်၊ အင်မတန် အရေးကြီးနေတယ်" ဟု ပြန်ပြောလေ၏။ မောင်နေဝင်းက "ဘယ်လောက်ကြာကြာ ထားဝယ်မှာ နေရမှာလဲ၊ ဘယ်တော့ ပြန်လာမှာလဲ"
"ရီရီ သေသေချာချာ မသိဘူး၊ ဖေဖေက ရီရီကို ဘယ်လို နေရာချထားမယ်ဆိုတာကို မသိရသေးဘူး၊ ဖေဖေ စီမံသလို ခံရမှာပဲ" ဟု မောင်နေဝင်း၏မျက်နှာကို မကြည့်ဘဲ မြေကြီးကို ငုံ့၍ ကြည့်ကာ ပြောရှာလေ၏။
မောင်နေဝင်းသည်လည်း စကားမပြောဘဲ ဆိတ်ငြိမ်စွာ တွေဝေငေးမောလျက် စိတ်လက် ညှိုးငယ်သော အမူအရာနှင့် ရီရီ၏ လက်ကလေးများကို လွှတ်လိုက်၏။
ထိုအတွင်းတွင် အနောက်တောင်ထောင့်ဘက်မှ ညိုမှိုင်းကာ တိမ်ညိုကြီးသည် ကောင်းကင်သို့ တက်၍ လာလေ၏။
မိုးသက်လေသည်လည်း တဖျပ်ဖျပ် ဝှေ့တိုက်ကာ လာလေ၏။
ထိုအခါ နေဝင်းသည် ရီရီလက်ကို တဖန်ဆွဲကိုင်ပြန်လျက် နှစ်ယောက်သား ထိုမည်းမှောင် ညိုမှိုင်းသော တိမ်တိုက်ကြီးကိုသာ ကြည့်၍နေလေ၏။ မြစ်ပြင်၌ ငွေအဆင်းပမာ ဖြူစင် ဖောင်းကားသော ရွက်များကို ဖြန့်ကာ သွားလာနေရသော လှေငယ်တက်စင်း တုံကင်းကြီးငယ်တို့မှာ ညိုမှိုင်းသော ကောင်းကင်၏ရှေ့၌ အထင်းသားပေါ်၍ နေကြလေ၏။
ထို တိမ်ပုပ် တိမ်ခဲနှင့် မိုးသက်လေတို့သည် မောင်နေဝင်းနှင့် ရီရီတို့၏ တသက်တွင် အပြီးသတ် ကွေကွင်းအောင် ခွဲဝှေ့တိုက်ခိုက်မည်ကို ပြသော နိမိတ်ပေလား။
ကလေးနှစ်ယောက်တို့သည် တယောက်နှင့်တယောက် ငယ်ရွယ်သူတို့သဘာဝ ချစ်ခင်ကြင်နာကြ၏။ ထိုချစ်ခင်ကြင်နာခြင်းသည် ငြိမ်သက်သော ရေကြည်ရေအေးပမာ လှုပ်ရှားခြင်း မရှိချေ။ အနှောင့်အယှက်တည်းဟူသော မိုးသက်လေဝင်၍ ဆင်သောအခါ ငြိမ်သက်သာကြည်သော ချစ်ခြင်းသည် လှုပ်ရှားထကြွ မငြိမ်မသက်သော ချစ်ခြင်းဘဝသို့ ရောက်လေ၏။ (ရင့်သော ငှက်ပျောသီးတို့သည် အပင်၌ နေသည့်အခါ စိမ်း၍ နေ၏။ ထို့အတူ သူငယ်တို့၏ ချစ်ခြင်းသည် နဂိုအတိုင်းထားလျှင် စိမ်း၍ နေ၏။ အပူသောကကလေးတွေ တွေ့ကြရမည် ဖြစ်သောအခါ ဝင်းမှည့်ကာ ချိုမြိန်သော အချစ်၏ရသာရနံ့ ထွက်ပေါ်စေ၏) မောင်နေဝင်းသည် ရီရီ၏ လက်ကလေးများကို အထက်ထက်က ကိုင်ဖူးသော်လည်း စိတ်၌ တစုံတရာမျှ လှုပ်ရှားခြင်း မရှိချေ။ ယခုသည်ကား မောင်နေဝင်းမှာသာ မဟုတ်၊ ရီရီမှာလည်း လက်ခြင်း ထိရခြင်း၏ အဖိုးအနဂ္ဃကို စ၍ သိကြလေ၏။ ထိုကလေးနှစ်ယောက်တို့၏ဘဝသည် ဤနေရာ၌ ကြီးစွာသော ပြောင်းလဲခြင်း အဖြစ်သို့ ရောက်လေ၏။ သို့သော်… ထိုပြောင်းလဲခြင်းသည် အဘယ်မျှလောက် အရေးကြီးသော ပြောင်းလဲခြင်း ဖြစ်သည်ကို မရိပ်မိရှာကြချေ။ အကြောင်းကိုဆိုသော်... (ချစ်ခြင်းတည်းဟူသော ဂဟေသည် ထိမ်းမြားမင်္ဂလာ စာချုပ်ထက် ခိုင်ခံ့သောအရာ ဖြစ်လေ၏) ထို အေးမြရိပ်ငြိမ်သော နေရာ၌ နှစ်ယောက်သောကလေးတို့သည် တဦးကိုတဦး ကြင်နာစွာ ထွေထွေရာရာကို မပြောတတ်ကြငြားသော်လည်း ၎င်းတို့၏စိတ်ဓာတ်သည် လွန်စွာ စကားများလျက်နေ၏။ (နှုတ်ပါးစပ်၏ဆိတ်ငြိမ်ခြင်းသည် အခါများစွာ စိတ်ရင်း သဘောရင်း မပါသော အသံ စကား မြောက်မြားစွာတို့ထက် ပိုမို၍ အဓိပ္ပာယ်ရှိ၏) ၎င်းတို့သည် ပလီပလာ ပြောတတ်သော လူကြီးများကဲ့သို့ စကားမများကြသော်လည်း စိတ်ဖြင့် စကားပြောကြလေ၏။ စိတ်ဖြင့် ခိုင်မာသော ပဋိညာဉ်ကို ပြုကြလေ၏။ ထိုကဲ့သို့ ပြုသည်ကို ပဇ္ဇုန်နတ်သားများသည် ကောင်းစွာမြင်၍ ကောင်းကင်၌ ကြီးကျယ်ခမ်းနားစွာ ဆင်ယင်ခြယ်လှယ်လျက် သက်သေ အထိမ်းအမှတ်ကို ပြုကြလေ၏။ ၎င်းတို့နှစ်ဦး ချုပ်လုပ်သော စာချုပ်သည် လွယ်လင့်တကူ ပျောက်ပျက်သော ကလောင်စက္ကူနှင့် မင်၌ မတည်၊ ကမ္ဘာ မကုန်မခြင်း အမြဲတည်မည် ဖြစ်သော ကောင်းကင်၌ စိတ်၏တန်ခိုးဖြင့် ခိုင်မာသော စာချုပ်ကို ရေးချုပ် ပြုလုပ်ကြလေ၏။ ထိုကဲ့သို့ ရေးချုပ် ပြုလုပ်ခြင်းကိုလည်း နတ်များသည် ကောင်းစွာ သက်သေခံကြလေ၏။
ထိုအတွင်း ကလေးနှစ်ယောက်သည် ဆိတ်ငြိမ်စွာ နေကြပြီးမှ နေဝင်းက "ရီရီ မင်းတကယ် နက်ဖြန်ကို သွားတော့မှာဖြစ်ရင် ငါလိုက်ပြီး မပို့ရဘူးလား" ဟု မေးလေရာ ရီရီက "မင်းလိုက်ပို့ရင် ရီရီ အင်မတန် ကျေးဇူးတင်မှာပဲ၊ မင့်အိမ်က အခွင့်ပေးပါ့မလား" ဟု မေးလေရာ မောင်နေဝင်းက "ကိစ္စမရှိဘူး" ဟု ပြောလေ၏။ သို့ပင် ကိစ္စမရှိဘူးဟု ပြန်၍ ပြောလိုက်ရသော်လည်း များစွာ ကိစ္စရှိလေ၏။ အဘယ်ကြောင့်ဆိုသော် သင်္ဘောသည် မနက်စောစောကြီး ထွက်သောကြောင့် ကျောင်းတက်ချိန်လည်း မဟုတ်သဖြင့် မောင်နေဝင်းမှာ ရီရီကို လိုက်၍ပို့ရန် အတော် ခက်လေ၏။ ထိုအတွင်း ခေါင်းလောင်းသံ ကြားရသဖြင့် ကျောင်းကို ပြန်လေ၏။
ထိုနေ့ည၌ မောင်နေဝင်းသည် အိပ်ရာထဲတွင် ရီရီကို တွေးတောရင်း အိပ်ပျော်၍ သွားပြီးနောက် နံနက်လင်းအားကြီးအချိန်တွင် နိုးလေ၏။ နိုးလျှင်နိုးခြင်း ထ၍ မျက်နှာသစ်ပြီးလျှင် ရီရီတို့အတန်းသို့ သွားမည် အကြံပြုလေ၏။ အကယ်၍ သွားကြောင်းကို အရီးသိလျှင် အဘယ်ပုံ ပြောဆိုမည်နည်း။ ရီရီများ ထွက်သွားနှင့်လေသလား၊ ရီရီကို မီပါ့မလား။ သင်္ဘောဆိပ်ကို ရီရီတို့ မြင်းရထားနဲ့သွားရင် မိမိမှ မြင်းရထားခ မရှိသဖြင့် အဘယ်ပုံ လိုက်၍ ပို့မည်နည်း။ သင်္ဘောဆိပ်ကို လိုက်၍ ပို့ပြီးနောက် ပြန်လာရင် နေမြင့်၍ နေချေက အရီး ပြောဆို ကျိန်ဆဲလေမလား စသည့် အကြံများကို ကြံစည် တွေးတောကာ သူငယ်ကလေး မောင်နေဝင်းမှာ အခက်ကြုံ၍ နေလေ၏။
ယင်းသို့ တွေးတောပြီးနောက် နောင်ခါလာ နောင်ခါဈေး ဘယ်အရေးဖြစ်ဖြစ် ရီရီကိုဖြင့် ငါ လိုက်ပြီး ကြည့်ဦးမည်။ ငါသွား၍ မျက်နှာမပြရင် ရီရီ စိတ်နာလိမ့်မည် စသည်ဖြင့် တွေးတောကာ အိမ်ပေါ်မှ ဆင်းပြီးလျှင် ရီရီတို့လမ်းဘက်သို့ ပြေး၍သွားလေရာ ရီရီတို့အိမ်ရှေ့၌ မြင်းရထားတစင်း ရပ်၍ နေသည်ကို တွေ့ရလျက် မြင်းရထားနှင့် မနီးမဝေး နေရာတခုမှ ရပ်ကာ ကြည့်၍နေလေ၏။
အတန်ကလေးကြာသောအခါ မြှင်းရထားကုလားသည် သံသေတ္တာကြီးတလုံးနှင့် လက်ဆွဲခြင်းများကို ထမ်းပိုး ဆွဲကိုင်ကာ အိမ်ထဲမှ ထွက်လာပြီးလျှင် မြင်းရထားပေါ်သို့ ထိုပစ္စည်းများကို တင်လေ၏။ ထို့နောက် တဖန် ပြန်သွားပြီးလျှင် လက်ဆွဲချိုင့်တခု စားသောက်စရာထည့်သော တောင်းတလုံးနှင့် ရေတကောင်းတခုကို ယူလာပြီးလျှင် ရထားထဲသို့ တင်လေ၏။ ထိုအတွင်း "ရီရီ ကိုင်း မြန်မြန်လုပ်၊ ရထား စောင့်နေပြီ" ဟု ပြောလိုက်သော အဘွားကြီးတယောက်၏ အသံကိုလည်းကောင်း မောင်နေဝင်းသည် ကြားရ၏။ ရီရီ၏ သာယာသောအသံကို ကြားရသောအခါ နားထဲတွင် ဆိမ့်ချိုအေးမြကာ ရင်ထဲမှာလှိုက်ဖိုသွားလေ၏။ ထိုအသံသည် မောင်နေဝင်း၏စိတ်၌ အဘယ်အခါမျှ မမေ့မပျောက်နိုင်သောအသံ ဖြစ်လေ၏။ ထိုအသံသည် မောင်နေဝင်း၏ နား၌ အမြဲကြား၍ နေရမည် ဖြစ်သော အသံ ဖြစ်လေ၏။ ထိုအသံသည် နားဝမှ နှလုံးသားသို့ ရောက်ပြီးလျှင် အသွေးအကြော အားလုံးတို့သို့ ပေါက်ရောက်သော အသံ ဖြစ်လေ၏။ ထိုအသံကို ကြားသောအခါ မောင်နေဝင်းမှာ ရင်ထဲမှာ ဆို့၍ သွားပြီးလျှင် ရီရီ ထွက်ပေါ်၍ လာမည်ကို စိတ်အားထက်သန်စွာ ရှုမျှော်၍ နေ၏။
ယင်းကဲ့သို့နေခိုက်တွင် ရွှေခြေချင်းများနှင့် လှပစွာ ဝတ်ဆင်ဖြီးလိမ်း၍လာသော ရီရီသည် အေးချမ်းသောနံနက်၌ နေအရုဏ်ကိုမျှော်ကာ ကြည်လင်လတ်ဆက် ဝင်းထိန် တောက်ပစွာနေသော နှင်းဆီပန်းပမာလို ရွှင်ပျသာယာ ချစ်ဖွယ်သော မျက်နှာကလေးနှင့် လက်ကိုင်ပဝါကလေးကို ကိုင်ကာ မြင်းရထားရှိရာသို့ ပြေးထွက်၍ လာလေ၏။ ရီရီ၏ကိုယ်မှ ထွက်သော မွှေးကြိုင် သင်းပျံ့သောအနံ့သည် လတ်ဆတ်သော လေညင်းဖြင့် မောင်နေဝင်း၏နှာဝသို့ ရောက်၍လာလေ၏။ ထိုအခါ မောင်နေဝင်းသည် ရီရီဟုခေါ်ကာ အတင်းပြေး၍ လက်ဆွဲကာ နှုတ်ဆက်လိုက်ချင်၏။ သို့သော်လည်း စိတ်ကို ချုပ်တည်းလျက် ငြိမ်သက်စွာ ရီရီကိုသာ ကြည့်ရှု၍သာ နေရှာလေ၏။
ရီရီသည် မောင်နေဝင်းကို မြင်သောအခါ မြူးထူးရွှင်ပျသော မျက်နှာသည် တောက်ထိန်၍လာပြီးလျှင် တဖန် ဝမ်းနည်းသောလက္ခဏာဖြင့် ညှိုးငယ်၍ သွားရှာလေ၏။ ထိုအတွင်း ရီရီ၏ လက်ကိုင်ပဝါ ကလေးသည် မြေပေါ်သို့ ကျသွားလေရာ မောင်နေဝင်းသည် လက်ကိုင်ပဝါကလေးကို ပြေး၍ ကောက်ကာ ပြန်၍မပေးဘဲ မိမိအင်္ကျီအိတ်ထဲသို့ ထည့်ထားလိုက်လေ၏။ ရီရီသည် အနည်းငယ် အံ့အားသင့်၍နေပြီးမှ ဝမ်းနည်းစွာ ပြုံးပြီးလျှင် အခွင့်ပြုလိုက်ကြောင်းကို သိသာစေ၏။
ထို့နောက် ရီရီက အပါးသို့ကပ်ပြီး "မင်း သင်္ဘောဆိပ်ကို လိုက်ပို့မလား" ဟု မေးလေရာ မောင်နေဝင်းက "မင်းတို့ မြင်းရထားနဲ့ သွားမှာကိုး" ဟု ပြောကာ မိမိဝတ်ထားသော နွမ်းနယ်သော အဝတ်များကို ပြန်၍ ကြည့်လေ၏။ ရီရီသည်ကား စကားပြန်၍မပြောဘဲ နေလေ၏။ ထို့နောက် အိမ်ဘက်ကိုကြည့်ကာ ဘွားဘွားလာပြီဟု ပြောကာ မြင်းရထားပေါ်သို့ တက်သွားလေ၏။ မောင်နေဝင်းသည် ၎င်းရထား နံဘေးဘက်သို့ ရွှေ့ကာ ရပ်လျက် ရီရီကို တချက် တချက် ကြည့်ကာ မြေကြီးကို တချက် တချက် ကြည့်ကာ လွန်စွာ ဝမ်းနည်းဟန်နှင့် နေလေ၏။ ရီရီသည်ကား မောင်နေဝင်းကိုသာ သနားကြင်နာသော အမူအရာနှင့် ကြည့်၍နေလေ၏။
အတန်ကလေး ကြာသောအခါ အဘွားကြီး ရောက်လာပြီးလျှင် မြင်းရထားပေါ်သို့ တက်လေရာ မြင်းရထားသမားသည် တံခါးကိုပိတ်ပြီး မိမိ၏နေရာသို့ တက်၍ ထိုင်လေ၏။ ကြာပွတ်ကို ဝင့်လိုက်လေ၏။ ဇက်ကြိုးကို ကိုင်ကာ နှိုးလေ၏။ မောင်နေဝင်းသည် ရီရီကိုကြည့်ရင်း ရပ်၍ နေလေ၏။ ရီရီသည် မောင်နေဝင်းကို ရထားပေါ်ကနေလျက် မပြတ်အောင် ကြည့်၍သွားလေ၏။ မောင်နေဝင်းသည် လက်ကိုင်ပဝါကလေးကို လှုပ်၍ ပြလေ၏။ ရီရီမှာ မျက်နှာကလေးနီလျက် မျက်ရည်ကလေး လည်လည်နှင့် ပါသွားလေ၏။ အတန်ကြာသောအခါ ရီရီသည် ရထား ပြတင်းပေါက်မှ ခေါင်းပြူကာ နောက်ဆုံးသော ကြည့်ခြင်းဖြင့် မောင်နေဝင်းကို မြင်အောင် ကြည့်လေ၏။ မောင်နေဝင်းသည်ကား လက်ကိုင်ပဝါကလေးကို မျက်နှာသို့ကပ်ကာ နမ်းရှုပ်ပြလေ၏။ ထို့နောက် လမ်းအကွေ့တွင် ပျောက်၍ သွားလေ၏။
မောင်နေဝင်းသည် လက်ကိုင်ပဝါကလေးကို နမ်းလိုက်သောအခါ မွှေးကြိုင်သော ပေါင်ဒါနံ့ကို ရလျက် ရင်ထဲမှာ လှိုက်ခါဖို၍ သွားပြီးလျှင် မိမိ၏ရှေ့၌ ရီရီနှင့် ခြားနား၍ထားသော ကြီးစွာသော ပင်လယ်ကြီးကို ထင်မြင်ကာ ရီရီ... ရီရီ ရီရီကိုဖြင့် ဤဘဝမှာ တွေ့ရပါတော့မလားဟု တွေးတောမိလေ၏။ ကျောင်းကို သွားသောအခါ အခါတိုင်းကဲ့သို့ ရီရီကို တွေ့ရတော့မည် မဟုတ်ကြောင်း တွေးမိသောအခါ မိမိ၏စိတ်နှလုံးတွင် ကြီးလှစွာသော ပိဿာလေးကြီးကို တက်ချီ၍ ဆွဲထားသလို လွန်စွာမှ လေးလံ ပင်ပန်းပြီးလျှင် အလွန်တရာ ငြိုငြင်ဖွယ် ဖြစ်တော့မည့်နေ့များကို ကြိုတင် တွေးတောကာ စိတ်အားလွန်စွာငယ်လျက် ခေါင်းငုံ့ကာ မြေကိုကြည့်ရင်း အိမ်သို့ တဖြည်းဖြည်း ပြန်လာရှာရလေ၏။
ယင်းသို့ ပြန်လာရာ၌ တဖန် ပူပင်စရာ အရေးတခုကို တွေးတောမိပြန်လေ၏။ ထိုအရေးသည်ကား အခြားမဟုတ်၊ မတော်တဆ အရီးဖြစ်သူ အိပ်ရာကထနေလျှင် မိမိမှာ ကြီးစွာသောအပြစ် ဖြစ်တော့မည်ဟူသော စိုးရိမ်ခြင်း ဖြစ်လေ၏။ အိမ်အနီးသို့ ရောက်သောအခါ တစုံတယောက် နိုး၍နေသလားဟု ပူပင်ဇောနှင့် အိမ်ကို လှမ်းကြည့်လေရာ ကံအားလျော်စွာ မည်သူမျှ နိုးသေးသည့် လက္ခဏာမရှိကြောင်းကို တွေ့ရှိရလျက် အတော်ကလေး စိတ်အေးပြီး ငါ ချမ်းသာရာရပြီဟု တွေးတောကာ အိမ်ကို အပြေးရောက်အောင် ဝင်သွားလေ၏။
အိမ်သို့ရောက်သောအခါ လှေကားထစ်၌ ထိုင်ကာ ရီရီ၏လက်ကိုင်ပဝါကလေးကို ဖြန့်ကာကြည့်ရင်း ထွေရာလေးပါးတို့ကို တွေးတောကာ နေလေ၏။ ထိုလက်ကိုင်ပဝါ၌ နီသော ချည်မျှင်ကလေးနှင့် "ရီရီ" ဟု ထိုး၍ထားသော ပန်းစာလုံးကလေးနှစ်လုံး ရှိလေ၏။
အတန်ကြာစွာ လက်ကိုင်ပဝါကလေးကို ကြည့်နေပြီးနောက် ထိုလက်ကိုင်ပဝါလေးကို ရိုသေစွာ ခေါက်ပြီးလျှင် မိမိ၏အိပ်ရာသို့ ပြန်သွားပြီးနောက် မိမိ၏အဝတ်အစား ကစားစရာကလေးများနှင့် တိုလီမိုလီထားသော ဖာကလေးထဲသို့ ထိုလက်ကိုင်ပဝါကလေးကို နမ်းရှုပ်ပြီး သေချာစွာ ထည့်၍ ထားလိုက်လေ၏။ မောင်နေဝင်းသည် အထက်က နေ့အချိန်၌ ကျောင်း၌ စံ၍ ညနေအချိန် အိမ်သို့ပြန်ပြီး ဆင်းရဲဒုက္ခ ပူပင်ငြိုငြင်ခြင်းကို ခံရ၏။ ယခုမှာ ပြောင်းလဲခြင်းသို့ ရောက်လေ၏။ ထိုပြောင်းလဲခြင်း ဘဝသည်ကား နေ့အချိန် ကျောင်း၌ငြီးငွေ့လျက် ညအချိန် အိမ်တွင် ညှိုးငယ်စွာ နေရခြင်း ဖြစ်လေ၏။ ရီရီသည် ချစ်ဖွယ်ကောင်းလှသော ငှက်မလေးပမာ နေ့စဉ်နေ့တိုင်း မောင်နေဝင်း၏နားထဲသို့ တီတီတာတာ စကားကလေးများကို ပြောသဖြင့်လည်းကောင်း၊ အေးမြသော လရောင်အလင်းပမာ ထွန်းလင်းရွှင်ပျ ကြည်လင်လှသော မျက်နှာဖြင့်လည်းကောင်း ကျောင်း၌ မောင်နေဝင်း၏ စိတ်ကို နှစ်သိမ့်စေ၏။ နေ့လယ်အချိန် ကျောင်းလွှတ်သည့်အခါ ယခုမှာ နေ့ခင်းအချိန် ကျောင်းလွှတ်လျှင် ထိုကဲ့သို့ မပျော်ရသဖြင့် မောင်နေဝင်းသည် တရံတခါ ကမ်းနားဘက်သို့ တကိုယ်တည်း ထွက်ကာ အထက်ထက်က နှစ်ယောက် သွားလာဖူးသည့် နေရာများတွင် ရပ်ကာ ငေးမောလျက် ရီရီတို့၏ဒေသသည် အဘယ်ဘက်မှာ ရှိပါသနည်းဟု ပင်လယ်ဘက်သို့ ရော်ရမ်းကာ ကြည့်မိရှာလေ၏။
တရံတခါ မိုးတွေ လေတွေ ကျသည့်အခါ ရီရီကို သတိရလေ၏။ ညနေတွင် ကျောင်းဆင်းသောအခါ ရီရီ နေဖူးသော အတန်းဘက်သို့ လှည့်ကာ လျှောက်ပြီးမှ အိမ်ကို ပြန်၏။ သို့သော်လည်း စင်စစ် အမှန်မဟုတ် အတွေးနှင့် ဖြေဖျော်ရခြင်းသည် စိတ်လက်မပြေမူ၍ ပူဆွေးခြင်းကိုသာလျှင် တိုးတက်စေ၏။ မရှိသောအရာကို တမ်းတရခြင်းသည် တမ်းတရသူ၏စိတ်ကို ဟင်းလင်းဖြစ်၍ မောစေ၏။ မရသော အစာကို မျှော်ရခြင်းသည် ဝမ်းဗိုက်ကို တိုး၍ ဟာစေလျက် မွတ်သိပ်ခြင်းကို ပြင်းပြစေ၏။
မောင်နေဝင်းသည် ရီရီကို နေ့စဉ် တွေးမိ၏။ ထိုသို့ နေ့စဉ် တွေးမိသည်နှင့်အညီ စိတ်လက်ဆင်းရဲခြင်း ဖြစ်၏။ လွမ်းဆွတ် တမ်းတခြင်းသည် ငရုတ်သီးနှင့် တူ၏။ အကြောင်းမူကား ငရုတ်သီးကို စားလျှင် စပ်၏။ စပ်သော်လည်း စားချင်ကြ၏။ လွမ်းဆွတ်ခြင်းသည် ချဉ်သီးနှင့်လည်း တူ၏။ ချဉ်သီးကို စားလျှင် သွားကျိန်း၏။ သို့ပါလျက် စားချင်ကြ၏။ ထို့အတူ မောင်နေဝင်းသည် လွမ်းဆွတ်ခြင်းတည်းဟူသော ချဉ်၊ ငံ၊ စပ်၊ ခါး ရသာများ၌ ပျော်မွေ့နေ၏။ ပျော်မွေ့ခြင်းသည်ကား ဆင်းရဲဒုက္ခ ခံရခြင်းပေတည်း။
ရီရီထံက တနေ့နေ့၌ အကြောင်းကြားနိုးနိုး၊ ဓာတ်ပုံကလေးကို ပို့လိမ့်နိုးနိုး၊ ကိုယ်တိုင် ပြန်၍ လာနိုးနိုးနှင့် မောင်နေဝင်းသည် တွေးတောကာ တနိုးနိုးနေလေ၏။ သို့ကဲ့သို့ တနိုးနိုး နေရခြင်းဖြင့် အိပ်ပျက်၍ ကိုယ်လက် ချုံးသကဲ့သို့ ကိုယ်စိတ်နှစ်ပါးမှာ ကြုံလှီခြင်း ဖြစ်လေ၏။ သို့သော်လည်း ရက်လများသာ ကုန်လွန်ခဲ့၍ တစုံတရာသော သတင်းကိုမျှ မကြားရ၊ စာတိုပေစကိုမျှ မရ၊ ဓာတ်ပုံလေးကိုမျှ မမြင်ရလေသဖြင့် မောင်နေဝင်းမှာ အလွမ်းရှည်ကြီး လွမ်း၍နေလေ၏။ သို့ဖြစ်သောကြောင့် မောင်နေဝင်း၏ဘဝသည် ငြိုငြင်ဖွယ်ရာသော အိပ်မက်ကို မက်၍ နေရသော ညဉ့်တာရှည်ခြင်းနှင့် တူလေ၏။
ယင်းသို့ တစုံတရာမျှသော သတင်းကိုမျှ မရသဖြင့် ရီရီသည် ငါ့ကို မေ့လေပြီလား၊ ရီရီသည် ငါ့ကို သတိမရဘဲ ပျော်ရွှင်စွာနေလေပြီလား၊ တနေ့ မပြတ်မလပ် အမြဲ တွေးတောနေရသူ ဖြစ်သော ငါ့အား တရံတခါမှ သတိမရလေရော့သလား၊ ရီရီသည် ထားဝယ်မြို့မှာမှ ရှိပါဦးမလား၊ ရီရီ ကျန်းမာရဲ့လား၊ ရီရီသည် ငါ့ကို အခါခါ ကျေးဇူးပြု၍ ငါ့အား အခါခါ စားစရာတို့ကို ပေး၏။ ငါ၏စိတ်ကို အမြဲချမ်းသာအောင် ပြု၏။ ထိုကဲ့သို့ ပြုပြီးနောက် မေ့၍ နေ၏။ ကျေးဇူးအပြုခံရသူက မမေ့နိုင်၊ ဘယ်အခါကျမှ တွေ့ရပါမည်နည်း... စသည်ဖြင့် အဖန်ဖန် အခါခါတွေးတောရှာလေ၏။ ရီရီသည်ကား ဝေးသောအရပ်၌ ဆိတ်ငြိမ်စွာ နေလေသတည်း။
ယင်းကဲ့သို့ ခြောက်လလောက် ဆိတ်ငြိမ်စွာ နေပြီးနောက် တနေ့သ၌ စာသင်နေရာတွင် စာပို့ ကုလားတယောက် ရောက်လာ၍ အထုပ်တခုကို ဆရာအား ပေးလေ၏။ ဆရာသည် ထိုအထုပ်ကို ကြည့်ပြီး မောင်နေဝင်းကို ခေါ်၍ပေးလေ၏။ မောင်နေဝင်းသည် ရီရီထံက ပို့လိုက်တဲ့ အထုပ်ပဲဟု သိလျက် ရင်ထဲတွင် ဆွေ့ဆွေ့ခုန်ကာ ပြော၍ မဆုံးအောင် ဝမ်းသာလုံး ဆို့ပြီးလျှင် အနီး၌ရှိသော ကလေးသူငယ်တို့၏ မေးမြန်းခြင်းများကိုမှ ပြန်လှန်၍ မပြောနိုင်ဘဲ မျက်နှာများ ဝင်းထိန်ကာ၊ လက်များတုန်လှုပ်ကာ နှလုံးထဲက တဒိတ်ဒိတ်မြည်ကာ ထိုအထုပ်ကို ဖြေရှာလေ၏။ အကြောင်းမူကား ရီရီ၏ဓာတ်ပုံကလေးကို တွေ့ရမည်လား၊ စာကလေး တစောင်တလေကို ရလိမ့်မည်လားဟု တထိတ်ထိတ် နေလေ၏။
အထုပ်ကို ဖြေလိုက်သောအခါ ချောကလက်များ သကြားလုံးများကိုသာ တွေ့ရ၍ စာကို လည်းကောင်း၊ ဓာတ်ပုံကိုလည်းကောင်း မတွေ့ရသောအခါ ရင်ထဲ၌ ဆို့၍သွားပြီးလျှင် ထိုချောကလက်များနှင့် သကြားလုံးများကို မစားနိုင်ဘဲ အနီးအပါးရှိ ကလေးများအား နည်းနည်းစီ ဝေ၍ ပေးပြီး ကျန်သမျှကို ထိုအထုပ်နှင့်ပင် ပြန်၍ ထုပ်ထားပြီးလျှင် အိမ်ကို ပြန်သောအခါ မိမိ၏ ဖာကလေးထဲ၌ရှိသော လက်ကိုင်ပဝါကလေးနှင့် ထုပ်ကာ ဖာထဲတွင် ထည့်ထားလိုက်လေ၏။ ထိုနေ့မှစ၍ ထိုဖာကလေးသည် အဘယ်အခါမှ မောင်နေဝင်းနှင့် မကွဲဘဲ နေလေသတည်း။
ထို့နောက် အထက်နည်းအတိုင်း သတင်း တစုံတရာကိုမျှမကြားရဘဲ ရက်လများသည် တဖြည်းဖြည်း ကုန်လွန်၍ သွားပြန်လေ၏။ နောက်တနှစ်လောက် ကြာသောအခါ မောင်နေဝင်းမှာ ဦးလေးဖြစ်သူ ကွယ်လွန် အနိစ္စရောက်သဖြင့် အရီးဖြစ်သူက ကျောင်းမှာ ဆက်လက်၍ မထားဘဲ အိမ်မှာ လုံးလုံးကြီး အစေခံဖြစ်လျက် ညီအစ်ကိုတော်ကလေးများကို ကျောင်းသို့ ပို့လိုက်ခြင်း၊ ကျောင်းက ပြန်၍ခေါ်ခြင်း၊ ကျောင်းသို့ နေ့လယ်အချိန် လက်ဖက်ရည်များ ပို့ခြင်း၊ အိမ်၌ ချက်ပြုတ် လုပ်ကိုင်ရခြင်း၊ အကျိန်အဆဲ ခံရခြင်း၊ ထမင်း အကြွင်းအကျန်ကို စားရခြင်း၊ အဝတ် အစုတ်အပြတ်ကို ဝတ်ရခြင်း၊ ညဉ့်နက်မှ အိပ်ရခြင်း၊ မိုးမလင်းမီ အိပ်ရာမှ ထရခြင်း၊ ဈေးကို သွားရခြင်း၊ ဈေးဖိုးပိုက်ဆံ တိတ်တဆိတ် သုံးစွဲသည်ဆို၍ အရိုက်ခံရခြင်း၊ လူမိုက်၊ လူအ၊ လူနုံ၊ လူဆိုး၊ အုံ့ပုန်းမျိုး ဟူ၍ အပြောခံရခြင်းတို့ဖြင့် ရက်လများကို ကုန်လွန်စေပြီးနောက် မောင်နေဝင်းသည် တဖြည်းဖြည်း လူပျိုကလေးတယောက် ဖြစ်လာလေ၏။
လူပျိုကလေး ဖြစ်၍လာသော်လည်း အခြား လူပျိုကလေးများကဲ့သို့ မဝတ်ရ၊ အသက်မွေးမှုပညာ ဟူ၍လည်း တစုံတရာမျှ မတတ်မြောက်သဖြင့် လူလားမြောက်သင့်သော အရွယ်၌ လူလား မမြောက်ဘဲ စိတ်မကျေမနပ်သော မျက်နှာထား၊ အမြဲ စိတ်ဆိုး၍နေသော အမူအရာနှင့်သာ နေရသောကြောင့် အမှန်စင်စစ် ဆိုးသွမ်းမည်ဖြစ်သော လူကလေးတယောက်ကဲ့သို့ မှတ်ထင်ရ၏။ စင်စစ်အားဖြင့်လည်း ဆိုးသွမ်းစွာ ပြုမူခြင်းကို ခံရသူတို့သည် စိတ်လက် မကျေမချမ်းခြင်းကြောင့် ကမ္ဘာလောကကြီးတခုလုံးကို မုန်းထားကာ ကလဲ့စားချေချင်လျက် တစတစ အဆိုးစိတ်တွေ ပေါ်၍ လာရလေ၏။
မောင်နေဝင်းသည်လည်း အရွယ်ရောက်သဖြင့် မိမိ အရီးအိမ်မှ လွတ်မြောက်ပြီးလျှင် ရောက်မိရောက်ရာ ကိုယ့်ထူးကိုယ်ချွန် ရှာကြံကာ အသက်မွေးမှုပညာလည်း မရှိရှာ၊ စိတ်သဘောမှာလည်း အရီး၏ မုန်းထားစွာ ပြုမူခြင်းကြောင့် အဆိပ်ဓာတ် စွန်းငြိသောသူ၏ စိတ်ကဲ့သို့ ဖြစ်လျက် အဘယ်သို့သောအဖြစ်သို့ ရောက်ရှာသည်ကို နောင်အခါ မောင်နေဝင်းနှင့် ကျွန်ုပ်တို့ တဖန်ပြန်၍ တွေ့ကြရသည့်အခါ သိကြရဖို့ ရှိလေ၏။
ရန်ကုန်မြို့ လူထူထပ်သော လမ်းတလမ်း၌ သုံးထပ်တိုက် တတိုက်ပေါ်ရှိ ကျဉ်းမြောင်းသော အခန်းတခုထဲတွင် အခင်းမရှိသော စားပွဲထက်ပေါ်၌ လက်ဆွဲမီးအိမ်တခုသည် မလင်းသော အရောင်ဖြင့် အမှောင်ကို ဖယ်ရှားရန် အားထုတ်၍ နေရှာလေ၏။ ထိုအခန်း၌ လှပစွာ ဆင်ယင်သော ခန်းဆီးများ မရှိသည်ကိုလည်းကောင်း၊ ကျပ်ခိုးများနှင့် ပင့်ကူအိမ်များ စွဲကပ်၍နေသော မိန်းမ ရုပ်ပုံကား အနည်းငယ်တို့ကိုလည်းကောင်း၊ ကုလားထိုင် အစုတ်အပြတ်များကိုလည်းကောင်း ထောက်၍ ကြည့်လိုက်သော် အိမ်၏ကျက်သရေဟု ဆိုအပ်သော အိမ်ရှင် မိန်းမ မရှိ၊ ယောက်ျားများသာ ရှိကြောင်းကို သိရှိရလေ၏။
ထိုအခန်းထဲ၌ အိမ်ရှေ့ခန်းဘက်သို့ ကြည့်လိုက်သောအခါ ဖယောင်းတိုင်ကို ထွန်းကာ ကိုးမီးရိုက်၍ နေကြသော လူသုံးယောက်ကို တွေ့ရှိနိုင်လေသည်။ ထိုလူသုံးယောက်တို့သည် အသက်နှစ်ဆယ်၊ နှစ်ဆယ်ကျော်ခန့် ရှိကြ၍ စွပ်ကျယ်အင်္ကျီ၊ ရှပ်အင်္ကျီများကို ဝတ်ကာ ဆံပင်များကို ကော့နေအောင် ခွဲ၍ ထားလေ၏။ အခန်းတခုလုံး၌ နံသော အနံ့သည်ကား စီးကရက်နံ့ ဖြစ်သောကြောင့် နေချင်သလိုနေ၊ သုံးချင်သလိုသုံး ရနိုင်သောနည်းနှင့် ရှာဖွေကာ အသက်မွေး၍ နေကြကြောင်း သိရလေ၏။
၎င်း လူသုံးယောက်မှာ အလုပ်အကိုင်ဟူ၍ သေချာစွာ မရှိ။ မရှိလျှင် လမ်းလျှောက်၊ ရှိလျှင် ဆိုင်ဝင်၊ ပျင်းလျှင် ဖဲရိုက်၊ အလိုက်သင့်နေကြသော လူပျို သုံးယောက် ဖြစ်လေ၏။ ၎င်းတို့၏ အနေအစားမှာ လွန်စွာ ကြမ်းတမ်းလျက် ထိုအိမ်ခန်းကို အိပ်ဖို့ရန်မျှသာ အသုံးပြုကြ၍ အခန်းကို မည်သူကမျှ ဂရုပြုကာ သုတ်သင်ရှင်းလင်းရန် သတိမရကြသော်လည်း မိမိတို့ကိုယ်ကိုမူ များစွာပြုစုလျက် အိမ်ပေါ်မှဆင်း၍ သွားလာလည်ပတ်သည့်အခါ စာရေးကြီးတွေ မှတ်ထင်ရလေ၏။ အင်္ဂလိပ် စကားကို အတော်အတန် နားလည်ကြ၏။ ပါးရေနပ်ရေ များစွာရှိသည့်ပြင် ထက်မြက်သော ဉာဏ်စွမ်းဉာဏ်စ တနည်းစီ ရှိကြ၏။
သတင်းစာကို နေ့စဉ် ဝယ်၍ ဖတ်ကြသောကြောင့် ရန်ကုန်မြို့၌ ဖြစ်ပျက်သမျှကို သိကြ၏။ စီးပွားဥစ္စာကို တရားသဖြင့် လုပ်ကိုင်ရှာကြံလိုကြလျှင် ရှာကြံနိုင်သော စွမ်းရည်သတ္တိ မကင်းကြချေ။ စင်စစ်အားဖြင့် ရန်ကုန်မြို့သည် လွန်စွာကြီးသော မြို့ကြီး မဟုတ်သဖြင့် ၎င်းမြို့ရှိ အရပ်ရပ်သော လုပ်ငန်းများကို အတော်ပင် နားလည်ကြလေသည်။ စင်စစ်အားဖြင့်လည်း တယောက်မှာ ကားမောင်းအတတ်ကို တတ်၏။ တယောက်က စာရေးစာချီ လုပ်ဖူး၏။ တယောက်မှာ ပွဲစားအလုပ်များကို နားလည်၏။ ၎င်းပွဲစားအလုပ်ကို နားလည်သူမှာ ခိုကိုးရာမဲ့သောသူ ဖြစ်သောကြောင့် စပါးပွဲစား ကုန်သည်များထံ ကပ်ရပ်လုပ်ကိုင်ခဲ့ရာ အမျိုးသားအချင်းချင်း ကြီးပွားသင့်သလောက် ကြီးပွားအောင် ထောက်မလိုသူ ဆရာသခင်တို့နှင့် မတွေ့ရသောကြောင့် လူသတ္တဝါတို့နှင့် လူ့ပြည်ကို စိတ်နာကာ ဤသုံးထပ်တိုက်ပေါ်တွင် မြင့်မြတ်သော အဆိုပါ အဖော် နှစ်ယောက်တို့နှင့် အသက်ကို ကြံစည်၍ မွေးနေလေ၏။ ပုလိပ်များ မေးသည့်အခါ သုံးယောက်စလုံး ပွဲစားများ ဖြစ်ကြလေ၏။ အမှန်အားဖြင့်လည်း တယောက်မှာ အခန့်သင့်သည့်အခါ ပွဲများ ပြတ်တတ်လေသည်။ အဖော်နှစ်ယောက်မှာ ပွဲစားဟူ၍ မပြောလျှင် စာရေးဟူ၍ ပြောပြရန် အခြေအနေ မရှိသောကြောင့် ပွဲစားဟု ပြောကြရခြင်း ဖြစ်လေသည်။ ပုလိပ်များ မမေးသည့်အခါ သုံးယောက်စလုံး ဓားမြှောင်တစင်းစီနှင့် လူရှုပ်သောလမ်းများတွင် ညဉ့်အခါ လမ်းလျှောက်တတ် ကြလေ၏။
မြန်မာလူမျိုး ယောက်ျား မိန်းမတို့သည် ရွှေငွေစိန်ကျောက် ဝတ်ဆင်ခြင်းကို လွန်စွာ မက်မောကြ သဖြင့် ၎င်းလူသုံးယောက်တို့မှာ အသက်မွေးချောင်၍ နေလေ၏။ တရံတခါ ရွှေနာရီနှင့်လာသော ဒိစတြိတ် နယ်သားတယောက်ကို ညဉ့်အခါ လမ်းခရီးတွင် တဖက်တချက်စီ ညှပ်ကာ ဆေးလိပ်မီး ကပ်၍ ညှိတတ်၏။ တရံတခါ လက်ဝတ်လက်စားနှင့် လံခြားစီးလာသူတို့ကို ရပ်စေပြီးလျှင် ညဉ့်အခါ လက်ဝတ်လက်စားနှင့် လာရသလားဟု အပြစ်တင်ဆိုကာ ပစ္စည်းများကို ယူ၍ သိမ်းဆည်းတတ်ကြ၏။ ထိုကဲ့သို့ ပြုလုပ်သည့်အခါ စကားကို နားမထောင်ဘဲ ကလန်ကဆန်ပြုသူ တစုံတယောက်နှင့် တွေ့လျှင် ဓားမြှောင်သည် လွန်စွာ အသုံးကျ၏။ ပုလိပ်များသည်ကား ထို ဂုဏ်သရေရှိ ပွဲစားကြီးသုံးယောက်အပေါ်၌ စိတ်လက်များစွာ မချသဖြင့် သားသမီးကို ဖခင်များ စောင့်ရှောက်သလို မျက်စိအောက်မှ မပျောက်ကြရအောင် စောင့်ရှောက်လျက် နေကြရလေ၏။ သို့သော် ၎င်းသားများသည် အတော်ပင် လိမ္မာသူများ ဖြစ်ကြသဖြင့် ဆုံးမပဲ့ပြင်ရန် အခွင့်ကို မရကြချေ။
ထိုလူသုံးယောက်အနက် တယောက်သောသူသည် အလှည့်တိုင်း အပွင့်ဆုတ်၍ ဟာ... ဒီနေ့ညဉ့် ဟန်မကျပါဘူး၊ ဖေ့သားက ညံ့နေတယ် ထင်ပါရဲ့၊ ကစားလို့ တယ်ပြီးမပျော်ပါဘူး ဟုပြောကာ ဖဲများကို ပစ်ချလေ၏။ အဖော်နှစ်ယောက်သည်လည်း ဖဲများကို ပစ်ချကာ စီးကရက်များကို ထုတ်ညှိကြလေ၏။
ထိုအတွင်း တယောက်က "ဘယ့်နှယ်လဲ ကိုရင်တို့ရဲ့၊ အခုတလော အလုပ်အကိုင်ကလေးများ တယ်ပြီး အခွင့်အလမ်း မတည့်ချင်ပါလား။ ဘယ်မှာမှ လမ်းစလမ်းန မတွေ့ကြဘူးလား" (အလုပ်ဟု ဆိုသည်မှာ လုယက်ခြင်းကို ဆိုလိုသည်) တယောက်က "အခါမကောင်းဘူး။ တောက လူတွေ အရောက်အပေါက် နည်းတယ်၊ ဆင်းရဲသားများလည်း အတော် ကြပ်တည်းရှာကြလေတော့ တို့များကိုလာပြီး များများကြီး မမျှနိုင်ကြရှာဘူး။ ကိုနေဝင်းက ဘယ်လိုသဘောရသလဲ" ထိုအခါ ကိုနေဝင်းက "ငါတော့ အစကတည်းက ဒီအလုပ်မျိုးကို ဝါသနာမပါဘူး၊ အရင်ကလို ပွဲကလေး ဘာကလေး ပြတ်နေတာ ကောင်းတယ်ထင်ပါရဲ့၊ မင်းလည်း တိုက်တခုခုမှာ အလုပ်အကိုင်ကလေး များ ရှာပြီး စာရေးပဲ ဝင်လုပ်ပါတော့ သူငယ်ချင်းရယ်" ဟု ပြောပြီး အခြားတယောက်ဘက်သို့ လှည့်ကာ "မင်းလည်း မော်တော်ကားပြင်တဲ့ တိုက်တခုခုကို ပြန်ဝင်ရင် အခုထက် နေရာကျမယ်။ ငါ့မှာတော့ အသက်မွေးမှုပညာ တခုမှမရှိလို့ ဒီလို လုပ်နေရတာ၊ အရောင်းအဝယ်များကလည်း တယ်ကြီး မကောင်းလေတော့ ဖြတ်စား လျှပ်စား အလုပ်ကလည်း မဟန်ဘူး သူငယ်ချင်းတို့ရဲ့။ ငါတော့ တောသွားပြီး စာရင်းငှားသာ လုပ်နေချင်တော့တာပဲ"
ထိုအခါ တယောက်က "မင်းပြောတာ ကောင်းတော့ ကောင်းပါရဲ့၊ လောကမှာ တရားသဖြင့် ရှာကြံပြီး စားလို့ အင်မတန် ကျပ်တည်းတယ်။ အလုပ်ကောင်းတဲ့လူကို အခကောင်းပေးချင်ကြတဲ့ ကာလ မဟုတ်ဘူး။ ငွေကြေးရှိတဲ့သူတွေက ငါစားချည်း ကြံကြတာနဲ့ မင်းတို့ ငါတို့လို ပညာနဲ့ လုပ်စားကြတဲ့လူများမှာ ဝမ်းခါးလှဖို့ရန် အင်မတန်ပဲ ခက်တယ်။ သည်တော့ တရားသဖြင့် လုပ်ကိုင်ရှာဖွေတဲ့လူများကို မပေးချင် မကမ်းချင်တဲ့လူများထံက ပစ္စည်းများကို လုစားရတော့တာပဲ"
နေဝင်းက "လောကမှာ ရိုးရိုးတန်းတန်း ဝီရိယနဲ့ လုပ်ကိုင်စားရင် တဝမ်းတခါးတော့ ရတာပါပဲ။ မင်းတို့ ငါတို့လို တထိတ်ထိတ် တလန့်လန့်နဲ့တော့ မနေရပေဘူး သူငယ်ချင်းရဲ့... အခုမှာ အလုပ် မလုပ်ချင်ကြသည့်အတွက် စိတ်လက်မအေးသည့်ပြင် မတော်တဆ မင်ဘေးဒဏ် သင့်ပြီဆိုမှဖြင့် အလုပ်မလုပ်ချင်တဲ့လူစုမှာ ကျွန်လို လုပ်ကြရလိမ့်မယ်။
နံပါတ်တုတ်နဲ့ အရိုက်ခံပြီး အလုပ်ကို နွားလိုရုန်းကာ လုပ်ရတာထက် စိတ်လက်အေးချမ်းစွာ ကိုယ်ရဖို့ကို အေးအေးလုပ်ကိုင်ရတာက ပို၍ မြတ်တယ် မဟုတ်လား သူငယ်ချင်းရဲ့၊ ဒါထက် ၃၆ လမ်းမှာ တနေ့ညက လုယက်မှုဖြစ်တာနဲ့ ပတ်သက်လို့ မင်းတို့ ငါတို့ ဘာဖြစ်မယ်ဆိုတာ သိကြရဲ့လား။ ပုလိပ်က တို့ကို မသင်္ကာဘူး၊ နောင် ထစ်ခနဲရှိရင် အပျက်အပျက်နဲ့ နှာခေါင်းသွေး ထွက်နေကြလိမ့်မယ်၊ ဒီတော့ မင်းတို့ ငါတို့မှာ မတတ်သာ ခပ်ခွာခွာ နေကြဦးစို့ရဲ့ ဆိုတာလို စခန်းသိမ်းပြီး အလုပ်ကလေး အကိုင်ကလေးများ ရအောင်ရှာကြမှတော်မယ်၊ အခုလိုချည်းနေကြရင် ဘေးတွေ့ကြလိမ့်မယ်၊ အထက်ထက်ကလို ကာလများလည်း မကောင်းဘူး၊ သာသာယာယာလည်း မရှိဘူး၊ ပုလိပ်များကလည်း ခုတလော အင်မတန် ပူနေတယ် ဆိုတာကို မင်းတို့အသိသားကပဲ"
ထိုအခါ တယောက်က "ဟုတ်တယ် သူငယ်ချင်းရဲ့... နေဝင်း ပြောတာမှန်တယ်၊ စခန်းသိမ်းပြီး ကိုယ်ရှိန်သတ်နေကြဦးမှ တော်မယ်" ဟု ပြောလေရာ တယောက်က "ဒါတော့ ကိုရင်တို့ သဘောပေါ့လေ။ ငါ့မှာတော့ တယ်ပြီး ဝန်မလေးပါဘူး၊ ထောင်ဆိုတာကိုလည်း အရောက်ဖူး အပေါက်ဖူးသားကပဲ၊ ကိုယ့်ဘာသာကိုယ် ရှာစားရတာထက်တော့ မပူရ မပင်ရ၊ ဘုရင်မင်းမြတ် ကျွေးတဲ့ ထမင်းကို စားရတာ ပိုပြီး အေးတယ်လို့ အောက်မေ့တာပဲ။ မင်းတို့သဘောရှိရာသွား၊ သဘောရှိရာကြံ၊ သဘောရှိရာလုပ်။ ငါ့မှာတော့ ငါ့ကောင်မကြီးဆီ ပြန်ကပ်ပြီး ညဇာတ်ကို ခင်းနေတော့မှာပဲ၊ သို့သော် အကြောင်းရှိရင် တယောက်ကို တယောက် ကူညီကြဖို့ မမေ့ကောင်းဘူး သူငယ်ချင်းတို့ရဲ့" ဟု ပြောလေ၏။
ထို့နောက် ဂုဏ်သရေရှိ လူကြီးလူကောင်း သုံးယောက်တို့သည် နေရာမှထ၍ "ကိုင်း… ညဈေး သွားကြရအောင်" ဟု ပြောပြီး ကောင်းစွာ ဝတ်စားကြပြီးလျှင် အခန်းကို သော့ခတ်၍ ထွက်သွားကြလေ၏။
လောက၌ ကျန်းမာခြင်း၊ ဖြောင့်မှန်ခြင်း၊ ဝီရိယရှိခြင်း၊ ချွေတာခြင်းဟု ခေါ်ဆိုအပ်သော လက်နက် နည်းလမ်းသုံးပါး ရှိကြသော သူတို့သည် ကံကြမ္မာကို အစိုးရကြသောသူတို့ ဖြစ်ကြလေသည်။ ၎င်းတို့၌ ကြီးပွားချမ်းသာ ဖြစ်ဖို့ရန်အတွက် အသက်မွေးရန် နည်းလမ်းပညာတခုကိုသာ လို၏။ ထိုပညာကို လုံလောက်စွာမရသေးမီ အနည်းငယ် ဆင်းရဲငြိုငြင်ခြင်းများသည် အမြဲ မလွတ်နိုင်အောင် ချည်နှောင်သော ထိတ်သံကြိုးများ မဟုတ်သဖြင့် မကြာမီ လွတ်မြောက်ရမည် မလွဲဧကန်ဖြစ်လေ၏။ အသက်မွေးရာမွေးကြောင်း ပညာများမှာလည်း မည်သည့်ပညာမဆို သုံးနှစ် ငါးနှစ်မျှ သင်ကြားလျှင် ပိုင်ပိုင်နိုင်နိုင် တတ်ကျွမ်းနိုင်လေသည်။
မောင်နေဝင်းသည် ထိုအကြောင်းကို ကောင်းစွာသိသူ ဖြစ်သောကြောင့် လူပျိုလူရွယ်ပင် ဖြစ်စေကာမူ ခြိုးခြံစွာ ဝတ်စားလျက် အလုပ်ကို ကြိုးကုတ်စွာ လုပ်စပြုလေ၏။ ဆိုးသွမ်းသော အဖော်များသည်ကား အဘယ်ကို ရောက်ကြမည် မသိရချေ။ ပျက်လျှင်အစဉ် ပြင်လျှင် ခဏ ဆိုသော စကားအရ မကောင်းသောမိတ်ဆွေများနှင့် ပေါင်းသင်းလျက် ပျက်စီးသောဘဝသို့ ရောက်ခဲ့သော် လည်း ခရီးလမ်းမလွန် အရွယ်လည်း မကုန်သေးသူ ဖြစ်ရကား မိမိ၏အခြေအနေကို ကောင်းစွာ သတိရလျက် မကောင်းသော အဖော်တို့ကို နောက်ထပ်၍ မတွေ့ရအောင် ရှောင်ရှားကာ တခုသော ပန်းထိမ်ဖိုတွင် အလုပ်သင်ရင်း အခိုင်းအစေကို ခံ၍နေလေ၏။
ထိုကဲ့သို့နေရာတွင် အဝတ်အစားများမှာ လဲလှယ်ရုံမျှသာရှိရာ လုံချည်အဝတ်တို့မှာ "ဟောဒီတထည်၊ ဒီတထည်၊ ဖာထဲတထည်၊ ဒင်းတထည်" ဆိုသော စကားအတိုင်း တထည်ကိုလျှော်၊ တထည်ကိုဝတ်၊ တထည်ကိုခေါက်၍ ထားရလေ၏။ သို့ပင် ဆင်းရဲငြားသော်လည်း မောင်နေဝင်းကိုယ်၌ အဘယ်အခါမျှ မသန့်မရှင်းသော အဝတ်ကို မတွေ့ရသည်မှာ ဆင်းရဲခြင်းနှင့် သန့်ရှင်းခြင်းသည် ဝိရောဓိ မဟုတ်ကြောင်းကို သိရလေသတည်း။
ရန်ကုန်မြို့ အနောက်ပိုင်း ထင်ပေါ်ကျော်စောသော ပန်းထိမ်ဆရာကြီး ဦးကင်းသည် တပည့်လက်သား အမြောက်အမြားတို့နှင့် ရွှေထည်၊ ငွေထည်၊ ကျောက်ထည် မကျန်အောင် တွင်ကျယ်စွာ လုပ်ကိုင်ရောင်းချ၊ ထင်ပေါ်ကျော်စောသူတယောက် ဖြစ်လေ၏။ ၎င်းဆရာကြီး ဦးကင်းသည် လွန်စွာ ဖြောင့်မတ်ဖြူစင်သော စိတ်သဘောရှိလျက် အများလူတို့၏ ယုံကြည်ခြင်း ခံရသည့်ပြင် များစွာသော တပည့်တို့၏ ကြည်ညို လေးမြတ်ခြင်းကို ခံရသူတယောက် ဖြစ်လေ၏။ မောင်နေဝင်းသည် ထိုဆရာကြီး၏ထံတွင် တပည့်ခံကာ ခိုင်းစေသမျှ ခိုင်းသမျှကို လုပ်၍ နေလေ၏။
ဆရာကြီး ဦးကင်းသည်ကား မောင်နေဝင်း၏အကြောင်းကို ကောင်းစွာ မသိမီက ခပ်ခွာခွာကလေး စေခိုင်း၏။ နောက် တဖြည်းဖြည်း ရိုးသားဖြောင့်မတ်သော စိတ်ရှိကြောင်းကို သိသောအခါ ရွှေငွေရတနာတို့ကို ကိုင်စေလျက် ပညာကို ကြိုးစား၍ တတ်မြောက်အောင် လုပ်ကိုင် သင်ကြားနိုင်ရန် အချိန်ကိုပေးလေ၏။
မောင်နေဝင်းသည် လူဆိုးများနှင့် နေခဲ့စဉ်က အနည်းငယ် ဆိုးသွမ်းသော အမှုများကို ပြုခဲ့မိပေလိမ့်မည်။
သို့သော်လည်း နောင်အရှည်ကို မျှော်၍ သံဝေဂရသည့်အခါ မူလစိတ်ရင်း လွန်စွာညံ့ဖျင်းသူ မဟုတ်သောကြောင့် မိမိ၏စိတ်ကို ကောင်းစွာနိုင်လျက် လူကောင်းတယောက် ဖြစ်၍ နေလေ၏။
ယင်းကဲ့သို့နေလေရာ တနှစ်ကျော်ခန့် ကြာသောအခါ အလုပ် အတော်အတန် နားလည်လျက် အတော်အတန် သုံးစွဲဖို့ရန် ဆရာက ချီးမြှောက်သဖြင့် အသွေးအမွေး အတောင်အလက် အတော်ကလေး တောက်ပြောင်၍ လာလေ၏။
သို့ပင် တောက်ပြောင်၍ လာသော်လည်း စိတ်လက် ပြောင်းလဲခြင်း မရှိ၊ ဆရာသမားကို မိဘသဖွယ် ရိုသေလျက် ဝတ်ကြေအောင် အမြဲပြုလုပ်လေ့ ရှိလေ၏။
လူပုံလူသွေးမှာလည်း တိုး၍ ခံ့ညားလျက် အရပ်အမောင်း ကောင်း၍ လူလုံးလူထယ် ဖြောင့်စင်းပြီးလျှင် ယဉ်ကျေးလှပသူတယောက် ဖြစ်၍ လာလေ၏။ ဆရာကောင်း၏ တပည့် ဖြစ်သောကြောင့် အပြောအဆို အမူအရာမှ စ၍ အစစအရာရာ၌ လွန်စွာ ဖော်ရွေလျက် ဂုဏ်သရေနှင့် ပြည့်စုံသော ယောက်ျားတယောက် မားမားကြီး ဖြစ်၍ လာလေ၏။ သို့သော်လည်း မောင်နေဝင်းမှာ အခြား အလုပ်သားကလေးများကဲ့သို့ မိမိ၏ကိုယ်ကို အခါခပ်သိမ်း လှပအောင် ပြုပြင်၍နေသူ မဟုတ်။ သစ်လွင်သော အဝတ်များကို အရေးရှိမှ ဝတ်တတ်သော သူတယောက် ဖြစ်လေရကား မိမိမှာ လှသလောက် မထင်ရှားချေ။ သို့သော်လည်း ၎င်း၏ ကြည်လင် တောက်ပသော မျက်လုံး၊ ဖြူစင်သော မျက်နှာ၊ ညီညာသော သွား၊ ထင်ပေါ်သော နှာတံ၊ ရှည်လျားသော ဆံပင်တို့မှာ အသေအချာ ကြည့်ပြီးလျှင် ပန်းချီ၊ ပန်းပုတို့ နမူနာယူလောက်သော ရုပ်ဆင်းကြန်အင် ဖြစ်လေ၏။ ၎င်း၏ အဖော်ဖြစ်သော လူဆိုး ဘသော်နှင့် ဘကျော်တို့အပေါ်၌ အထက်ထက်က အခါခါ သြဇာရှိခဲ့သည်မှာလည်း ယောက်ျား ပီသသောအသံနှင့် ကိုယ်ဟန်ကြောင့်ပင် ဖြစ်လေ၏။
ဆရာကြီးဦးကင်းသည်လည်း မောင်နေဝင်း၏ရုပ်ရည်ဟန်ပန် စိတ်ဉာဏ်အစွမ်းတို့ကို လည်းကောင်း၊ ဆရာ၏အလိုကို သိတတ်သူ ဖြစ်သောကြောင့်တကြောင်း၊ များစွာ အလေးဂရုပြုလျက် မညှိုးငယ်ရအောင် ထားလေ၏။ အခါများစွာသာ ရတနာ စိန်ကျောက်တို့ကို အခြားကုန်သည် များထံသို့လည်းကောင်း၊ အပ်ထားသူ အထည်ရှင်ထံသို့လည်းကောင်း သွားရောက် ပို့ရ၏။ အခါများစွာမှာလည်း စိန်ထည် ကျောက်ထည်တို့ကို ပြောဆို ရောင်းချသဖြင့် ပွဲခရသည့်အခါ မိမိ မသုံးစွဲဘဲ ဆရာကိုသော်လည်းကောင်း၊ ဆရာကတော် မရွှေ၏လက်သို့လည်းကောင်း ပေးသဖြင့် ၎င်းကို တူရင်း သားရင်းပမာ ခင်မင်လျက် (တဦးမေတ္တာ တဦးမှာ) ဆိုသော စကားအရ အပြန်အလှန် ချစ်ခင်ကြလေ၏။ ဆရာကတော် မရွှေသည်လည်း မောင်နေဝင်း အဝတ်အစား မညှိုးနွမ်းရအောင် ထားလေ၏။ ထို့ပြင် မောင်နေဝင်း၏ စိတ်နေသဘောထား ကောင်းမြတ်သည်ကို ယုံကြည်ကြလျက် မောင်နေဝင်း လည်ပတ်သွားလာသည့်အခါ အဘယ်ကို သွားနေသနည်း။ အဘယ်ကြောင့် သွားသနည်း။ အဘယ်ကြောင့် အလုပ်ကို ကောင်းကောင်း မလုပ်သနည်း။ သည်မေးခွန်းမျိုးကို မမေးဘဲ စိတ်ငြိုငြင် ဆင်းရဲခြင်းဖြင့် မိမိရှေ့ဘဝက မိဟောင်းဘဟောင်းနှင့် တွေ့ရသကဲ့သို့ လွတ်ကင်းချောင်ချိစွာ ကိုယ့်အိမ်ရာကဲ့သို့ ပိုင်စိုးပိုင်နင်း နေရလေ၏။
မောင်နေဝင်းသည် မထင်ရှားသူတယောက် ဖြစ်သော်လည်း လူ့ဘဝတွင် ထင်ရှားသော အခြေအနေသို့ ရောက်လိုသော ဆန္ဒသည် လွန်စွာ ကြီးလျက် ငယ်စဉ်ကပင် ပညာကို ကောင်းစွာ မသင်ခဲ့ရငြားသည်လည်း ကုန်တွက် စည်တွက် ရွှေတွက် ကျောက်တွက် စသည်တို့ကို မိမိဘာသာ စာအုပ်များကို ဝယ်ယူဖတ်ရှု သင်ကြားသဖြင့် ကောင်းစွာ တတ်မြောက်သူတယောက် ဖြစ်လေ၏။ ၎င်းအပြင် ခေတ်ကာလ ပညာတို့သည် အဘယ်မျှလောက် အသုံးဝင်သည်ကိုသိလျက် အင်္ဂလိပ် စာအုပ်များ ဝယ်ယူသင်ကြားတတ်သူတို့ကို ရံဖန်ရံခါ အားထားမေးမြန်းခြင်းဖြင့် ယခုအခါ အင်္ဂလိပ်စာ အပြောအဆို အရေးအသားမှာ ခုနစ်တန်း ရှစ်တန်း သာသာကလေးမျှ တတ်မြောက်လေ၏။ မိမိ၏အဖော် လူဆိုးများနှင့် ကွဲ၍ နေသည်မှာ သုံးနှစ်ခန့် ကြာလေသတည်း။
ထိုသုံးနှစ်အချိန်သည် မိမိကို လူလားမြောက်စေသောအချိန် ဖြစ်၍ ဆရာသမားကို လွန်စွာ ကျေးဇူးတင်၏။ မိမိ၏စိတ်သည်လည်း ရှေးအထက်ထက်ကနှင့်မတူ ပြောင်းလဲခြင်းကြီးစွာ ဖြစ်လေ၏။ ရှေးအထက် ကျော်ကာလက ငယ်ရွယ်စဉ်အခါမှစ၍ မိမိအပေါ်၌ ချစ်ခင်ကြင်နာသူ နည်းပါး၍ ကမ္ဘာလောက တခုလုံးကို မုန်းထား၏။ ယခုမှာ ဆရာကင်းနှင့် ဆရာကတော် မရွှေတို့၏ ကြင်နာခြင်း ကျေးဇူးဖြင့် လူ့ပြည်၌ လူကောင်းတယောက် ဖြစ်မြောက်နိုင်ပေပြီ ဟူသော ကျေးဇူးကို တွေးတောကာ လူအပေါင်းတို့အပေါ်၌ ချစ်ခင်သောစိတ် ရှိလေ၏။ သို့ လူမြင်လျှင် ချစ်တတ်သောကြောင့် အများမိတ်ဆွေ သူငယ်ချင်းတို့၏ ချစ်ခြင်းကိုလည်း များစွာခံရသူတယောက် ဖြစ်လေ၏။
တနေ့သ၌ ဆရာကင်းသည် စိန်ဝယ်လိုသူ မင်းကတော်တယောက်ထံသို့ မောင်နေဝင်းကို စိန်များနှင့် လွှတ်လိုက်သဖြင့် သုံးထောင်ဖိုးသာသာခန့်ရှိသော စိန်များကို ဆောင်ယူကာ မောင်နေဝင်းသည် မွန်းလွဲအချိန်တွင် ထွက်သွားလေ၏။ သို့သွားရာတွင် ရီရီထံမှရရှိသော လက်ဆောင် စားစရာကလေးများ ထည့်သော ဖာကလေး ကတ္တီပါနားကွပ်ရန် ကြံစည်ရင်း ရှိသဖြင့် ထိုဖာကလေးကိုလည်း ယူ၍သွားလေ၏။
မောင်နေဝင်း ထွက်သွားသောအခါ ဆရာကင်း ဆရာကတော်တို့သည် ကျောက်ကုန်သည် ကိုကြံ ဆိုသူနှင့် လက်ဖက်ရည်သောက်ရင်း စကားပြောနေကြလေ၏။
ကိုကြံသည် ကျောက်ကုန်သည် လုပ်သော်လည်း ယုံကြည်သင့်သူ မယုံကြည်သင့်သူတို့ကို ဝေဖန် သိရှိတတ်သူ မဟုတ်။ စင်စစ်အားဖြင့် ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံရဟူသော စကားကို တထစ်ချမှတ်ထားသူတယောက် ဖြစ်လေရကား ၎င်း၏အလုပ်သည် ကြီးပွားသင့်သလောက် မကြီးပွားဘဲ နေလေ၏။ ၎င်းသုံးဦးသားတို့ စကားပြောကြရာတွင် တစတစ မောင်နေဝင်းအကြောင်း ရောက်သွားကြလေ၏။
ဆရာကင်းက "ဘယ့်နှယ်လဲ ကိုကြံရဲ့၊ ကျုပ်တို့မှာ သားသမီး အထောက်အခံ မရှိတာနှင့် နတ်များမလို့ရတဲ့ သားပါပဲ" ဟု ပြော၏။
ဆရာကတော် "မှန်ပါတယ်ရှင်၊ သူကလေးတယောက် ရှိပေလို့ အရာရာမှာ မျက်နှာလွှဲရတာပဲ၊ ကျေးဇူးလည်း တင်ပါရဲ့၊ အရင် ရောက်ခါစကတော့ ကျွန်မ တော်ရုံသဘောထားတာပါပဲ၊ အခုတော့ သူ့သဘောကလေးက ဖြူဖြောင့်ပြီး ကိုယ့်ကိုပဲ မိဘလို အားထားရှာလေတော့ သားရင်းလို သဘောထားရတာပါပဲ။ သဘောထားရုံမက အခုတော့ သားရင်း ဖြစ်နေပါပြီ"
ကိုကြံက စဉ်းစဉ်းစားစား ခေါင်းညိတ်လျက် "အင်း ... သူငယ်ကလေးက အပြောအဆို အကြံအစည် စိတ်နေသဘောထားကလေး ကောင်းပါရဲ့၊ သို့သော်လည်း ဝမ်းကမလွယ် သားမမယ်တဲ့။ ငယ်ငယ်က နို့တိုက်ပြီး မွေးတာတောင် ကြီးလို့ သားအရင်း မဟုတ်ကြောင်းကိုသိရင် စိတ်ပြောင်းတတ်တယ်၊ ကိတ္တိမသား နို့ပုန်းစားတဲ့။ မောင်နေဝင်းတို့လို ကြီးမှမွေးရတာကိုတော့ ဘာပြောစရာရှိမလဲ။ ခြေနှစ်ချောင်းနဲ့ လူဗူးတောင်း မကယ်ကောင်းဘူးဆိုတဲ့စကား ရှိတယ်။ သူ့အကြောင်းကို မကောင်းပြောတာ မဟုတ်ပါဘူး။ အယုံအကြည် တယ်ပြီး မလွန်ရအောင် မိတ်ဆွေကောင်း သဘောအတိုင်း သတိပေးလိုက်တာပါပဲ"
ဆရာကတော်... "သည်လိုပြောတာ ကျေးဇူးတင်ပါရဲ့ရှင်၊ တကယ်ဆိုတော့ သူ့စိတ်ကို သိနိုင်တာ မဟုတ်ဘဲကိုး။ အခုအနေမှာဖြင့် အင်မတန်ကြီး တော်တာပါပဲ"
ဆရာကင်း - "တော်ပါတယ်။ ကိုကြံ ပြောတာလည်း ဟုတ်ပါရဲ့၊ သို့သော်လည် ကျုပ်သားကတော့ စိတ်ချလောက်တဲ့ သားတယောက်ပါပဲ" ဟု ပြောလေ၏။
ဆရာကင်းသည်ကား မည်သူ၌မဆို အကောင်းကို ရှာ၍မရမှ အဆိုးကို မြင်တတ်သူ ဖြစ်လေ၏။ ကမ္ဘာပေါ်၌ ရှိသမျှသောလူတို့ကို မိမိကဲ့သို့ ယုံကြည်သဘောထားတတ်သူတယောက် ဖြစ်သောကြောင့် တကြိမ် နှစ်ကြိမ် အလိမ်အကောက် ခံရဖူးသော်လည်း သတိမရသေးသဖြင့် ကိုကြံ ပြောသောစကားများကို နားမဝင်နိုင်အောင် ရှိလေ၏။
ကိုကြံကြံ "သည်လိုစိတ်ချရတဲ့ သားတယောက်ကို ရခြင်းဟာလည်း ကံကောင်းခြင်း၏ အရိပ်နိမိတ်ပါပဲ။ ကျုပ်လည်း ဝမ်းသာပါတယ်။ သို့သော်... သတိဆိုတာ လွန်တယ်လို့ မရှိနိုင်ဘူး။ ဆရာကင်းကတော့ အကြီးအကျယ် ပျက်စီးလောက်အောင် အလိမ်အကောက် မခံရသေးလို့၊ အခုလည်း ငွေနှစ်သိန်း သုံးသိန်းရှင် ဖြစ်နေလေတော့ တယ်ကြီး ဂရုထားဟန်မရှိဘူး။ ကိုင်း... စကားလည်း ပြောကောင်းရဲ့၊ သွားစရာလမ်းကလေးလည်း ရှိပါသေးတယ်။ အရောင်းအဝယ် များလည်း တယ်ပြီး ဟန်မကျပါဘူး" ဟု ညည်းညူကာ ထသွားလေ၏။
ကိုကြံ ထသွားသောအခါ မရွှေက မေးငေါ့လျက် "ကမ္ဘာပေါ်မှာ သူ ယုံကြည်တဲ့လူ တယောက်မှ မရှိဘူး" ဟု ပြောလေ၏။
ဆရာကင်း - "စိတ်ကောင်း သဘောကောင်းနဲ့ ပြောရှာတာပါပဲ"
မရွှေ - "ပြောပေတဲ့တော် လူကြည့်ပြီး ပြောပါလား။ မောင်နေဝင်းကိုမယုံကြည်ရဘူးလို့ ကျွန်မရှေ့မှာ လာပြောတာ မခံနိုင်ပါဘူး။ ဒါကြောင့် သူ့မှာ ကောင်းစားနေတာ။ သူနဲ့ ဘယ်လူဆက်တဲ့လူ ရှိသလဲ" ဟု ပြောလေ၏။
မောင်နေဝင်းသည် အဖိုးထိုက်တန်သော အထည်ပစ္စည်းများကို ဆောင်ယူကာ လမ်းမတော်ဘက်သို့ ရောက်ရှိလာရင်း ခပ်ဆာဆာရှိသည့်အတွက် တခုသော လက်ဖက်ရည်ဆိုင်သို့ ဝင်၍ လက်ဖက်ရည်ကို မှာပြီး သောက် နေလေ၏။ ယင်းကဲ့သို့ သောက်၍ နေသည်အတွင်း မိမိ၏ ပခုံးကို အကိုင်ခံရသဖြင့် နောက်သို့လှည့်ကာ ကြည့်ပြီး လွန်စွာမှ အံ့အားသင့်လျက် "အလို… မင်းတို့ နှစ်ယောက်စလုံး မကွဲမကွာ အဘယ်ကများ ပေါ်၍ လာတော်မူကြပါသလဲ" ဟု ပြောလေရာ၊ ဘသော်က "မင်းက ခွဲပြီး သွားပေမဲ့ ငါတို့နှစ်ယောက်တော့ မကွဲမပြား ရှိကြပါသေးတယ်" ဟု ပြောကာ မောင်နေဝင်း၏ နံဘေးရှိ ကုလားထိုင်တခုပေါ်မှာ ထိုင်လေ၏။ မောင်နေဝင်းက ဝမ်းမြောက်ဝမ်းသာနှင့် လက်ဖက်ရည်များကို မှာပြီးလျှင် ရှေးဖြစ်နောက်ဖြစ်တို့ကို ပြောလေ၏။ မိမိ အခု ဘယ်ပုံ နေထိုင်ရသည့်အကြောင်းများကို အားရဝမ်းသာ ပြောပြလေရာ၊ သူငယ်ချင်း နှစ်ယောက်သည် ဝမ်းမြောက်ဝမ်းသာ နားထောင်ကြလေ၏။
၎င်း ဘသော်နှင့် ဘကျော်တို့သည်ကား မောင်နေဝင်း မရှိသည့်နောက် ခေတ္တမျှ တယောက်နှင့် တယောက် ကွဲ၍နေကြပြီးလျှင် ပြန်၍ တွေ့ကြုံကြလျက် အထက်က နည်းအတိုင်း အထင်မရှားသော နည်းလမ်းဖြင့် ဆက်လက်၍ အသက်မွေးကာ အတူတကွ နေထိုင်ကြလေ၏။ ဘသော်သည် မိမိတို့ စီးပွားရှာကြံရေး၌ ကပ္ပတိန် ဗိုလ်မှူးဖြစ်၍၊ ဘကျော်မှာ မိမိ၏လက်အောက် လက်ဖတင်နင်သဖွယ် ဖြစ်လေ၏။ ဘကျော်သည် မိမိ၏လုပ်ငန်း၌ ဘသော်လောက် မထက်မြက်။ ဘသော်လောက်လည်း ရက်စက်ရဲရင့်သူ မဟုတ်ချေ။ ဘသော်မှာမူ မိမိ၌ရှိသမျှသော ထက်မြက်သောဉာဏ်တို့ကို ရာဇဝတ်မှုများအတွက် တဖက်သတ် အသုံးပြုလျက် မြွေပွေးကဲ့သို့ အဆိပ်ပြင်းထန်ပြီးလျှင် သိန်းငှက်ကဲ့သို့ လျင်မြန်ထက်မြက်သူတယောက် ဖြစ်လေရကား… ရလမ်းရလျှင် မည်သူကိုမျှ ချမ်းသာပေးလေ့မရှိ၊ ကမ္ဘာပေါ်၌ ငွေကြေးရှိသူ ဟူသမျှကို မိမိနှင့် ကမ္ဘာ့ရန်ကဲ့သို့ သဘောထားကာ လောဘနှင့် ဒေါသသည် မကွဲမကွာ ပေါင်းစပ်၍ နေလေ၏။ တရံတခါ လုယက်ရာ၌ ၎င်း၏ ကြမ်းတမ်းရက်စက်ခြင်းများကို ဘကျော် တွေ့မြင်ရသောအခါ "မင်း ဒီလူနဲ့ ဘယ်တုံးက ရန်ငြိုးရှိသလဲ" ဟု မေးမိလေ၏။
ဘကျော်သည် မောင်နေဝင်းနှင့် တွေ့သောအခါ မိတ်ဆွေဟောင်းကို ပြန်တွေ့ရသဖြင့် ဝမ်းသာ၏။ ဘသော်သည်ကား မောင်နေဝင်းသည် သားသားနားနား တွေ့မြင်ရသောကြောင့် ဝမ်းသာ၏။ အကြောင်းမူကား... ထို သားနားခြင်းများအပေါ်၌ မကင်းသော တပ်မက်ခြင်းသည် သူငယ်ချင်းဟောင်းကိုပင် အဘယ်ပုံ ရန်ရှာမည်ဟု ကြံစည်ကာနေသကဲ့သို့ ဖြစ်သောကြောင့် မောင်နေဝင်း၏အပါးတွင် စ၍ ထိုင်သည်နှင့် တပြိုင်တည်း မောင်နေဝင်း၏ အဝတ်အစားများကို စ၍ ကြည့်ကာ သည်လုံချည်ဟာ အပေါင်ဆိုင်ပို့ရလျှင် ငါးကျပ်တော့ရမှာပဲ၊ သည်အင်္ကျီဟာ သုံးကျပ်တော့ ရရဲ့၊ သူ့နာရီကြိုးက သားရေကြိုး၊ အဖိုးမတန်တဲ့ နာရီနဲ့ပဲ တူတယ်၊ လက်စွပ်ကလေးက တော်တော် အဖိုးတန်လိမ့်မယ်၊ အစစ်တော့ မဟုတ်တန်ဘူး စသည်ဖြင့် မောင်နေဝင်း၏ကိုယ်၌ ဝတ်ဆင်ထား သမျှကို အဖိုးဖြတ်၍ နေလေ၏။ ဘကျော်သည်ကား ရိုးရိုးတန်းတန်း စကားပြောနေလေ၏။ မောင်နေဝင်းမှာ မိမိဘေး၌ကပ်ကာ မိမိကို ကိုက်ရန် ကြံစည်၍နေသောမြွေကို မသိရှာသဖြင့် မိမိ၏ အခြေအနေ၊ မိမိ၏အလုပ်အကိုင် ဟန်ကျပုံ၊ မိမိမှာ အဖိုးတန် ပစ္စည်းများနှင့် သွားလာလုပ်ကိုင်ရပုံ များကို ပြောပြမိရှာလေ၏။
အတန်ကြာ စကားပြောမိကြသောအခါ ဘသော်က "သူငယ်ချင်းနဲ့ မတွေ့တာလည်း အတော်ကြာပြီ၊ အခုလို သားသားနားနား တွေ့ရပြန်တော့ အင်မတန် ဝမ်းသာတာပဲ၊ ငါတို့မှာတော့ အရင် မင်းနဲ့ နေတုန်းကလို ရရစားစား သွားသွားလာလာ နေကြရတာပဲ၊ အခုတလော အလုပ်အကိုင် အပေါက်မတည့်တာနဲ့ ငါတို့နှစ်ယောက်တော့ ဘိုင်ရိုက်နေတာပဲ၊ လက်ဖက်ရည်တောင် အခု မင်းတိုက်လို့ သောက်ရတာ သူငယ်ချင်းရဲ့။ ကျေးဇူးလည်းတင်ပါရဲ့၊ တင်ထက် ဗျစ်ဖိုးကလေးများ အနည်းငယ် မ စမ်းပါဦး" ဟု ပြောလေရာ၊ မောင်နေဝင်းက "မင်းတို့ဖြင့် တသက်လုံး ဒီလိုနေကြတော့မှာ ထင်ပါရဲ့၊ အတော်လည်းခက်တဲ့လူတွေပါပဲ" ဟု ပြောကာ အင်္ကျီအိတ်ထဲက သားရေအိတ်ကိုထုတ်ပြီး ဖွင့်လိုက်လေရာ ဝင်းခနဲ အရောင်တောက်၍သွားသဖြင့် သားရေအိတ် မှားကြောင်းကို သိလျက် မောင်နေဝင်းသည် ၎င်းသားရေအိတ်ကို ပြန်ပိတ်ရင်း "လမ်းမတော် သွားပြမလို့ ယူလာခဲ့တဲ့အထည်များပါ" ဟု ပြောကာ အခြား သားရေအိတ်တအိတ်ကို ထုတ်ပြီး ငွေသုံးကျပ် စားပွဲပေါ်မှာ ချပေးရင်း "ငါ့မှာလည်း ငါးကျပ်ထဲ ပါတယ် သူငယ်ချင်းရဲ့၊ မင်းတို့နှစ်ယောက် သုံးကျပ်နဲ့ လောက်ကောင်းပါရဲ့" ဟု ပြောလေရာ ဘသော်သည် ငွေသုံးကျပ်ကို ကောက်ယူကာ လင်းပြောင်တောက်ပသော မျက်လုံးများနှင့် မောင်နေဝင်း၏ အိတ်များကို ကြည့်ရင်း "တော်ပါပြီ သူငယ်ချင်းရဲ့၊ ဒါထက် သူငယ်ချင်း မင်း နည်းနည်းပါးပါး လုပ်ဦးမှပေါ့၊ လာ ကိုင်း… ဘားလမ်းနားက တောအရက်ဆိုင်ကို သွားရအောင်" ဟု ပြောကာ ထိုင်ရာမှ ထလေ၏။
မောင်နေဝင်းက "သည်းခံပါ သူငယ်ချင်းရဲ့၊ ငါ့မှာ ကိစ္စရှိပါသေးတယ်၊ နောက်တခါ တွေ့ကြသေးတာပေါ့" ဟု ပြောလေရာ ဘသော်က "အို… စကားမများပါနဲ့ သူငယ်ချင်းရဲ့၊ တခါတလေမှ ကြုံကြိုက်လို့ တွေ့ရတာပဲ၊ မင်းက ငါတို့နဲ့ အပေါင်းအသင်း မလုပ်ချင်ဘူးလား" ဟု ပြောနေလေ၏။
ဘကျော်သည်ကား ဘသော်၏ စိတ်အကြံကို မသိဘဲ ရိုးရိုးပင် ခေါ်သည်ထင်၍ မောင်နေဝင်းကို အရက်သောက်လိုက်ရအောင် ဘသော်နှင့် အလားတူစွာ ခေါ်ရှာလေ၏။ နေဝင်းသည်ကား မလိုက်လိုဘဲ အတန်တန် ငြင်းဆန်လေရာ သူငယ်ချင်းနှစ်ယောက်သည် အတင်းတွဲကြပြီးလျှင် ဆိုင်အပြင်သို့ ခေါ်သွားကြလေ၏။ ဆိုင်အပြင်သို့ ရောက်သောအခါ ဘသော်သည် မြင်းရထားတစီးကို ခေါ်ပြီးလျှင် မောင်နေဝင်းကို မြင်းရထားပေါ်သို့ တင်လေရာ မောင်နေဝင်းမှာ ငြင်းဆန်၍ မရဘဲ မြင်းရထားပေါ်သို့ တက်ရရှာလေ၏။ မြင်းရထားပေါ်သို့ ရောက်သောအခါ မြင်းရထားသမားကို အမြန်မောင်းခိုင်းလေ၏။ ထိုအခါ မောင်နေဝင်းသည် အတော်ကလေး ထိတ်လန့်ကာ သူငယ်ချင်း နှစ်ယောက်ကို အပြန်အလှန် ကြည့်လေ၏။ ဘကျော်သည်ကား ဝမ်းနည်းသော အမူအရာနှင့် ဘသော်၏မျက်နှာကိုသာ ကြည့်၍နေလေ၏။ ဘသော်သည်ကား မျက်နှာများ နီလျက် စကားမပြောဘဲ နှုတ်ခမ်းများ လက်များ တုန်လှုပ်ကာ စီးကရက်ကို အိတ်ထဲကထုတ်၍ မီးညှိသောက်လေ၏။
အတန်ကလေး ကြာသောအခါ ဘသော်က "သူငယ်ချင်း မင်းကို တွေ့ရတာ အင်မတန်ပဲ ဝမ်းသာပါတယ်၊ မင်းနဲ့ ကွဲကွာသွားသည့်နေ့ကစပြီး ငါတို့ မင့်ကို တွေ့ချင်လွန်းလို့ ဟိုမှာမေး သည်မှာမေးနဲ့ အခုမှ ပြန်ပြီးတွေ့ရတော့တာပဲ။ အင်မတန် ချစ်တဲ့ သူငယ်ချင်း ဖြစ်လေတော့ တွေ့မိပြန်တော့ ပြန်ပြီး မခွဲစေချင်ဘူး သူငယ်ချင်းရဲ့။ ဒီအတွက် အရင်ကလို ငါတို့သုံးယောက် ပျော်ပျော်ပါးပါး ပြန်ပြီးနေရအောင် ပြောမလို့ မင်းကို ခေါ်လာတာပါ။ ကဲ... တိုတိုပြောရမယ်ဆိုရင် မင်းကို အခု ငါတို့နေတဲ့အိမ်အရောက် ခေါ်တော့မယ်၊ မင်းကို ပြန်ပြီးမလွှတ်နိုင်ဘူး" ဟု ပြောလေရာ၊ မောင်နေဝင်းသည် အံ့အားသင့်ကာ ထိတ်လန့်သော မျက်နှာနှင့် ဘသော်ကိုကြည့်လျက် စကား မပြောနိုင်ဘဲ နေလေ၏။
ဘကျော်သည်ကား ဘသော်အကြံကို စ၍ ရိပ်မိလျက် "လွှတ်လိုက်ပါ သူငယ်ချင်းရယ်... မလုပ်ပါနဲ့၊ သူ့မှာ ကိစ္စကြီးနဲ့ လာတာပါ" ဟု ပြောလေ၏။
ထိုအခါ ဘသော်သည် ရန်လိုသော ဝံပုလွေကဲ့သို့ မျက်နှာကို တင်းစွာထားလျက် ဘကျော်အား "မင်းအသာနေ၊ မင်းနဲ့မဆိုင်ဘူး၊ ဒီဟာ ငါ့အလုပ်" ဟု ပြောလေ၏။
နေဝင်းသည်ကား မိမိကို ကစားလေသလား... အတည်ပြောလေသလား ဝေခွဲမရသလို ဖြစ်ပြီးလျှင် မျက်နှာကို ချိုသာစွာထားလျက် "သူငယ်ချင်းရဲ့၊ ငါ့ကို မကစားပါနဲ့၊ ငါ့ကိစ္စနဲ့လာတာပါ။ ငွေ ၃ ကျပ် မလောက်ရင် ဟောဒီ ၂ ကျပ် ယူပါ။ ငါ သွားပါရစေ" ဟု ပြောလေ၏။ ထိုအခါ ဘသော်က မိမိဦးခေါင်းကို မော့ကာ နောက်ပစ်လျက် "သည်လောက် အဖိုးထိုက်တဲ့ သူငယ်ချင်းကို သည်လိုလွယ်လွယ်နှင့် လွှတ်နိုင်ပါ့မလား၊ မှန်းစမ်း မင်းအိတ်ထဲက သားရေအိတ်တခုကို ငါ မျက်မှန်း တန်းမိတယ်၊ သူငယ်ချင်းဆိုတာ အခုလို မထိမ်ဝှက်ကောင်းဘူး။ ဆင်းရဲအတူ၊ ချမ်းသာအတူ၊ မစားရအတူ၊ စားရအတူပေါ့။ မင်းမှာရှိရင် ငါတို့ဟာ၊ ငါတို့မှာရှိရင် မင်းဟာ၊ အခု ကွဲနေတာလည်း အတန်ကြာပြီ။ ကိုင်း မင်းမှာ ဘာပါသလဲ၊ ပြစမ်းပါ သူငယ်ချင်းရဲ့၊ ငါ မင်းကို ကစားပြောတာ မဟုတ်ပါဘူး၊ ဟိုအရင်တခါတုန်းက စပတ်လမ်းမှာ မင်းနဲ့ငါနဲ့ ဒီနည်းမျိုးလိုလို နှက်တာ မဟုတ်လားကွယ့်" ဟု ရယ်ကာ ပြောလေ၏။
မောင်နေဝင်းက "မလုပ်ပါနဲ့ သူငယ်ချင်းရဲ့၊ ငါ့ဟာ မဟုတ်ပါဘူး" ဟု ပြောကာ အိတ်ထဲသို့ လက်ထိုး၍ ထားလေ၏။
ထိုအခါ ဘသော်က "အို… ဘယ်သူ့ဟာဖြစ်ဖြစ် မင်းအိတ်ထဲမှာ ရှိရင် မင်းဟာပေါ့ သူငယ်ချင်းရဲ့၊ ကမ္ဘာပေါ်မှာ အဖိုးထိုက်ပစ္စည်းဆိုတာ ဘယ်သူ့ဟာမှ မဟုတ်ပါဘူး၊ ဦးရာလူ ပိုင်တာပါပဲ။ ဘယ်လောက်များ တန်ပါ့မလဲ" ဟု ပြောကာ မောင်နေဝင်း အိတ်ထဲသို့ မိမိလက် ထိုး၍ သွင်းလေရာ မောင်နေဝင်းသည် မပေးဘဲ အတင်းခံ၍ နေလေ၏။ ဘသော်က ဘကျော်အား မျက်စပစ်၍ ပြလိုက်လေရာ၊ ဘကျော်သည် ငြိမ်သက်စွာ ထိုင်၍ မနေနိုင်ဘဲ မောင်နေဝင်း၏လက်များကို ဆွဲနုတ်၍ ချုပ်ပေးလေ၏။ ထိုအတွင်းတွင် ဘသော်လည်း မိမိ၏အင်္ကျီအိတ်ထဲမှ ပုလင်းတခုကို ကိုင်ကာ လက်ကိုင်ပဝါကို ထိုပုလင်းထဲကအရည်နှင့် ဆွတ်ပြီး မောင်နေဝင်းနှာခေါင်းကို ၎င်းလက်ကိုင်ပဝါနှင့် ပိတ်လေ၏။ မောင်နေဝင်းသည်လည်း ခေတ္တမျှ ရုန်းပြန်ပြီးလျှင် ငြိမ်၍ သွားလေ၏။ နောက် သတိရ၍ မျက်နှာကို ဖွင့်ကြည့်လိုက်သောအခါ "ဆပ် ဆပ် ဗိုင်ဆပ်" ဟု မိမိ၏ နံဘေးက ခေါ်သံကို ကြားရ၍ ကြည့်လိုက်သောအခါ မြင်းရထားကုလား ဖြစ်၍နေလေ၏။ မြင်းရထားသည်လည်း မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်း စပ်ကြားတခုသော လမ်းကြားတွင် ရပ်၍နေလေ၏။
မိမိ၏သူငယ်ချင်းနှစ်ယောက်ကို မတွေ့ရသဖြင့် မိမိ၏အိတ်များကို ပျာယီးပျာယာ စမ်းသပ်ကြည့်ရာ စိန်ထည့်သော သားရေအိတ် ပျောက်ပြီး ဖာကလေးသာ ကျန်ရှိသည်ကို တွေ့ရလေ၏။
ထိုအခါ လွန်စွာ အံ့သားသင့်လျက် မြင်းရထားကုလားအား "လူနှစ်ယောက် ဘယ်ကိုသွားသလဲ" ဟု မေးရာ၊ မြင်းရထား ကုလားက
"အရပ်ခိုင်းပြီး တော်တော်ကြာ လာမယ်၊ ခဏစောင့်နေပါ" ဟု ပြောသွားကြောင်း၊ ပြန်မလာနိုင်လို့ ဆင်းကြည့်ရာ မောင်နေဝင်း အိပ်နေသည်ကို တွေ့ရကြောင်းနှင့် ကုလားစကားဖြင့် ပြောပြလေ၏။
ထိုအခါ မောင်နေဝင်းသည် မိမိ၏ သားရေအိတ်ထဲမှ ပိုက်ဆံ ရှစ်ပဲကို ထုတ်၍ မြင်းရထား ကုလားအား ပေးပြီးလျှင် မေ့ဆေးအရှိန်ကြောင့် မူးဝေဝေနှင့် လမ်းနံဘေးတွင် ထိုင်ကာ မကြံတတ် မစည်တတ်ဘဲ မှိုင်တွေချကာ နေရှာလေ၏။
ထိုကဲ့သို့ နေသည့်အတွင်း "ငါသည် အိမ်ကိုပြန်လျှင် တော်ချေမည်လား၊ ငါ့အား နေ့ခင်းကြီး ကြောင်တောင် ပစ္စည်းကို လုယူလိုက်ကြောင်းနှင့် ပြောပြရလျှင် ယုံကြည်ပါ့မလား၊ ငါ့မှာဖြင့် ကိုယ်ကျိုးကြီး နည်းပြီ။ ငါ၌ ကောင်းသမျှ နာမည်ပျက်တော့မည်။ ဆရာနှင့် ဆရာကတော်သည် ငါ့ကို သားအရင်းလို ယုံကြည်ကြ၏။ အခုမှာ ငါ့အပေါ်၌ အဘယ်ပုံ ထင်ကြတော့မည်နည်း။ အလုပ်သားတွေက ငါ့အကြောင်းကို အဘယ်ပုံ ပြောကြတော့မည်နည်း။ ငါ၏မျက်နှာကို ပြန်၍ ပြဝံ့ဖို့ မရှိပါတော့သည်တကား။ ပစ္စည်းတွေကလည်း သုံးထောင်ကျော်ကျော်ဖိုးမို့ ငါ့ကိုဖြင့် ဧကန် မသင်္ကာ ဖြစ်ကြတော့မယ်။ ငါ အိမ်ကိုပြန်ရင် ဧကန် လူလိမ်လို့ စွပ်စွဲကြတော့မယ်။ မသင်္ကာသူတို့၏ ရှေ့၌ ငါ ဘယ်ပုံနေ၊ ဘယ်ပုံစား၍ နေနိုင်ပါအံ့နည်း။ ဩော် နေဝင်း... နေဝင်း ကံဆိုးမသား သွားရာမှာ မိုးလိုက်ပြီး ရွာတာပါပဲ။ ငါ အိမ်ကို ပြန်လို့ဖြင့် မတော်ချေ။ တော်ရာကို ပြေးပြီး ဝေးရာမှာ ရှောင်ရှားကာ ငါ၏နာမည် မပေါ်အောင် တိမ်မြုပ်၍ နေရတော့မှာပဲ။ သည်လိုနေပြန်ရင်လည်း ပစ္စည်းများကို လိမ်ကောက်ပြေးတယ်ဆိုပြီး ဝရမ်းထုတ်ထားမှဖြင့် ဝရမ်းပြေးကြီး ဖြစ်၍ နေတော့မယ်။ ငါ၏ရုပ်ပုံသည် ပုလိပ်လက်ထိ ရောက်လျက် လူဆိုးဓားပြပမာ အရပ်လေးမျက်နှာမှာ ကြော်ငြာကြတော့မယ်။ ငါ အိမ်ပြန်ပြီး အသနားခံရလျှင် တော်လေမလား" စသည်ဖြင့် အလီလီ အလာလာ တွေးတောကာ စိတ်ထဲတွင် လေတွေဆင်သလို မကြံနိုင်အောင် ဖြစ်၍နေလေ၏။
ထိုနောက် "ဟယ် ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုပဲထင်ထင် မတတ်နိုင်ပါဘူး၊ အိမ်ကိုပဲပြန်ပြီး ဆရာ့ခြေကို ဖက်ကာ အသနားခံလျှင် ဆရာ ဧကန် ချမ်းသာပေးမှာပါပဲ" ဟု တွေးတော အားယူကာ အိမ်ဘက်သို့ ပြန်လာရှာလေရာ အိမ်အနီးသို့ ရောက်သောအခါ အိမ်ကိုဝင်ရန် မိမိ၏စိတ်ကို အတန်တန် တင်းရှာလေ၏။ သို့ပင် တင်းရှာသော်လည်း ငါ၏မျက်နှာကို လက်ညှိုးထိုးကာ ဧကန်စွပ်စွဲခြင်း ခံရတော့မည်။ ငါ့အပေါ်၌ မကောင်းထင်ကာ မည်သူမျှ စကားမပြောဘဲ နေကြတော့မည်။ ငါ့ကို လူလိမ်လူကောက်ဟု မှတ်ထင်ကာ မကြင်မနာ ပြောကြဆိုကြတော့မည်။ ငါ့ကို အရှက်ကွဲ အကျိုးနည်းဖြစ်အောင် အိမ်ကနှင်၍ ပစ်ကြတော့မည်။ ငါသည် တူရင်းသားရင်း ဆွေမျိုးအရင်းအချာ မဟုတ်သဖြင့် ငါ့အပေါ်၌ မည်သူ ညှာတာမည်နည်း။ ငါ၏စကားကို မည်သူ ယုံကြည်မည်နည်း။ ငါ လူဆိုးသူဆိုးတို့၏ လက်ချက်ဖြင့် တစုံတရာမျှ အနာတရ မရှိပါကလား" စသည်ဖြင့် အတန်တန် တွေးတောလျက် အိမ်ကိုဝင်ဖို့ရန် စိတ်ကို တင်း၍ မရနိုင်ဘဲ မျက်နှာကို အောက်သို့ချကာ နေဝင်ရီသရော အချိန်တွင် အနောက်ဘက်သို့ကြည့်ပြီး ငါ၏ ဆိုးဝါးသော ကံကြမ္မာသည် ငါ့အား အဘယ်အရပ်သို့ ရောက်အောင် ပို့ဆောင်လိမ့်ဦးမည်နည်း။ ငါ၏စိတ်သည် ဤဝင်လုလတ္တံ့သာ နေမင်းပမာ ဤနေရာတွင် ချုပ်ငြိမ်းပပျောက်လျှင် ကောင်းလေစွတကား။ ဩော် မိုးလည်းချုပ်တော့မယ်၊ ငါ ဘယ်ကိုသွားရမည်၊ ငါ အဘယ်မှာ ခိုကိုးရပါမည်နည်း။ ဤဓာတ်ရထား မြင်းရထား လံချား မော်တော်ကား ရထားပိုင်တို့အပေါ်၌ သွားလာကြသူတို့သည် အသီးအသီး ပျော်ရွှင်ကြ၏။ ချစ်သူ ခင်သူတို့ နှစ်ယောက်တတွဲ သုံးယောက်တတွဲ သွားလာဝယ်ခြမ်း စားသောက်သူတို့သည် ငါ၏ ဆင်းရဲဒုက္ခကို တိုး၍ ပြင်းပြစေ၏။ ၎င်းတို့သည် ငါ့အား ဝန်လေးအောင် ပြုကြပေ၏တကား။ ငါ၏လွင့်ပါးခြင်းသည် ဤဆိုးသွမ်းသော အပေါင်းအသင်းများ၏လက်မှ လွတ်မြောက်၍ လူထဲတွင် လူကောင်းတယောက် ဖြစ်အောင် ကြိုးစားခဲ့ရာ ငါ၏ ဆိုးလှသော ကံကြမ္မာသည် ထိုလူဆိုးတို့နှင့် ငါ ပြန်၍တွေ့စေ၏။ ဤဘဝသည် ကောင်းအောင်နေ၍မရသော ဘဝပေတကား။ ငါ၏ ကံကြမ္မာသည် ငါ့အား မကောင်းသော အသက်မွေးရခြင်းဖြင့် ပျော်ပိုက်စေရန် အလိုရှိလေသလား။ ငါ အခု ဘယ်ကိုသွားမလဲ။
ငါသည် ကမ္ဘာပေါ်၌ လူလေလူလွင့် ဖြစ်ရဦးတော့မည်။ ငါ၌ ဂုဏ်အသရေ အရောင်အဝါ ကင်းတော့မည်။ ငါ၌ ယခု ဝတ်၍ထားသော အဝတ်များသည် တဖြည်းဖြည်း ဟောင်းနွမ်းလျက် အလုပ်အကိုင် မရှိ၊ လူညစ်လူပေ လူတေလူပွေ တယောက်ကဲ့သို့ ဖြစ်ရချေတော့မည်။ ငါ၏နာမည်သည် မသေမချင်း ဆိုးသွမ်းလျက် ယုတ်မာသောနာမည်ဖြစ်၍ ကြားသမျှသော သူတို့သည် ဧကန် ရှုတ်ချခြင်း ပြုကြပေတော့မည် စသည့်ဖြင့် တွေးတောကာ စိတ်ကိုတင်း၍မရဘဲ တောင်နှစ်လုံးညှပ်၍ အသတ်ခံရတော့မည့်အလား အတိုင်းမသိ ဝန်လေး၍ နေရှာ၏။
နေမင်းသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်၍ သွားလေ၏။ ဓာတ်မီးများသည် ဝင်းထိန်၍ လာလေ၏။ မဟာဗန္ဓုလလမ်းပိုင်း၌ ညဉ့်ကို နေ့ပြုကာ သွားလာ၍နေကြသော လူအပေါင်းတို့သည် မောင်နေဝင်းနှင့်တကွ မောင်နေဝင်း၏ပူဆွေးခြင်းကို မည်သူမျှ သတိမထားကြချေ။ ၎င်းတို့၏ နေ့သည် ယခုမှ အစပြု၏။ မောင်နေဝင်းမှာမူ ထိုညဉ့်သည် မိမိ၏ဘဝ၌ တွေးတောလေသမျှ ကြောက်မက်ဖွယ် ကောင်းလှသော ညဉ့် ဖြစ်လေ၏။ ထိုကဲ့သို့ တွေးတောပြီးနောက် သွားလာသော လူစုလူဝေးများကို မြင်ရသဖြင့် စိတ်လက်မကောင်းဘဲ အိမ်ကိုလည်း မပြန်ဝံ့သည့်အတွက် ကမ်းနားဘက်သို့ တကိုယ်တည်း မိမိ၏ကံကြမ္မာ မကောင်းခြင်းကို ကျိန်ဆဲကာ လေးလံသော အလေးကို ထမ်းဆောင်၍ နေရသူကဲ့သို့ ကြီးစွာသော စိတ်လက်ပင်ပန်းခြင်းဖြင့် ချည့်နဲ့ယိမ်းယိုင်ကာ တဖြည်းဖြည်း ထွက်သွားရှာလေ၏။
ကမ်းနားဘက်သို့ ရောက်သောအခါ အနောက်ဘက်သို့ ကြည့်လိုက်လေရာ နေရောင်လုံးလုံးကြီး မပျောက်သေးသဖြင့် ရေပြင်မှ ပြန်၍ တက်နေသော နေစွယ်အရောင်ကို ကမ်းနားမှ တကိုယ်လုံး ရပ်တန့်ကာ ရှု၍နေလေ၏။ လေထဲ၌ ငြိမ်သက်စွာ ရွေ့လျားနေကြသော ဖြူစင်ကာ ရွက်လင်းရင်များသည် အေးချမ်းငြိမ်သက်ခြင်း၏ လက္ခဏာကို မိမိ၏ရှေ့တွင် ထင်ရှားစေ၏။ ဤတုံကင်း ဤသမ္ဗန်တို့နှင့် ငါသည် ရောက်ရာ ပေါက်ရာသို့ လိုက်သွားရလျှင် ကောင်းလေစွတကား။ ဤတောက်ပသော ရေအရောင်သည် ငါ၏ပူဆွေးခြင်းကို လှောင်ပြောင်၍ ကစားသည်နှင့် တူ၏။ ထိုရေ၌ ငါ၏အသက်ကို အဆုံးစီရင်ရလျှင် အခုကဲ့သို့သောဘဝထက် ပိုမို မြတ်ချေသေး၏တကား စသည်ဖြင့် တွေးတောကာနေစဉ် အနောက်ဘက်သို့ ကြည့်လိုက်ရာ ငယ်ငယ်က ရီရီနှင့် အတူရပ်ကာ စကားပြောဖူးသောနေရာကို မှတ်မိလျက် စိတ်ငယ်၍ သွားပြီးလျှင် ငါ၏ ယုတ်ညံ့သောဘဝသည် ရီရီ၏ မြင့်မြတ်သော ဘဝနှင့်စာသော် အဝီစိနှင့် တုသိတာကဲ့သို့ ခြားနား၏။ ငါတို့နှစ်ယောက် စပ်ကြား၌ ပင်လယ်ကြီးမျှမက ကြီးစွာသော သမုဒ္ဒရာကြီး ခြားလျက် ရှိ၏။ (ငါသည် လူတို့၏ ရှုတ်ချ ကဲ့ရဲ့ခြင်းကို ခံရဖို့ မွေး၍လာ၏။ ရီရီမှာ အများလူတို့၏ ပူဇော်ခြင်းကို ခံရဖို့ မွေး၍ လာ၏။ ငါ၌ ယခုဖြစ်ရခြင်းသည် ရီရီနှင့် ဘယ်အခါမျှ မတွေ့ရအောင် ဖန်တီးသောအရာနှင့် တူ၏။ ငါသည် ဤမျှလောက်သော ဆင်းရဲဒုက္ခတို့တွင် ကပြောင်းကဆန် နေရ၏။ ရီရီမှာ အဘယ်အရပ်၌ မင်းကတော်ကလေး ဖြစ်၍ နေရှာပါသနည်း) စသည်ဖြင့် တွေးတောကာ ပြင်းပြသော ပူလောင်ခြင်းကြောင့် မျက်ရည်များ သွေ့ခြောက်လျက် ဖာကလေးကို ပိုက်ကာ အနောက်ဘက် လှည့်၍ ခေါင်းငုံ့လျက် ရှိနေ၏။ ထိုအတွင်း နေရောင်သည် လုံးလုံးကြီး ကွယ်ပျောက်ပြီးလျှင် မောင်နေဝင်းသည်ကား နေကိုလည်း သတိမထား၊ မှောင်လည်း သတိမထား တကိုယ်တည်း ဆက်လက်၍ ဖာကလေးပိုက်ကာသာ မိမိ၏ပူဆွေးခြင်းဖြင့် မိမိ၏အသည်းနှလုံးတို့ကို အရည်ပျော်အောင် ကျိုချက်၍ နေရှာလေသတည်း။
နောက်တနေ့နံနက် ဆရာကင်း မရွှေတို့သည် ဦးကြံနှင့် စကားပြောကြရာတွင် "ဘယ့်နှယ့်လဲ ဆရာကင်းရဲ့... သည်လို အရေးတွေမြင်လို့ ကျုပ်အတန်တန် သတိပေးပါကောလား" ဟု ပြောလေရာ မရွှေက "ပစ္စည်း သုံးထောင်ဖိုး လေးထောင်ဖိုးလောက်ကို မနှမြောပါဘူးရှင်၊ ကိုယ်က သားလို တူလို ချစ်ခင်ယုံကြည်ပါလျက် ဒင်း... ဒီလို လုပ်ရက်တယ်ဆိုတာ တွေးတွေးပြီ အသည်းနာတာပါပဲ" ဟု ရင်ဘက်ကိုထုကာ မျက်ရည်စက်လက်နှင့် ပြောရှာလေ၏။ ဆရာကင်းက "ဖြစ်ပြီးတာကို ပြန်ပြီး မပြောပါနဲ့တော့ဟယ် ဒင်းကလေးကလည်း ဒီလောက်တောင်တော့ မရိုင်းပါဘူး။ ဘယ်လိုဖြစ်တယ် ဆိုတာ ဘုရားမှ သိမှာပဲ" ဟု ပြောကာ ပက်လက်ကုလားထိုင်ပေါ်တွင် ပက်လက်လှန်လျက် ပုတီးစိပ်၍ နေလေ၏။ ဦးကြံက "ဘယ်လို ဖြစ်သလဲဆိုတာ ပုလိပ်ကိုတိုင်ရင် သိမှာပေါ့" ဟု ပြောလေရာ… မရွှေက "ပုလိပ်ကိုလည်း မတိုင်ချင်ပါဘူးရှင်... ဒင်းမှာ သည်ပစ္စည်းများနဲ့ ချမ်းချမ်းသာသာ နေနိုင်ပါစေလို့သာ ဆုတောင်းရတော့မှာပဲ... မောင်မင်းကြီးသား တော်ပါပေရဲ့… ကျေးဇူးသိပါပေရဲ့... ရက်စက်ပါပေရဲ့တော်... ဘုရားပြပါလိမ့်မယ်၊ ဘုရားမနေပါဘူး၊ မကြာမီ ပြပါလိမ့်မည်" ဟု ပြောကာ လက်ကိုင်ပဝါနှင့် နှာခေါင်းကို ညှစ်ရှာလေ၏။ ဆရာကင်းသည်ကား စကားတလုံးမှ မပြောဘဲ ဆိတ်ငြိမ်စွာ ပုတီးကိုသာ စိပ်၍ နေလေ၏။
အထက်၌ ဖော်ပြခဲ့သောအခန်း၌ ဖြစ်ပွားခဲ့သော အရေးများ ကြုံကြိုက်ပြီးသည့်နောက် နှစ်ပေါင်းများ မကြာမီ မိုးဥတု အခါသမယတွင် ထန်းတပင်ကွေ့၌ နှစ်ထပ်သင်္ဘောကလေး တစင်းသည် မိုးသက်လေထဲတွင် မချိမဆံ့ လှုပ်ရှား၍ နေလေ၏။ ထိုအခါ မွန်းလွဲချိန်ခန့် ရှိလေ၏။ သင်္ဘောပေါ်ရှိ လူပေါင်း နှစ်ရာခန့်တို့မှာ ပထမ လေကျစ၌ သင်္ဘောအနည်းငယ် လှုပ်ရှားသောအခါ ခရီးသည်တို့ ဘာဝ ပျော်ရွှင်စွာ ရယ်မောပြောဆိုခြင်း မပျက်ကြဘဲ ထူးခြားသော တွေ့ကြုံခြင်းဖြင့် ပျော်ပွဲကို တွေ့ကြုံသကဲ့သို့ မှတ်ထင်ကြ၏။
မိုးသက်လေထကာစ၌ ခရီးသည်တို့မှာ လွန်စွာငြိမ့်၍ ညိုမှိုင်းသော ကောင်းကင်နှင့် ရေပြင်မှာ စိတ်လက်ကြည်နူးစရာ တခန်းကြီး ဖြစ်လေ၏။ ချစ်သူ ခင်သူတို့နှင့် ကွဲကွာ၍ လာသူတို့မှာ လွမ်းတလှိုက်ဖိုကာ မျက်ရည်များ လည်ကြ၏။ သားသမီး ရင်သွေးတို့နှင့် ဝေးကွာသူတို့မှာ စိတ်ကို ဖြေ၍ မရနိုင်ကြချေ။ ချစ်သူနှင့် နှစ်ကိုယ်တူ ချိုမြူကာ ပြောဆို၍ လာကြသူတို့မှာ ကြီးစွာသော ကြည်နူးခြင်းကို ခံစားကြရလေ၏။ သို့သော်လည်း ထိုကြည်နူး ရွှင်ပျ လွမ်းတရခြင်းသည် အဘယ်သို့သော ငြိုငြင်ခြင်း အဖြစ်သို့ ရောက်မည်ကို ရုတ်တရက် မသိရှာကြချေ။
အကြောင်းမူကား မကောင်းသောကံကြမ္မာတို့သည် အခါများစွာ မက်မောဖွယ်သော ပြင်ပ လက္ခဏာဖြင့် ချဉ်းကပ်၍ လာတတ်ကြ၍ လှပသော မီးပွားသည် ကြောက်မက်ဖွယ်သော မီးတောက်၏အဖြစ်သို့ ရောက်သည့်အလား ကစား၍ လာတတ်ပေသည်။
မိုးသက်လေသည် မရပ်မနားဘဲ အတန်ကြာ ဆက်၍ ထလေရာ ဆက်လက်၍ ပျော်စရာကြီး ဖြစ်လေ၏။ အနည်းငယ် သတိတရား ရသူတို့သည်ကား အတန်ကလေး သတိထားကြလေသည်။ ထိုမိုးသက်လေသည် တချက် တချက် ရေများကို မြောက်မြားစွာ ထကြွစေသည့်အခါ ပျော်သောသူတို့သည် တချက် တချက် ထိတ်လန့်၍ သွားကြလေ၏။ ထို ကြီးစွာ ထကြွသော လှိုင်းတို့သည် ဖွေးဖွေးလှုပ်ကာ ခုန်ကြ ကြွကြလျက် မရပ်ဘဲ ဆက်လက်ရှိသောအခါ သင်္ဘောသည် ဝဲယာသို့ ယိမ်းလေ၏။ ထိုအခါ ခရီးသည်တို့သည် အနည်းငယ် ပိုမို ကြောက်ကြလျက် သင်္ဘော တဖက်မှ တဖက်သို့ အပြန်အလှန် ရွှေ့ပြောင်းကြလေ၏။
သင်္ဘောသား၊ ခရီးသည်တို့နှင့် ဆလင် စသည်တို့က လူများအား ငြိမ်ငြိမ်နေကြရန် သတိပေးသော အခါ ၎င်းတို့၏မျက်နှာ၌ ကြောက်မက်ဖွယ်သော လက္ခဏာ အမူအရာကို ခရီးသည်တို့သည် မြင်ကြသဖြင့် အပျော် အလွမ်း ကြည်နူးခြင်းတို့သည် လုံးလုံးကြီး ပျောက်သွားလေ၏။ ကြောက်ရွံ့ခြင်းသည် အစိမ်းသရဲပူးသလို လူအားလုံးတို့၏ကိုယ်၌ ပူးကပ်ကာ မျက်နှာများ အထင်အရှား ပြကြ၏။ မိုးသက်လေသည်ကား ကြီးစွာသော ပျော်ရွှင်ခြင်းဖြင့် တအုန်းအုန်း ရယ်မောကာ ခရီးသည်တို့နှင့် သင်္ဘောကို အနိုင်ကျင့်လာလေသတည်း။
မိခင်တို့သည် ရင်သွေးသားငယ်ကို ပွေ့ပိုက်ကာ သင်္ဘောဦးမှ သင်္ဘောပဲ့တိုင်အောင် ပြေးလွှားကြ၏။ ချစ်သူခင်သူ လင်မယား မောင်နှမ သားအမိ သားအဖ သမီးရင်းချာတို့သည် တယောက်ကို တယောက် ကြောက်အားနှင့် တွယ်ကာ အော်ဟစ်ကြ၏။
မည်သူသည် မည်သူ့ကို ကယ်နိုင်ပါအံ့နည်း။ လှိုင်းတံပိုးတွင် လုံးပန်း၍နေသော သင်္ဘောသည် မိမိ၏အပေါ်၌ တုန်လှုပ်ကာနေကြသော သူတို့ကို သတိမရနိုင်။ မိုးနတ်သား၊ လေနတ်သားတို့သည် အဘယ် အပြစ်ဒဏ်ကြောင့် ဤသင်္ဘောနှင့် ဤလူတစုကို လာ၍ အနိုင်ကျင့်ကြပါသနည်း။
ကမ်းခြေ၌ရှိသော လူမြောက်မြားစွာတို့သည် ထိုကဲ့သို့ ဒုက္ခတွေ့နေရရှာသော သင်္ဘောကလေးနှင့် ခရီးသည်တို့ကို ကယ်ဆယ်လိုသည်ဖြင့် အော်ဟစ်ကာ နေကြလေ၏။ ဤမျှလောက် ထကြွသော လေမိုးလှိုင်းတံပိုးထဲတွင် မည်သူ စွန့်၍ ကယ်နိုင်ပါသနည်း။
ထိုကဲ့သို့ ကြည့်ရှုနေကြသူတို့တွင် အိမ်ခြေ မတည်၊ ဧည့်သည်အလား ကပ်ပါးလူပိုပမာ အရပ်ကို လှည့်ကာ အခြေမကျ အနေမကျရှာ၊ ခြေသလုံးကို တိုင်ပြု၍ နေရရှာသော ယောက်ျားတယောက်သည် ပါရှိလေ၏။ ထိုယောက်ျားပျိုသည် ဤသို့ အရေးကြုံကြိုက်သော အခါသမယ၌ ဤဆိပ်ကမ်းတွင် ရှိသော တံငါအိမ်တအိမ်တွင် ကပ်ရပ်ကာ တံငါများ အလားတူ လှေငယ်တစင်းနှင့် လိုက်ပါလုပ်ကိုင်ကာ ငါးသားပုစွန်တို့ကို ရှာလျက် မိမိကို ထမင်း ကျွေးမွေးထားသော တံငါသည်များ၏ အလိုက်ကို သိစွာ လုပ်ကိုင်၍ နေရရှာသူတယောက် ဖြစ်လေရကား- မိုးသက်လေသက်များ ကျသဖြင့် လှေငယ်ကို ကမ်းပါး၌ ချီကပ်ကာ မိမိ၏အဖော် တံငါသည်နှင့် ကမ်းပေါ်မှ သင်္ဘောကလေးကို ရပ်၍ ကြည့်နေလေ၏။
၎င်းကြည့်၍ နေကြသူတို့အနက် များစွာသော မိန်းမ ယောက်ျားတို့မှာ လှုပ်ရှားကာ ရေလှိုင်း အကြားဝယ် အလောသုံးဆယ် ဖြစ်၍ရှာသော သင်္ဘောကလေး၌ ပါလာသည်ဟု သတင်းရရှိသော မိမိတို့၏ အသိမိတ်ဆွေ ဉာတိ သင်္ဂဟတို့အတွက် လွန်စွာ ပူပန်လျက် ရင်ကိုမကာ "ဘုရားကယ်ပါ သိကြားကယ်ပါ" ဟု အော်ဟစ်ညည်းညူရှာကြလေ၏။ အဆိုပါ ယောက်ျားပျိုကလေးမှာမူ ထိုကဲ့သို့ ပူပန်ရန် အကြောင်းမရှိ၊ ထိုသင်္ဘော၌ အသိလည်း မပါ၊ ဉာတိလည်း မရှိ၊ မိမိမှာ ဤကမ္ဘာမြေ မျက်နှာပြင်တွင် တကောင်ကြွက် တမျက်နှာ ဖြစ်သောကြောင့် မိမိအတွက်လည်း မည်သူမျှ မပူ။ သို့အတွက် မည်သူ့အတွက်မှလည်း မိမိမှာ ပူပင်သောကဖြစ်ဖို့ မရှိချေ။ သို့သော်လည်း ဤသင်္ဘောငယ်ကလေးနှင့်အတူ နစ်မွန်းပျက်စီး သေဆုံးကြရတော့မည်ဖြစ်သော ယောက်ျား မိန်းမ ကလေးသူငယ်တို့၏အကြောင်းကို တွေးလိုက်သောအခါ လူသတ္တဝါ အချင်းချင်းတို့၌ မကင်းနိုင်သော အခါ စိတ်၏ဆက်ဆံခြင်း ကြင်နာရင်း ဓမ္မတာ သဘာဝဓာတ် သဘော၏ နှိုးဆော်ခြင်း ကရုဏာဖြင့် အလွန်တရာ သနားလျက် ကယ်ဆယ်လိုသောစိတ်သည် မိမိ၌ အလိုအလျောက် များစွာ ပေါ်ပေါက်၍ လာလေ၏။ သို့သော်လည်း ဤမျှလောက် သောင်းကျန်း ထကြွသော ရေအပြင်၌ မိမိအသက်ကို အသို့လျှင် စွန့်ဝံ့ရှာပါမည်နည်း။ ၎င်းသူငယ်သည် ထိုကဲ့သို့ စွန့်စားသွားရောက် ကယ်ဆယ်ရန် စိတ်ကူးလိုက်သောအခါ ကြီးစွာသော ထိတ်လန့်ခြင်းသည် မိမိ၏ ကိုယ်စိတ်နှစ်ပါးကို ဖမ်းစားလျက် မည်သူမျှ မတတ်နိုင်သောအရာကို ငါသည် အဘယ်နည်းနှင့် တတ်နိုင်ပါအံ့နည်။ ဤအရေး၌ ငါ စွန့်စားလျှင် ငါ့အား မည်သူသည် အရူးဟူ၍ မဆိုဘဲ နေပါအံ့နည်း။ အများကြည့်ရှုသူတို့မှာ ကောင်းစွာ နေစိမ့်ပါလျက် ငါ ဘယ်အတွက် အေးအေးမနေသင့်ပါသနည်းဟု တွေးတောကာ နေလေ၏။
သို့ပင် တွေးတောငြားသော်လည်း မိမိ၏စိတ်၌ ကယ်ဆယ်ရန် နှိုးဆော်၍နေသော အရာတခုမှာ ခုခံခြင်းငှာ မစွမ်းနိုင်အောင် ရှိလေ၏။ မိမိ၏စိတ်ကို နေစိမ့်အောင် ထားလိုက်သော်လည်း နင်သွား၍ ကယ်ရမည် ဟူသော မိမိ၏နား၌ ထပ်ခါထပ်ခါ ကြား၍ နေရသကဲ့သို့ ဖြစ်လေ၏။
ထိုစကားသည် မည်သူ၏ စကားပေနည်း။
ယင်းကဲ့သို့ စိတ်ထဲ၌ နှိုးဆော်ခြင်းကို အတန်တန်ခံ၍ နေရသောအခါ ငါ၏ဘဝသည် အသုံးမကျသော ဘဝ ဖြစ်၏။ အကျိုးမရှိသောဘဝ ဖြစ်၏။ နောင် အရှည်သဖြင့် အသက်ရှင်၍နေလျှင် ဒုက္ခဆင်းရဲခြင်းသာလျှင် ပိုမို၍ များဖွယ်ရာ ရှိ၏။ ငါ သွား၍ စွန့်စားကယ်ဆယ်နိုင်သော သူ၏အဖြစ်သို့ ရောက်နိုင်ပေလိမ့်မည်။ ဤမြင့်မြတ်သောအမှုကို ပြုခြင်းကြောင့် ငါ၏အသက် ဆုံးရှုံးလျှင် ဤဘဝသာလျှင် ဆုံးရှုံးဖို့ရှိ၏။ နောက် ဘဝအဆက်ဆက်၌ သူတပါး ကယ်ဆယ်နိုင်သော သူ၏ အဖြစ်သို့ ရောက်နိုင်ပေလိမ့်မည်။ လောက၌ တပါးသူကို အသက်ဘေးမှသော်လည်းကောင်း၊ ဆင်းရဲဒုက္ခမှသော်လည်းကောင်း ကယ်ဆယ်ခြင်းသည် ဘုရားကိုယ်တော်မြတ်တို့ ဖြည့်ကျင့် ဆည်းပူးသော ပါရမီဖြစ်၍ ကယ်ဆယ်နိုင်သောဘဝကို ရခြင်းသည် လွန်စွာမြင့်မြတ်သော အရာ ဖြစ်လေသည် စသည်ဖြင့် တွေးတောကာ စွန့်ခြင်းပြုပါတော့မည်ဟု အားခဲလိုက်ပြန်ရာ မိမိ၏ ရှေ့ရှိသော ကြောက်မက်ဖွယ်ကောင်းလှသော သဏ္ဌာန်ကို မြင်ရသောအခါ တကျောလုံး စိမ့်လောက်အောင် အေးပြီး ကြောက်သွေးတွေ ဖြန်း၍လာလေ၏။
သို့သော်လည်း စိတ်၌ နှိုးဆော်ခြင်းသည် မရပ်မနား... သွား သွား သမ္ဗန်ပေါ်ကိုဆင်း၊ ခုချက်ချင်း ကယ်ရမည် ဟူသော မိမိ၏အသက်ကို အဆုံးစီရင်ရန် ဖန်တီးသော မကောင်းသော ကံကြမ္မာ၏ နှိုးဆော်ခြင်းပင် ဖြစ်လေသလား။
ထိုကဲ့သို့ အကြောင်းနှင့် စွန့်စားခြင်းသည် စိတ်ထဲ၌ အပြန်အလှန် နပန်းလုံးသလို ဖြစ်၍နေစဉ် လှိုင်းလုံးများသည် မဆုတ်မယုတ် တိုးတက် ကြီးမား၍ လာလေ၏။ လေဖြင့်ပါလာသော သင်္ဘောသူ သင်္ဘောသား ခရီးသည်တို့၏ ငိုသံ အော်သံ၊ ကယ်ပါ ယူပါ ဟူသော အသံများသည် ငရဲပြည်မှ ထွက်ပေါ်သော အသံကဲ့သို့ နားထဲသို့ လုံး၍ ဝင်လာလေ၏။ သင်္ဘောကလေးမှာ လှိုင်းထဲတွင် ငုံ့ချည် ပေါ်ချည် ယိမ်းချည်ယိုင်ချည် နေလေ၏။ သင်္ဘောပေါ်ရှိ လူအပေါင်းတို့သည် စုတ်ပြတ်ပျက်စီး အက်ကွဲနေသော အမိုးအောက်၌ ခိုကိုးရာမဲ့သော လက္ခဏာနှင့် ပြေးကာလွှားကာ နေကြရှာသည်ကို တွေ့မြင်ရလေ၏။
ထိုအခါ ကမ်းပါး၌ ရပ်ကာ ကြည့်ရှု၍ နေကြသော မိန်းမအချို့တွေကား ရင်ကိုထုကာ အမယ်လေး ကယ်ကြပါ၊ ကယ်နိုင်သူ မရှိကြဘူးလား၊ သင်္ဘော နစ်တော့မယ်... သေကြရှာတော့မယ်... ပျက်စီးကြရှာတော့မယ်... ကယ်နိုင်သူ ကယ်ကြပါ၊ ကယ်နိုင်သူ တယောက်မှ မရှိကြဘူးလားဟု အော်ဟစ် ဆူညံကာ ကမ်းပါးတလျှောက်တွင် ပြေးလွှားကာ နေကြလေ၏။
အဆိုပါ လူပျိုသည် ထိုအသံများကို ကြားရသောအခါ ရင်ထဲ၌ ဆို့၍ လာပြီးလျှင် သင်္ဘောပေါ်ရှိ လူသတ္တဝါအပေါင်းတို့အတွက် ကြီးစွာသော သနားခြင်းစိတ်သည် ဖိစီး၍လာသောကြောင့် ကြောက်စိတ်တွေ အကုန်ပျောက်ပြီး အနီး၌ရှိသော သမ္ဗန်တခုထဲသို့ အတင်း ပြေးဆင်းလေ၏။
ကြည့်ရှုအော်ဟစ်သော ယောက်ျားတို့သည်ကား... ကယ်ဆယ်ရန် စွန့်စားကာ နုနယ်ပျိုမြစ်သူ ယောက်ျားကလေးကို မြင်ကြရပြန်သောအခါ "မင်း မကယ်နိုင်ဘူး၊ မောင်ရင်ကလေး ဒုက္ခတွေ့တော့မယ်၊ မောင်အသက် ငယ်ငယ်လေး ရှိပါသေးတယ်။ မစွန့်စားပါနဲ့ မောင်ရင်ရဲ့၊ ဆိုင်းပါဦး" ဟု အချို့သောမိန်းမများက အော်ကြ၏။
ယောက်ျားပျိုသည်ကား ၎င်းတို့၏ စကားကို နားမကြားဘဲ သမ္ဗန်ထဲသို့ ရောက်လျှင်ရောက်ခြင်း ကြိုးကိုဖြုတ်ကာ သင်္ဘောရှိရာသို့ အားကုန်ခတ်၍ သွားလေ၏။ လှိုင်းလုံးကြီးများသည်ကား သမ္ဗန်ကလေးကို စီး၍ မျိုရန် ပြင်ဆင်သော မြွေနဂါးကြီးများကဲ့သို့ ဖွေးခနဲ ဖွေးခနဲ၊ မည်းခနဲ ရိပ်ခနဲ ထကာ ကြွကာ ဟပ်ကြ၊ တမ်းကြ အုပ်ကြသကဲ့သို့ မှတ်ထင်ရလေ၏။ ရဲရင့်သော ယောက်ျားပျိုသည်ကား ထိုလှိုင်းလုံးများကို ခွင်းနှံကာ အပြင်းအထန် ခတ်၍ သွားလေရာ လှိုင်းများအကြားတွင် သမ္ဗန်သည် မြုပ်ချည်၊ ပေါ်ချည်၊ ငုံ့ချည်၊ ကြွချည်ဖြစ်လျက်၊ တချက်တချက် သမ္မန်မှာ လှိုင်းပေါ်သို့ မြောက်၍တက်ကာ ရေနှင့် အတန်ကလေး လွတ်သွားပြီးမှ ရေပေါ်သို့ ပြန်ကြလေ၏။ ထိုကဲ့သို့ ကျသည့်အခါ ရေပန်း ရေမြှုပ်တို့သည် ဖွေးဖွေးလှုပ်လျက် သမ္ဗန်ကို မမြင်ရအောင် ဖြစ်သွားလေ၏။
ကမ်းပေါ်၌ရှိသော မိန်းမ ယောက်ျားတို့သည်ကား ရင်ကို မ ကာ လက်ခုပ်လက်ဝါးတီးကာ အသက်ကိုမှ မရှူနိုင်ကြရှာဘဲ သင်္ဘောပေါ်ရှိလူများအတွက် စိုးရိမ်ပူပန်သောစိတ်တို့သည် ထိုသမ္ဗန်နှင့် သမ္ဗန်သမား၏အပေါ်သို့ ကျရောက်လျက် တော်ပါပေရဲ့၊ ယောက်ျား ပီသပါပေရဲ့၊ အာဇာနည် မှန်ပါပေရဲ့၊ နတ်များ သိကြားများ ကူညီစောင့်ရှောက်ကြပါစေ။ ချမ်းသာစွာ ရောက်ပါစေ စသည်ဖြင့် မေတ္တာဓာတ် လွှတ်ကြလေ၏။
ထိုသမ္ဗန်လေးသည်လည်း ၎င်းမေတ္တာ စိတ်ဓာတ်တို့၏ အစွမ်းကြောင့် မနစ်မြုပ်ဘဲ သွားလေရာ လမ်းခုလတ်အရောက်တွင် သင်္ဘောသည် ဆတ်ဆတ်ခါ၍ တုန်ပြီးလျှင် မချိသော ဝေဒနာကို ခံစားရသော တိရစ္ဆာန်ကဲ့သို့ မတ်တတ်တစောင်းလဲ၍ သွားလေရာ၊ စီခနဲ ညံခနဲ မြည်သောအသံများ မိုးတိမ်အဖျားသို့တိုင်အောင် ဖောက်ထွင်း၍ သွားလေ၏။ မကြာမီက လေနှင့် နပန်းလုံးကာ ရုန်းရင်းဆန်ခတ်ဖြစ်၍နေသော သင်္ဘော၏နေရာ၌ လှိုင်းလုံးများကိုသာ တွေ့ရှိရလေတော့သတည်း။
ထိုအခါ သမ္ဗန်သမားသည် အားမလျှော့ဘဲ ပြင်းပြင်းကြီးခတ်၍ သွားလေရာ လှိုင်းများပေါ်တွင် မည်းခနဲ မည်းခနဲ ပေါ်သော ဦးခေါင်းများသည်လည်းကောင်း၊ အထက်သို့ မြောက်၍ တက်လာသော လက်များကို လည်းကောင်း စ၍ မြင်ရလေ၏။ မကြာမီ ၎င်းတို့ရှိရာသို့ ရောက်သွားလေရာ ရေပေါ်၌ တပိုင်းမြုပ် တပိုင်းပေါ် ကူးယက်နေကြသော ယောက်ျား မိန်းမအချို့တို့သည် သမ္ဗန်ကို ဆွဲမိကြလေ၏။ သမ္ဗန်သည် ၎င်းတို့ဆွဲ၍ တင်လေရာ သမ္ဗန်လေးမှာ နှစ်ကြိမ် သုံးကြိမ် မှောက်တော့မည် ဖြစ်သောကြောင့် ကမ်းပေါ်မှ ကြည့်ရှုသူတို့မှာ အသက်ကို မရှူနိုင်ဘဲ ပါးစပ်ဟကာ ငေးပြီး အမယ်လေး... အမယ်လေး ဟူ၍ ညည်းညူမှန်းမသိ ညည်းညူကာ ရင်ထဲတွင် ထိတ်ကာ ဖိုကာ အလိုလို မော၍ နေကြလေ၏။
သမ္ဗန်သမားသည်ကား တယောက်ပြီး တယောက် ဆွဲ၍တင်ရာ သမ္ဗန်ပေါ်သို့ ၆ ယောက် ၇ ယောက် ရောက်ပြီးနောက် ဆက်လက်၍ ဆိုင်းငံ့လျှင် ရှိသမျှတွေ အကုန်အစင် ဝိုင်း၍ တွယ်ကြချေက အားလုံး သေကြေ ပျက်စီးကြရပေလိမ့်မည်ဟု တွေးကာ ကြွင်းကျန်သောလူများကို သနားသော်လည်း ကြည့်မိလျှင် ဆိုင်းငံ့၍ နေမိမှာ စိုးသောကြောင့် မကြည့်ဘဲ ပြန်၍ ခတ်မည်အပြုတွင် သမ္ဗန်အနီး၌ လက်ကောက်တွေ လက်စွပ်တွေနှင့် ပြောင်လက်ဖြူစင်သော လက်တဖက်သည် ရေထဲမှ ပေါ်ထွက်၍ လာသည်ကို တွေ့ရသဖြင့် ထိုလက်ကို လှမ်း၍အဆွဲတွင် သမ္မန်သမားသည် သမ္မန်၏ လှုပ်ရှားခြင်းကြောင့် မိမိ၏ကိုယ်ကို ဟန်၍ မရဘဲ ရေထဲကို ထိုး၍ ကျသွားလေရာ ကမ်းနားရှိ လူအပေါင်းတို့မှာ စီခနဲ ညံခနဲ ဖြစ်သွားကြလေ၏။ အကြောင်းမူအား ပေါ်လာသော လက်နှင့်အတူ သမ္ဗန်သမားသည် ရေထဲတွင် ပျောက်၍ သွားလေ၏။
နောက်စက္ကန့် အနည်းငယ်ကြာသောအခါ ဆံပင်တွေ ဖိုးရိုးဖားရားနှင့် မိန်းမတယောက်ကို လက်တဖက်နှင့် ပွေ့ကာ ပေါ်၍လာလေ၏။ ကြည့်ရှုသူတို့သည် တဖန်အားတတ်၍ အော်ကြ ဟစ်ကြပြန်လေ၏။ သို့သော်လည်း သမ္ဗန်မှာ လွင့်၍ ပါသွားသောကြောင့် ဝါးတရပ်နီးနီး သမ္ဗန်နှင့် ဝေး၍ နေလေရာ သမ္ဗန်သမားသည် ထိုမိန်းမကို ပွေ့ပိုက်ကာ သမ္ဗန်ရှိရာသို့ တစောင်းထိုး၍ သွားလေ၏။
အတန်ကလေးကြာသောအခါ သမ္ဗန်ရှိရာသို့ ရောက်၍ သမ္ဗန်ကို ကိုင်မိလျက် မိမိလက်တဖက်နှင့် ထိုမိန်းမ၏ ခါးကိုပွေ့ကာ သမ္ဗန်ကို ကိုင်ထားလေ၏။ သို့သော်လည်း သမ္ဗန်ပေါ်သို့ မတက်နိုင်ချေ။ အကယ်၍ သမ္ဗန်ပေါ်ကို အတင်းတက်လျှင် သမ္ဗန်လွတ်လျက် အားလုံး သေဖွယ်ရာ ရှိလေ၏။
ထိုအတွင်း သမ္ဗန်ပေါ်၌ လဲ၍နေကြသော ယောက်ျား မိန်းမများအနက် တယောက်သော ယောက်ျားသည် သတိရပြီးလျှင် သမ္ဗန်ပေါ်၌ ထိုင်ကာ လက်လှမ်း၍ ယူသဖြင့် အတော်ပင် ခက်ခဲစွာ သမ္ဗန်ပေါ်သို့ ရောက်အောင် တက်ရပြီးနောက် မိန်းမကို ဆွဲ၍ တင်လေ၏။
ထို့နောက် အသေကဲ့သို့ ငြိမ်သက်စွာနေသော မိန်းမကို မိမိ၏ရှေ့တွင်ချကာ လှော်တက်များကို ကိုင်ကာ အမြန်ခတ်သွားလေ၏။
မိမိ၏ရှေ့၌ ဆံပင်များကို ဖြန့်ကာနေသော မိန်းမပျိုသည် အလွန်တရာ ဖြူစင်သန့်ရှင်းလှပသော အဆင်းရှိလေ၏။ ၎င်း၏ ငြိမ်သက်သော ကိုယ်လက်အင်္ဂါတို့မှာ လွန်စွာ နူးညံ့ပျော့ပျောင်းလျက် သွယ်မြှောင်ဖြောင့်စင်း၍ သေးသွယ်သောခါး၊ ကားသောတင်၊ ကြွားသောရင်တို့မှာ အလွန်တရာ အကျအဆင်း ညီညွတ်လျက် မပိန်လွန်း၊ မဝလွန်း၊ မရှည်လွန်း၊ မပုလွန်းသောသဏ္ဌာန် ရှိ၏။ ခပ်သွယ်သွယ်ရှိသော မျက်နှာ၊ ထင်ပေါ်သော နှာခေါင်း၊ ဖောင်းလျက် မှိတ်၍နေသော မျက်လုံးများ၊ ရှည်လျားသော မျက်တောင်၊ ဆေးမင်ဆွဲထားသလို ဖြောင့်တန်းရိပ်လွင်သော မျက်ခုံးမွေး၊ ဆံပင်ကလေး တခြမ်းအုပ်၍ လှပသော နဖူး၊ ရှည်လျားနက်ပြောင်သော ဆံပင်၊ ယဉ်ကျေးသော မျက်နှာတို့မှာ နှင်းဆီပွင့်ပမာ နီမြန်းလျက် ဝင်းလက်၊ ညီညွတ်သော သွားလေးများနှင့် စပ်ဟပ်လိုက်သောအခါ ပန်းချီဆရာတို့ ရှုံးလောက်သော ပုံသဏ္ဌာန် ဖြစ်လေ၏။ ဖြူစင်ပါးလွှာသော ပဒုမ္မာအင်္ကျီ၏အောက်၌ အထင်းသား ပေါ်ရှိနေသော အသားဆိုင်ကလေးများမှာ ဖြူဝင်းပပ တိမ်အကြားမှ ထွက်ပေါ်စဖြစ်သော လမင်း၏အဆင်းနှင့် တူလေ၏။ ရေစွတ်သော ဖဲထဘီမှာ ဖြောင့်စင်း ပြည့်ဖြိုးသော အသားတွင် ကပ်လျက်နေလေရာ နီမြန်းသော ဒူးခေါင်းကလေးနှင့် ခြေသလုံးသားတွင် စိမ်းလန်းသော အကြောကလေးများ ပေါ်၍ နေသဖြင့် သမ္ဗန်သမားသည် ထဘီစကလေးကို လက်ဖျားကလေးကိုင်ကာ ခြေသလုံးကို ကောင်းစွာ အုပ်မိအောင် ဆွဲချလိုက်လေ၏။
သမ္ဗန်ပေါ်ကနေ၍ ဆွဲသောသူသည် မိမိနေရာတွင် ပြန်လှဲကာ နေလေ၏။ သမ္ဗန်သမားကလေး သည်ကား သမ္ဗန်ခတ်ရင်း ဤမျှလောက်လှသော ယမင်းရုပ်ကလေးကို ကယ်ဆယ်ရခြင်းသည် ငါ၏ မွန်မြတ်သောအလုပ်၌ ကြီးစွာသော အကျိုးပေးတည်းဟု အောက်မေ့ကာ အကြောက်စိတ် ဟူသမျှ ပြေပျောက်ပြီးလျှင် ထိုမျှလောက်လှသော မျက်နှာကလေးပေါ်သို့ စိတ်ဉာဏ်၊ သက်ဉာဏ် အကုန်အစင် ရောက်လျက် တက်ကြွကာ နေရှာလေ၏။ သို့သော် ၎င်းမိန်းမပျိုသည် ငြိမ်သက်လျက် တချက်မျှ မလှုပ်ရှားဘဲ အသက်ရှူဟန် လက္ခဏာမျှ မရှိသည်ကို မြင်မိသောအခါ အသက်များ ရှိပါသေးရဲ့လားဟု တွေးတောကာ ပူပင်လျက် တက်ပြိုင် ခတ်ကာ တအားကြုံး၍ နွှဲရှာလေသတည်း။
ယင်းသို့လာလေရာ အတန်ကြာသောအခါ ကမ်းခြေသို့ ချမ်းသာစွာ ရောက်လေ၏။ ရောက်လျှင် ရောက်ချင်း တက်နှစ်စင်းကိုလွှတ်ကာ မိန်းမပျို၏ ပျော့ပျောင်းသောကိုယ်ကို ပွေ့ယူကာ သမ္ဗန်ပေါ်မှ ကမ်းသို့ လွှားခနဲ ခုန်၍ကူးပြီး ကမ်းပေါ်သို့တက်ကာ မိမိနေသော တံငါအိမ်သို့ ထိုမိန်းမပျိုကို ပွေ့ကာ ပြေးရှာလေ၏။
များစွာသော လူပရိသတ်သည်လည်း နောက်က ပြေး၍ လိုက်ကြလေ၏။ ထိုကဲ့သို့ ပြေး၍ လိုက်လာကြသော လူစုအထဲတွင် မိမိအရွယ်ခန့်ရှိ သားနားစွာ ဝတ်စားလာသော ယောက်ျားပျို တယောက်သည် ပါရှိလေ၏။ ထိုယောက်ျားသည် အပါးသို့ရောက်သောအခါ မိန်းမပျို၏ မျက်နှာကို မြင်လျှင်မြင်ချင်း ဟိုက်ခနဲ အော်ပြီးလျှင် သမ္ဗန်သမား၏လက်မှ ဆွဲယူကာ ပွေ့မည်ပြုလေရာ သမ္ဗန်သမားသည် ၎င်းကို တွန်းဖယ်လျက် အနားကို မကပ်စေဘဲ တဲအတွင်းသို့ရောက်အောင် ယူဆောင်သွားလေ၏။ ယောက်ျားပျိုသည်ကား သမ္ဗန်သမားကို စောင်းစောင်းမဲ့မဲ့ကြည့်ကာ ခပ်ခွာခွာ လိုက်သွားရလေ၏။ အချို့သော ကာလသားများက စောင်းစောင်းမဲ့မဲ့ ကြည့်သည်ကို မခံချင်ကြ၍ မင်းက ဘာလဲ၊ မြို့အုပ်မို့လား၊ သူ ကယ်လို့ရခဲ့တာ၊ မင်းက ဘာမနာလိုသလဲ စသည်ဖြင့် မကြားတကြား ပြောကြလေ၏။
တဲထဲသို့ ရောက်သောအခါ သမ္ဗန်သမားကလေးသည် အိမ်ရှင် မိန်းမကြီးအား "အဒေါ် အဒေါ် အိပ်ရာပြင်ပါ" ဟု ပြောလေ၏။ အိပ်ရာများ ပြင်ပြီးနောက် မိန်းမပျိုကို အိပ်ရာတွင် ကောင်းစွာ သိပ်ထားပြီးလျှင် "အဒေါ်ကြီး အဝတ်သွေ့သွေ့များရှိရင် မြန်မြန်လဲပေးပါ၊ ကျွန်တော် ရေနွေးအိုး တည်ပါဦးမည်" ဟု ပြောပြီး ရေနွေးအိုးကို တည်လေ၏။
အတန်ကြာသောအခါ မိန်းမပျိုမှာ သွေ့ခြောက်သော အဝတ်များနှင့် အိပ်ရာတွင် ထွေးနွေးစွာ မလှုပ်မရှားဘဲ နေလေ၏။ ရေနွေးကျို၍ ပြီးသောအခါ သမ္ဗန်သမားသည် ရေနွေးများကို ပုလင်းတခုထဲသို့ ထည့်ကာ ဖော့များ လုံခြုံစွာပိတ်၍ အိမ်ရှင် အဒေါ်ကြီးအား တကိုယ်လုံးကို ပုလင်းပူ ကျပ်ထုပ်ထိုးဖို့ရန်ပြောရာ အိမ်ရှင်အဒေါ်ကြီးသည် ကြင်နာသောစိတ်နှင့် ကြိုးစား၍ ပြုစုလေ၏။ ထိုအတွင်း အိမ်ရှင် တံငါသည်ယောက်ျားကြီး ရောက်လာပြီးလျှင် တတ်သမျှနည်းတို့ဖြင့် မိန်းမပျိုကလေး ယောက်ျား မိန်းမတို့သည်လည်း တတ်သမျှ မှတ်သမျှ ပြောဆို ကူညီကြလေရာ မြို့အုပ်မှာ မိန်းမပျို၏အပါး၌ကပ်ကာ ပျာယီးပျာယာဖြစ်လျက် အိမ်ကို ယူဆောင်သွားဖို့ရန် ဟန်ပြင်၍ နေလေ၏။ မိမိသိသောသူ မိန်းမအချို့အားလည်း အဝတ်သစ် အစားသစ်များနှင့် မိမိအိမ်က ဘရန်ဒီပုလင်းကို ယူခဲ့ကြရန် မှာလေ၏။ သမ္ဗန်သမားကလေးသည်ကား မြို့အုပ်မင်းကလေး သဘောမကျမှန်း သိသဖြင့် မိန်းမပျို၏အပါးသို့ လွန်စွာ မကပ်ရှာဘဲ ခပ်လှမ်းလှမ်းကသာ ရပ်၍ အကဲကိုကြည့်ကာ နေလေ၏။
ထိုအတွင်း မြို့အုပ်မင်းက မိန်းမပျို၏အပါးတွင် ထိုင်ကာ အလွန်တရာ ပူပန်သော လက္ခဏာနှင့် နေလေ၏။ ထိုအတွင်း မိန်းမပျိုလေး၏မျက်နှာ၌ သွေးရောင်များသမ်း၍ လာပြီးလျှင် အနည်းငယ် လှုပ်ရှား၍ လာလေရာ မြို့အုပ်မင်းက "ရီရီ... ရီရီ… မရီ" ဟု ခေါ်လေ၏။
ထိုအခါ သမ္ဗန်သမားကလေးမှာ အကြောင်သားငေးပြီး အပါးသို့ ပြေးလာပြီးလျှင် လွန်စွာ အံ့အားသင့်သော အမူအရာနှင့် အပါးတွင် ထိုင်တော့မလို၊ ဝင်၍ ပွေ့တော့မလို၊ ရီရီဟု ခေါ်တော့မလို ဖြစ်၍နေပြီးမှ မိမိအခြေအနေကိုသိသော အမူအရာနှင့် နောက်သို့ ဆုတ်ခွာနေပြီးလျှင် ရီရီဆိုသူ မိန်းမပျို၏မျက်နှာကို မျက်တောင်မခတ်ဘဲကြည့်လျက် ဘယ်က ရီရီ ပါလိမ့်မလဲ၊ နာမည်တူလို့ များလား၊ ပုံပန်းအသားအရေကဖြင့် ငါသိတဲ့ ရီရီနဲ့အတူ အတော်ပင် ခြားနား၏။ အရွယ်ကလည်း လွန်စွာ ခြားနားသည့်အတွက် ငယ်ရုပ်များ ပျောက်လေသလား၊ ရီရီ ရှိသေးလျှင် အခုလောက်ကြာရင် သူ့အရွယ်ပဲ ရှိမှာပဲ၊ ဒီမြို့အုပ်များနဲ့ ဘာများ တော်ပါလိမ့်မလဲ၊ သမီးရည်းစားလား၊ လင်မယားလား၊ မောင်နှမလား။ သို့သော် ဘာပဲတော်တော် ဘယ်လူပဲဖြစ်ဖြစ် ငယ်ငယ်က ငါသိတဲ့ ရီရီပင် ဖြစ်စေကာမူ ငါနဲ့ အဘယ်သို့ သက်ဆိုင်ပါမည်နည်း။ ငါ၏အခြေအနေသည် လွန်စွာ သိမ်ငယ်နေ၏။ ထိုမြို့အုပ်၏ အခြေအနေသည် ရီရီနှင့်သာ ထိုက်တန်၏။ ငါ၌ ဘယ်မျှော်လင့်ဖွယ် ရှိပါအံ့နည်း။ မမှီသည့်ပန်း တုံးခု၍ လှမ်းဖို့ရန် စိတ်ကူးလျှင် ပွဲထဲက ရနိုးလို ဖြစ်ဖို့ရှိပေသည်။ ငါ၏ဘဝနှင့် သူ၏ဘဝသည် ဆီနှင့်ရေကို စပ်ဟပ်၍ မရသကဲ့သို့ ဖြစ်လေသည်။ သို့သော် ရီရီ အမှန်ဖြစ်လျှင် ငါ အသက်စွန့်ရခြင်း၌ အကျိုးနပ်လေ၏ဟု စိတ်၌ဖြေကာ မိမိ၏ နိမ့်ကျသိမ်ငယ်သော အခြေဖြင့် မိမိကိုယ်ကို ဆုံးမကာ တော်ရာမှ နေလေ၏။
နောက် အတန်ကြာသောအခါ မိန်းမပျိုသည် မျက်လုံးများကို ဖွင့်လျက် မိမိ၏နာမည်ကို ခေါ်၍ နေသောအသံကို ကြားသဖြင့် ဟီးခနဲ ညည်းကာ အပါးရှိ မြို့အုပ်၏မျက်နှာ မြင်လျှင်မြင်ချင်း မျက်နှာများ ကြည်လင်လျက် သွေးတို့သည် မျက်နှာသို့ မရှိပြင်းစွာ တက်လာသကဲ့သို့ သေရာမှ ရှင်၍လာသည့်ပမာ အားတက်၍လာရာ ပူနွေးသော နို့ရည်များကို ပါးစပ်ထဲ ထည့်၍ပေးကြလေ၏။ အချို့ကလည်း ကြက်ဥများကို ယူလာကြပြီးလျှင် တိုက်ရန် ပေးကြလေ၏။ မြို့အုပ်မင်းသည် ၎င်းအာဟာရများနှင့် ဘရန်ဒီကို ရောစပ်ကာ မိန်းမပျို၏ခံတွင်းသို့ ဇွန်းနှင့် ထည့်လေရာ အတန်ကလေး ကြာသောအခါ လတ်ဆတ်၍လာလျက် "ကိုဖုန်းကျော် ကိုဖုန်းကျော်... ရီရီကို ကြည့်ပါနော်... ရီရီကို ကယ်ပါ" ဟု သာယာဖြည်းညင်းသောအသံနှင့် ပြောရှာလေ၏။ မြို့အုပ်မင်းက "အားတင်းထားပါ မရီ၊ ကျုပ် ကြည့်ရှုလျက်ပါပဲ၊ ကျုပ် မင့်အသက်ကို ပြန်ပြီးရှင်လာအောင် အားထုတ်နေပါတယ်၊ အခု တော်တော်အားရှိပလား" ဟု မေးလေရာ မိန်းမပျိုက "ဟုတ်ကဲ့ အားရှိပါပြီ၊ ကျွန်မကို ထူစမ်းပါ" ဟု ပြောရာ မြို့အုပ်မင်းသည် မတ်တတ်ရပ်ကာ ပုဆိုးရှည်ကို မင်းသားကျိုက် ကျိုက်လေ၏။ ထိုအခါ မိန်းမပျိုက အနည်းငယ်ကလေး ပြုံးပြလေရာ ဖြူဖွေးသော သွားကလေးများ ဝင်းထိန်ကာ ပေါ်လာလေ၏။
ထိုပြုံးရယ်ခြင်းသည် သမ္ဗန်သမား မောင်နေဝင်း အသည်းနှလုံးကို ဖောက်ထွင်း၍ ငယ်ရုပ်သည် လုံးလုံးကြီး ပြန်၍ ပေါ်လာလေ၏။ ထိုအတွင်း မြို့အုပ်မင်းက ပွေ့ထူလိုက်သောအခါ မောင်နေဝင်း၏ အသည်းထဲတွင် ရိုးရိုးရွရွ ဖြစ်လျက် တချက်တချက်မှာ အပ်နှင့် ဆွသလို မခံချိမခံသာ ဖြစ်၍နေလေ၏။
ရီရီသည် ဖိုးရိုးဖားရား ကျလျက်ရှိသော ဆံပင်များကို ဖြူစင်လှပသော လက်ကလေးများနှင့် နောက်သို့ ဖယ်လိုက်လေရာ လှပသော နဖူးကလေးသည် အထင်းသား ပေါ်၍လာလေ၏။ ထိုင်၍ နေပြီးနောက် မိမိကို လာရောက် ကြည့်ရှုကြသော ယောက်ျား မိန်းမများကို ကြည့်ကာ "ကျွန်မကို ဘယ်သူ ကယ်လာပါသလဲရှင်" ဟု မေးလေရာ ရီရီ၏နံဘေး နောက်နားကျကျမှ ရပ်၍နေသော မောင်နေဝင်းရှိရာသို့ ကြည့်ရှုသူ အများတို့က လက်ညှိုးထိုးကာ "ဟောဒီ မောင်ရင်ပါပဲ" ဟု ပြောကြလေ၏။ မောင်နေဝင်းကလည်း "ကျွန်တော်ပါပဲ" ဟု ပြောလေ၏။ မြို့အုပ်မင်းသည်ကား မောင်နေဝင်းကို ဣန္ဒြေနှင့် ကြည့်ကာနေလေ၏။
မောင်နေဝင်းသည်ကား ကျွန်ုပ်တို့ တွေရှိခဲ့ကြသည်နှင့်အညီ အလွန်တရာ ယဉ်ကျေးလှပသော ယောက်ျားပျိုကလေးတယောက် ဖြစ်သောကြောင့် မြို့အုပ်မင်းစိတ်၌ တမျိုးတမည် ဖြစ်ဖွယ်ရာ အကြောင်း ရှိလေ၏။ အကြောင်းမူကား အချို့သောသူများ မောင်နေဝင်းကိုကြည့်ကာ "ဪ… သူငယ်ကလေးနှင့် သူငယ်မလေး အရွယ်ချင်းကလည်းတူ၊ အလှချင်းကလည်းတူ၊ ဖူးစာဖက်များ ဖြစ်ဖို့ ကယ်ဆယ်ဖို့ ကြုံလေသလား" ဟု ပြောမိကြလေရာ မြို့အုပ်မင်းသည် ထိုစကားများကို ကြားမိလေ၏။ သို့သော်လည်း ရီရီသည် မောင်နေဝင်းဘက်သို့ လှည့်၍ မကြည့်ဘဲ စိန်လက်စွပ် သုံးကွင်း ဝတ်ထားသော လက်တဖက်ကို ဆန့်တန်းကာ ပေးလေ၏။
ကြည့်ရှုနေသော မိန်းမအချို့တို့က "ဟေ့ မောင်ရင်ကလေး မင်းကို ပေးနေတယ်၊ ယူ ယူ... အို လက်ကိုကိုင်ပြီး ချွတ်ရမှာ ရှက်နေသလား" ဟု ပြောလေရာ မောင်နေဝင်းက "ကျွန်တော် ဆုလာဘ်ကို အလိုရှိလို့ ကယ်တာ မဟုတ်ပါဘူး၊ မည်သူမဆို အသက်ကို ကယ်ဆယ်ဖို့ ကြုံရင် ကယ်ဆယ်ရမည့် ဝတ္တရား ရှိပါတယ်၊ ကျေးဇူးများတင်ပါရဲ့ ခင်ဗျား...၊ ဆုလာဘ်ကိုဖြင့် မယူပါရစေနှင့်" ဟု ပြောလေရာ မြို့အုပ်မင်းသည် မောင်နေဝင်း၌ရှိသော ကြီးရင့်သော စိတ်သဘောကို သိရသည့်အတွက် (မျောက်ပါးစပ်က နတ်စကားထွက်သည် ဆိုပြီးလျှင် ချဉ်တင်တင် ကြည့်လေ၏) ရီရီသည်ကား ထိုအသံသည် ယောက်ျားပီသသောအသံ ဖြစ်၏။ ပြောသော စကားများသည်လည်း လွန်စွာ မြင့်မြတ်သောစိတ်ကို သက်သေ ပြ၏။ အဘယ်သို့သော ယောက်ျား ပါလိမ့်မလဲဟု အံ့သြကာ မောင်နေဝင်း၏ဘက်သို့ အသာကလေး ခေါင်းငဲ့ကာ ကြည့်လေရာ၊ မောင်နေဝင်း၏မျက်နှာနှင့် ဆိုင်၍နေလျက် ရုတ်တရက် ပြန်၍ မျက်နှာကို မထိန်းနိုင်ဘဲ ရူပါရုံစိတ်ချင်း ချိတ်ကာဆွဲသလို မျက်တောင်မခတ်ဘဲကြည့်ကာ မျက်နှာမှာ နီမြန်း၍လာပြီးလျှင် ငေး၍နေပြီးမှ ပြန်၍လှည့်သွားပြီးလျှင် ခြေဆင်း၍ ထိုင်နေသော ပေါင်ပေါ်သို့ မျက်နှာကိုချကာ စိုက်ကြည့်လျက် တွေးတောနေသည်မှာ... ဩော် ငါ့ကို တံငါသည်ကြီး တယောက်ယောက် ကယ်သလားလို့ မှတ်ပါတယ်၊ ကယ်တဲ့သူဟာ တံငါသည် မဟုတ်ပါလား၊ လူရည်လူသွေးက သားနားပါဘိသနဲ့၊ သူ့အသက်ကို ရေထဲမှာစွန့်ပြီး ငါ့အသက်ကို အရကယ်ရှာတဲ့ လူစွမ်းကောင်း ပါလား၊ ငါ့ကို ဘယ်လိုများ ကယ်ပါလိမ့်မလဲ၊ ရေထဲက အဘယ်ပုံ ငါ့ကို ဆွဲယူလိမ့်မလဲ၊ ငါ့ကို ရေထဲမှာ ပွေ့ကာဖက်ကာ ယူလာလေသလား၊ အမယ်လေး ငါ့အင်္ကျီကလည်း ပါးဘိသနဲ့၊ ဘယ်ပုံများ ပွေ့ပြီး ယူခဲ့ပါလိမ့်မလဲ (တကတည်း သိများသိရင် အင်မတန် ရှက်စရာကောင်းမှာပါတကား) စသည်ဖြင့် တွေးတောကာ သွေးသားတွေလှုပ်ရှား၊ အသည်းထဲ ရင်ထဲမှာ ယားကျိကျိနှင့် နွေးတခါ အေးတလှည့် မီးယပ်ချမ်းထသလို မောင်နေဝင်း၏မျက်နှာကို မကြည့်ဝံ့အောင် ဖြစ်သွားပြီးလျှင် ငါ သူ့ကို ဘယ်ပုံပြန်၍ ကျေးဇူးဆပ်ရပါ့မလဲ၊ ငါပေးတဲ့လက်စွပ်ကိုတောင် ယူတဲ့လူ မဟုတ်တော့ ကျေးဇူးဆပ်ဖို့ရန် အင်မတန် ခက်မှာပဲ၊ ဘယ်လိုလူစားပါလဲ၊ ဘယ်သူ၏ သားမြေးပါလိမ့်မလဲ၊ သူ ဝတ်ပုံကတော့ ဆင်းဆင်းရဲရဲ၊ ဒါထက် ငါ့ကိုယ်မှာလည်း ငါ့အဝတ် မဟုတ်ပါတကား (အမယ်မင်း ငါ့ကို သူ ပွေ့လာတုန်းက ရှက်စရာကြီးများ ဖြစ်နေမလား၊ ရှက်စရာကြီး ဖြစ်နေရင် သူ မကယ်တာက မြတ်ပါသေးရဲ့) စသည်ဖြင့် တွေးတောကာ "ကျွန်မကိုယ်မှာ ဘယ်သူ့အဝတ်တွေပါလဲရှင်" ဟု မေးလေရာ၊ အိမ်ရှင်မိန်းမကြီးက "တူမကြီးအဝတ်တွေ ရေစိုနေလို့ အဒေါ်ကြီး လဲပေးထားပါတယ်၊ အဒေါ်ကြီး အဝတ်တွေပါ" ဟု ပြောသောအခါကျမှ ရီရီမှာ မျက်နှာကို အနည်းငယ် မော်၍ ကြည့်ဝံ့ရှာလေ၏။ ထိုအတွင်းတွင် မြို့အုပ်မင်း မှာလိုက်သော အဝတ်များ ရောက်လာ၍ တဲဘုံ အခန်းကျဉ်းကလေးထဲသို့ ဝင်ကာ အဝတ်များကို လဲပြီးလျှင် အပြင်သို့ ထွက်သွားလေ၏။
ထိုအခါ မြို့အုပ်မင်း မောင်ဖုန်းကျော်က
"ကိုင်း ရီရီ… ကျုပ်အိမ်ကို လိုက်ခဲ့ပေရော့၊ ကျုပ်အိမ်ကျမှ မင်း ဘကြီးအိမ်ကို လိုက်ပို့ပါ့မယ်၊ အိမ်မှာ အမေနဲ့ အစ်မကြီး ရှိပါတယ်" ဟု ပြောကာ ခေါ်လေ၏။
ရီရီသည် စကားပြန်၍ မပြောဘဲ မောင်နေဝင်းကို အတန်ကလေးကြာစွာ ကြည့်ပြီး "ရှင် ကျွန်မအသက်ကို ကယ်တဲ့လူပါ၊ ကျွန်မ ဘယ်လို ကျေးဇူးဆပ်ရမယ်ဆိုတာ ကြံစည်လို့ မရအောင် ရှိပါတယ်၊ ကျွန်မ တနည်းနည်းနဲ့ ကျေးဇူးမဆပ်ရရင် စိတ်ထဲမှာ အေးတော့မှာ မဟုတ်ပါဘူး၊ အခု သွားဖို့ရန် အခွင့်ပြုပါရှင်၊ အိမ်သားအားလုံးကိုလည်း ကျွန်မ ကျေးဇူး မမေ့ပါဘူး၊ ကျွန်မ မကြာခဏ လာပြီး လည်ပါ့မယ်၊ အခု သွားပါရစေတော့ရှင်" ဟု နှုတ်ဆက်ပြီး မြို့အုပ်နှင့်အတူ လိုက်ပါသွား လေ၏။ မောင်နေဝင်းသည်ကား စကားပြန်မပြောဘဲ မျက်နှာကိုချကာ တွေဝေမိန်းမော၍ နေရစ်ရှာလေ၏။
ထိုကဲ့သို့ နေရစ်သောအခါ အိမ်ရှင် လင်မယားနှစ်ယောက်နှင့်တကွ အပေါင်းသော လူစုတို့က မောင်နေဝင်းအနားသို့ ဝိုင်းအုံ၍ လာကြပြီးလျှင် "မောင်ရင်လေးက တယ်အားနာတတ်တာကိုး၊ ဘာဖြစ်လို့ မယူလိုက်တာလဲ၊ ငွေနှစ်ထောင်ကျော်ကျော်လောက် တန်တယ်၊ အကောင်းသားနဲ့၊ ဘာကိုများ မျှော်လင့်ပြီး ငြင်းပယ်လိုက်ပါသလဲ၊ (မောင်ရင်ကလေးက ဒါထက်ကောင်းတာကိုမြင်လို့) မယူဘဲ နေတယ် ထင်ပါရဲ့" စသည်ဖြင့် သူတခွန်း ငါတခွန်း ပြောကြလေ၏။ (ကာလသား တယောက်က ဒါထက်ကောင်းမှာက နောက်ဗျ၊ အခု ဟိုမြို့အုပ်ငနဲက တွဲထုတ်သွားပြီ၊ အဲဒါ ခက်တာပဲ၊ အခုတော့ ကိစ္စချောတာပေါ့၊ ကိုရင် ခုတင်က သူ လဲထားခဲ့တဲ့ အဝတ်တွေကိုသာ ဝတ်ပြီး အေးအေးအိပ်နေပေတော့ဟု ပြောပြီး (ရေဦးပေါက်လို့ ထင်းတွေလာ၊ အထက်ရွာက ဆီးလို့ ဆယ်လိုက်) ဟု လက်ခုပ်တီးကာ ဆိုလေ၏။ အခြား ကာလသားအချို့တို့က (အောက်ရွာက တချောင်းမှ မရဘူး) ဟု ပျော့အိပျော့အိနဲ့ အသံတွေနှင့် ဆိုကြပြီးလျှင် ထွက်သွားကြလေ၏။ တံငါသည် လင်မယားတို့သည်ကား မောင်နေဝင်း ပြုမူပုံအတွက် မချင့်မရဲဖြစ်ကာ နေကြသော်လည်း တံငါသည်ယောက်ျားက မိမိ၏ မိန်းမအား "ငါတို့တော့ ကော်တာပဲ၊ ဒီသူငယ်မက မျိုးကြီးဆွေကြီး ငွေအိုးကြီးမို့ ငါတို့ကို တော်တော်များများ ကျေးဇူးဆပ်မှာပဲ၊ တရင်းတနှီး ရရင် မကြာမီ အင်းသူကြီး ဖြစ်အောင် သွားပြီး ကြံမယ်၊ မသေခင် တပွဲနှစ်ပွဲ စားရရင် နည်းသလား မိန်းမရဲ့" ဟု ရယ်မောကာ ပြောလေ၏။ မောင်နေဝင်းသည်ကား တကိုယ်တည်း တဲမှထွက်ပြီးလျှင် မြစ်ကမ်းနားသို့ သွားကာ မှိုင်တွေချ၍ နေရှာလေ၏။
ထိုကဲ့သို့ နေခိုက်တွင် ရီရီကို ငါ ကယ်ရ၏။ ရီရီ၏ အသက်သည် ငါ၏အသက် ဖြစ်၏။ ရီရီသည်ကား ငါ့ကို မသိရှာပါတကား၊ ရီရီကို မြို့အုပ် ခေါ်၍သွားပြီ၊ ငါ ကယ်ဆယ်ရသည်မှာ အဘယ်အကျိုး ခံစားရပါသနည်း၊ ရီရီကို ငါ ကယ်ရသည်မှာ သူတို့နှစ်ယောက် ပျော်ရွှင်ချမ်းသာဖို့ ဖြစ်၏။ ယခုမှာ အဘယ်ပုံ ပျော်ရွှင်၍ နေကြပါသလဲ၊ ရီရီသည် ငါ့ကို သေသေချာချာမျှ မကြည့်ဘဲ သူ့လက်ကို ဆန့်၍ပေး၏။ ရီရီ မင်းလက်စွပ်ဟာ ကျုပ် ဘယ်လိုအသုံးချရပါမလဲ၊ ငါ သွားလေရာမှ အမြဲယူဆောင်ခဲ့တဲ့ ဖာအိုဖာစုတ်ထဲ၌ရှိသော ရီရီ၏ လက်ကိုင်ပဝါနှင့် ရီရီ ငယ်ငယ်က ထားဝယ်မှ ပို့လိုက်သော ပစ္စည်းအစအနတို့သည် ငါ့အား အဘယ်အကျိုးကိုမျှ ပေးတော့မည် မဟုတ်ချေ။ ရီရီသည် ငါ့ကို ယခုမသိ (သိလျှင် ငါ့ကို သာ၍ ရှောင်လိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏ဘဝသည် ညံ့ဖျင်းသောဘဝ ဖြစ်သဖြင့် မိမိနှင့် အဘယ်မျှလောက် ကွာခြားလျက် မတန်မရာ ဖြစ်သည်ကို သိပေလိမ့်မည်။ ရီရီကို ငါသည် ငယ်စဉ်အခါကမှ စ၍ ယခုထက်တိုင် အဘယ်အခါမျှ မမေ့မလျော့ခဲ့သော်လည်း ယခု ငါ ပြန်၍ တွေ့ရခြင်း၌ ဝမ်းမြောက်ဖို့မရှိ၊ ငါ၏ ဆင်းရဲဒုက္ခကိုသာလျှင် ဆထက်လွန်ကဲ ပိုမိုတိုးတက် ဝန်လေးခြင်းကို ဖြစ်စေ၏) ရီရီသည် ငါ့ကို ကြည့်ပြီးနောက် မျက်နှာကို ငုံ့၍ထား၏။ ငါ့ကို မှတ်မိသောကြောင့်ပေလား။
သူ၏ပုံပန်းသည် ငယ်ငယ်ကနှင့် မတူ။ လုံးလုံးခြားနားလျက် ပြုံးရယ်ခြင်း၌သာ ငယ်ရုပ်ကို ငါ ပြန်၍ မြင်ရ၏။
သို့သော်လည်း ခြားနားသော သဏ္ဌာန်သည် အရင်ကထက် ပိုမိုထူးကဲ၍ လှပသောသဏ္ဌာန် ဖြစ်ပေသည်။
လောက၌ မတန်မရာ မအပ်စပ်သောအရာတို့နှင့် ဆက်ဆံခြင်းသည် အဘယ်မျှလောက် ဝန်လေးခြင်း ဖြစ်စေနိုင်သည်ကို ငါသည် အခုမှ သိရ၏။ ဤ ရီရီဆိုတဲ့မိန်းမကို ငါ ငယ်ငယ်က ဘယ်အတွက် သိရသနည်း။ ငါသည် ငယ်စဉ်အခါကစ၍ ယခုထက်တိုင် တမျိုးပြီးတမျိုး အမျိုးမျိုးသော ဆင်းရဲခြင်းတို့ကို ကြုံခဲ့ရ၏။ (ထို ဆင်းရဲခြင်းတို့၏အထဲတွင် ရီရီဟူသော နာမည်သည် အကြီးဆုံးသော ဝန်လေးခြင်းကို ဖြစ်စေ၏) ယခုသည်ကား ရီရီကို တွေ့ရ၏။ တွေ့ရသောနေ့၌ ထိုဝန်လေးခြင်းသည် မခံမရပ်နိုင်အောင် ရှိ၏။ ထိုဝန်ကို ယနေ့ပင်ကျအောင် လုံးလုံးကြီး ဖျောက်ဖျက်လေမှ တော်ချေမည် စသည်ဖြင့် တွေးတောကာ ရေပြင်ကို ရှုကာနေလေ၏။
ထိုအခါ လေသည် အတော်ငြိမ်၍ သွားပြီး ဖြစ်သောကြောင့် လှေငယ်တက်စင်း သမ္ဗန်တို့ သွားလာ ကူးခတ်ကာ ကယ်ဆယ်ခြင်း ရှာဖွေခြင်း အလုပ်များကို လုပ်၍နေကြ၏။ သို့သော်လည်း ကောင်းကင်၌ နေရောင်သည် ကောင်းစွာမပေါ်သေးဘဲ ညိုမှိုင်းမှိုင်းရှိနေသေးသဖြင့် ထိုညိုမှိုင်းသော ကောင်းကင်နှင့် ရေရောင်သည် မောင်နေဝင်း၏စိတ်ကို ညှပ်ဖိကာ အဆုံးစီရင်တော့မည်ကဲ့သို့ မှတ်ထင်ရလေ၏။
ယင်းသို့တွေးတောကာ လွန်စွာစိတ်ပျက်လျက် ဤရေ ဤလေထဲတွင် အသက်ကို အဆုံး စီရင်တော့မည်အလား ကြီးမားသော လောင်ကျွမ်းခြင်းဖြင့် အသည်းနှလုံးမှာ အရည်ပျော်တော့မလို ရှိသော်လည်း ဤ ထူးဆန်းသော တွေ့ကြုံကယ်ဆယ်ရပုံကို ထောက်လိုက်သော် အဘယ်သို့သော နိမိတ်ပေနည်း။ ငါ့အား တစုံတရာမျှသော မျှော်လင့်ခြင်းသည် ကျန်ရှိသေးရဲ့လားဟု အနည်းငယ် တွေးတောမိလေ၏။ ထိုသို့တွေးတော မိငြားသော်လည်း မိမိ၏ ဆင်းရဲသောဘဝ၊ မိမိ၏ နာမည်ပျက်ခြင်း၊ မိမိ လူထဲသို့ အထင်အရှား မဝင်ဝံ့ခြင်း၊ မိမိ၌ ရာထူးဌာနန္တရ ဂုဏ်သရေ မရှိခြင်း၊ မိမိနှင့် ရီရီ စပ်ကြား၌ မြို့အုပ်ဟု ခေါ်ဆိုအပ်သော တောင်ကြီးတလုံး ခြား၍နေခြင်း စသည့် အခြင်းအရာတို့ကို တွေးတောလိုက်သောအခါ အနည်းငယ်မျှသော မျှော်လင့်ခြင်း စမ်းရည် တစက်သည် များစွာသော ပြာပူများအထဲတွင် ကျဆင်း သွေ့ခြောက် ပျောက်ပျက်ရသလိုဖြစ်လေ၏။
သို့ပင် ဖြစ်သော်ငြားလည်း မောင်နေဝင်းသည် ရီရီကို မတွေ့ဘဲ မနေနိုင်ချေ။ ရီရီ၏ ဝင်းထိန် တောက်ပသော မျက်နှာကို မိမိ၏မျက်လုံးများအတွင်းမှ ထုတ်နုတ်၍ မရပေ။ ရီရီ၏ နီမြန်းသော နှုတ်ခမ်းကလေးများသည် မိမိ၏ မျက်နှာအပါးတွင် အမြဲမြူလာသကဲ့သို့ မှတ်ထင်ရလေ၏။ ရီရီကို တပွေ့တပိုက်ကြီး ပွေ့၍ရလာသောအခါ ရီရီမှန်း မသိရလေခြင်း၊ ရီရီမှန်း သိရလျှင် ငါ၌ အဘယ်မျှသောသုခကို ခံစားရပေမည်နည်း။ သူ့ကိုယ်သည် လွန်စွာမှ ပျော့ပျောင်းလှပါတကား။ သူ၏အသားသည် လွန်စွာမှ နူးညံ့လှပါတကား။ ထိုနူးညံ့ချောမွတ်ပြေပြစ်ခြင်းတို့သည် ငါ့အတွက် မဟုတ်၊ မြို့အုပ်မင်း စက်ပျော်ရာ လဲဝါကတ္တီပါ မြို့ရာအလား သူ့လက်တွင်းသို့ အပြီးအပိုင် ရောက်သွားလေပြီတကားဟု တွေးတောကာ ပင်ပန်းမောဟိုက် သည်းအူလှိုက်လျက် အဆိပ်သောက်သောသူ၏ အလား အသိဉာဏ်နည်းပါးလျက် လက်ပစ်ခြေပစ် ဖြစ်ကာ ကမ်းနားတွင် ပက်လက်လှဲကာ မိုးသားတွေကို ကြည့်၍ နေရှာလေ၏။ တဖြည်းဖြည်း လေများ များစွာငြိမ်လျက်၊ ဝင်လုဆဲဖြစ်သော နေသည် နောက်ဆုံးသော ရောင်ခြည်တို့ကို ရေပြင်နှင့် မောင်နေဝင်း မျက်နှာပေါ်သို့ ဖျန်းပက်ကာ နှုတ်ခွန်းဆက်သကဲ့သို့ နေလေ၏။
ထိုကဲ့သို့ ဖျန်းပက်လိုက်သောအခါ မောင်နေဝင်းက နေမင်းကို ကြည့်၍ တွေးတောသည်မှာ အသင်နေမင်းသည် ကျွန်ုပ်အား နောက်ဆုံး နေ၏အလင်းဖြင့် နှုတ်ဆက်၏။ အသင် အလင်းရောင်သည် အဘယ်မျှပင် ထက်မြက်စေကာမူ ကျွန်ုပ်၏နှလုံး၌ ပိတ်ဖုံးကာဆီးလျက်ရှိသော သောကအမှောင်ကိုပင် ပျောက်ခြင်းငှာ မတတ်နိုင်ချေ။ အသင်၏ ကြည်လင်သော အလင်းရောင်ဖြင့် ကျွန်ုပ်၏ သောကအမှောင်သည် သာ၍ ထင်ရှားခြင်းသို့ ရောက်၏။ အသင်၏ အလင်းရောင်သည် ချစ်ဖွယ်ကောင်းလှ၏။ သို့သော်လည်း ရီရီ၏ ချစ်ဖွယ်ကောင်းသော မျက်နှာသည် ကျွန်ုပ်ဘဝ၌ ကွေကွင်းခြင်းသို့ ရောက်တော့မည် ဖြစ်သောကြောင့် အသင်၌ ကျွန်ုပ်၏စိတ်သည် မကြာမီ ကွယ်ပျောက်၍ သွားတော့မည်။ အလားတူစွာ ရီရီ၏ ချစ်ဖွယ်သော မျက်နှာသည် ကွယ်ပျောက်ခြင်းသို့ ရောက်ရှိရပါတော့မည်။
ဤ ငါနှင့် မသက်ဆိုင်သော မျက်နှာကို အထပ်ထပ် မြင်ရပါသော်လည်း ငါ၌ အဘယ် အကျိုးရှိပါမည်နည်း ဟူ၍ တကိုယ်တည်း အရူးပမာ မိုးပြင်ကို ကြောင်တောင်ကြည့်ကာ ထင်မိထင်ရာတွေကို တွေးတော ပြောဆိုလျက် မေခလာ လူယောက်ျား သမ္ဗန်နှင့် ရေကိုလာပြီး မင်းသမီး ဇနက္ကကို ရင်ခွင်မှာ ပိုက်ရှာရ၍ မေခလာနတ်သားမှာ ဇနက္က ရောဂါ ရင်ငွေ့နာ အကြောဆိုက်လျက် မောဟိုက်ကာ နေရရှာလေသတည်း။
ရီရီသည် အဘယ်နည်းနှင့် ဤသင်္ဘော၌ ပါရှိလာသည်ကို အကျဉ်းမျှ ဖော်ပြရမည်ဆိုသော်… ဖခင် မြို့အုပ်မင်းသည် ထားဝယ်မြို့မှ ဝန်ထောက်အဖြစ်နှင့် သထုံသို့ ရွှေ့ပြောင်းရပြီးနောက် အရပ်ရပ် အနယ်နယ်သို့ တဆင့်ကတဆင့် ပြောင်းရွှေ့ရင်း ရာထူးတိုးတက်ခဲ့ရာ နောက်ဆုံး ပဲခူးမြို့၌ အရေးပိုင်အဖြစ်နှင့် ၂ နှစ်ကျော်ခန့် ထမ်းဆောင်ပြီးလျှင် ပဲခူးမြို့မှာပင် ကိုးဆယ့်ခြောက်ပါးသော ရောဂါတို့အနက် ကျောက်ကပ်ဝေဒနာ စွဲကပ်ပြီးလျှင် အနိစ္စရောက်ခဲ့လေ၏။ ရီရီ၏မိခင် ကွယ်လွန်အနိစ္စ ရောက်ပြီးသည့်နေ့မှစ၍ သမီးကလေး ရီရီ စိတ်လက်မချမ်းသာမည်ကို စိုးသောကြောင့် ဖခင်သည် နောက်ဆက်လက်၍ အိမ်ထောင်မပြုဘဲ နေခဲ့သဖြင့် ရီရီမှာ အဘွားကြီးလည်း မျက်နှာလွှဲ၍ အမြဲအစဉ် ကွဲကွာခြင်းတည်း ဟူသော လမ်းရိုးသို့ ကူးပြောင်းခဲ့ရာ ရီရီမှာ ဥစ္စာပစ္စည်း လယ်ခြေယာခြေ မြောက်မြားစွာတို့နှင့် ကျန်ရစ်လေ၏။
ရီရီသည် ဖခင်ဖြစ်သူ အရေးပိုင်မင်း ဘဝတပါးသို့ ကွယ်လွန် ရှောင်ရှား မျက်နှာလွှဲ၍ သွားသောအခါ ပဲခူးမြို့၌ရှိသော တိုက်တလုံးနှင့် ခြံထဲတွင် အစေခံ မိန်းမအဖော်များနှင့် နေရာမှ ၎င်းခြံနှင့်မြေကို ငွေသုံးသောင်းနှင့် အိန္ဒိယတိုင်းသား တယောက်အား ရောင်းချခဲ့ပြီးလျှင် ရန်ကုန်သို့ ဆင်းလာ၍၊ ဖခင် လုပ်ထားခဲ့သော အသက်အာမခံက ရရှိသည့် ငွေနှစ်သောင်းကို ထည့်၍ထားသော ဘဏ်တိုက်ကြီး တခုတွင် ထိုငွေသုံးသောင်းကို ထပ်မံထည့်သွင်းပြီးနောက် များမကြာမီ ဝယ်၍ထားသော ကံတိုမင်နယ်ရှိ တိုက်တလုံးကို ရောင်းချရန် စကားပြောဆိုရာ အထ မမြောက်သည်နှင့် ထန်းတပင်နယ်မှာရှိသော လယ်များကိုလည်း ကြည့်ရင်း၊ ဖခင်၏အစ်ကိုဖြစ်သူ အငြိမ်းစား တိုက်သူကြီး ဦးရန်ကျော်နှင့်တကွ အစ်မတော် မမကြီးနှင့် မမလေးတို့ကိုလည်း တွေ့ရင်းဆိုသလို အထက်က ဖော်ပြခဲ့သော သင်္ဘောကလေးနှင့် ထန်းတပင်မြို့သို့ လိုက်ပါလာခြင်း ဖြစ်လေသည်။
ယခုအခါ ရီရီသည် ဘကြီးဖြစ်သူ ဦးရန်ကျော်အိမ်၌ အစ်မတော် မမကြီး၊ မမလေးတို့နှင့် နေရလေ၏။ ဦးရန်ကျော်မှာ ဇနီးသည် တိုက်သူကြီးကတော် ကွယ်လွန်အနိစ္စ ရောက်ပြီးနောက် သမီးနှစ်ယောက် နှင့်သာ အမြဲ နေခဲ့ရှာလေ၏။ သားယောက်ျားများမှာ ငယ်စဉ်က သေဆုံးကြသဖြင့် အစိုးရအမှုထမ်း ရာထူးရာခံအလုပ်၌ မျိုးဆက်မကျန်သောကြောင့် စိတ်လက်မကောင်းဘဲ ထန်းတပင်၌ ယခုရှိနေသော ဘီအေမြို့အုပ်မင်းလေး မောင်ဖုန်းကျော်ကို သားအရင်းလို အောက်မေ့လျက် သမီးအငယ် မမလေးနှင့် ဖူးစာနတ်ရေးခြယ်လျှင် အင်မတန် သင့်မြတ်မည်ဟု အားကိုးပြုကာ ပါးစပ်ကပင် ဖွင့်၍ အတိအလင်း အားမပေးဝံ့ရှာသော်လည်း များစွာ မျှော်လင့်လျက် အကွက်ဆိုက်ကြပါစေဟု နေ့စဉ်မပြတ် ကျိတ်ကာ ဆုတောင်း၍ နေရလေ၏။
မြို့အုပ် မောင်ဖုန်းကျော်မှာ ၎င်းတိုက်သူကြီးမင်း၏အိမ်ဆီသို့ အခါခါလာလေ့ရှိသော်လည်း ပဲခူးမြို့၌ နေခဲ့စဉ်က အသိအကျွမ်း ဖြစ်ခဲ့ရဖူးသော ရီရီကိုသာ သတိရလျက် အလွန်ပင်လှသော မမလေးကိုပင် များစွာ မတပ်မက်ဘဲ နေလေ၏။ (သို့ပင် မတပ်မက်သော်လည်း ၎င်း မြို့အုပ် မောင်ဖုန်းကျော်၏ ဝါသနာမှာ မိန်းမဆိုလျှင် ပါတာတာမို့ ဘာလိုလို ညာလိုလို ဖြစ်၍နေလျက် မယူချင်သော်လည်း မကြိုက်ဘဲ မနေနိုင်ဘဲ သွားမြဲလာမြဲနေရ၏) ယခုမှာ ထိုအိမ်၌ ရီရီ ရောက်၍နေသောကြောင့် အထက်ကထက် စည်စည်ကားကား ရှိနေသဖြင့် တိုက်သူကြီး၏အိမ်သည် အထူးပင် သာယာ၍ နေသောကြောင့် မောင်ဖုန်းကျော်မှာ ရှေ့ကထက် အကြိမ်ပေါင်းများစွာ ပိုမို၍ သွားလေ၏။
ရီရီသည်ကား မောင်ဖုန်းကျော်နှင့် အကျွမ်းဝင်ဖူးသဖြင့် မောင်ဖုန်းကျော်ကို မောင်ကဲ့သို့ သဘောထားလေ၏။ သို့ မောင်ကဲ့သို့ သဘောထားသော်လည်း မောင်ဖုန်းကျော်၏ စိတ်၌ နှမကဲ့သို့ သဘောမထား၊ များစွာဖောက်ပြား ကြံစည်လိုကြောင်းကို ရိပ်မိရုံမျှမက ကောင်းကောင်းကြီး သိရလေ၏။ အကြောင်းမူကား မောင်ဖုန်းကျော်သည် ပဲခူးမြို့မှ ထွက်လာစဉ်က ရီရီအပေါ်၌ အဘယ်ပုံ စိတ်ထားကြောင်းကို အတိအလင်းလိုလိုပင် ပြောပြခဲ့၏။
ရီရီသည်ကား မကြိုက်ပါဘူး၊ မချစ်ပါဘူးဟု ပစ်ပစ်ခါခါ ပြောလိုက်ရမည်ကို အားနာသောကြောင့် စကားတလုံးကိုမျှ ပြန်၍ မပြောလိုက်ချေ။
ယခုမှာမူ ဖခင် ကွယ်လွန်အနိစ္စရောက်ပြီး ဖြစ်သောကြောင့် အားကိုးရန် မရှိသည့်အတွက် မိမိအပေါ်၌ အဟုတ် စုံမက်ချစ်ခင်သော မောင်ဖုန်းကျော်ကိုပင် ယူရလျှင် ကောင်းချေမည်လား၊ မောင်ဖုန်းကျော်သည် မိမိအပေါ်၌ ဤမျှလောက် စွဲစွဲမြဲမြဲ စုံမက်သူ ဖြစ်သောကြောင့် ဆက်လက်၍ ငြင်းပယ်ရလျှင် အင်မတန် ရက်စက်ရာ ရောက်မည်လား၊ မောင်ဖုန်းကျော်မှာ စင်စစ်အားဖြင့် ရုပ်ရည်ညံ့သူ မဟုတ်၊ ပညာနည်းသူ မဟုတ်၊ ပျိုရွယ်သော မြို့အုပ်ဖြစ်၍ နောင် ကြီးပွား တိုးတက်ဖို့ရန် အလားအလာ များစွာရှိသောသူတယောက် ဖြစ်သောကြောင့် သူ့ကိုပင် ယူရလျှင် တော်ချေမည်လား စသည်ဖြင့် တွေးတောကာ မိမိ၏စိတ်ကို ဝေခွဲ၍မရအောင် ရှိနေလေ၏။
သို့သော်လည်း မောင်ဖုန်းကျော်အပေါ်၌ မေတ္တာသက်ဝင် ချစ်ခင် စုံမက်သောစိတ်ထက် မိမိအတွက် များစွာ စိတ်ဆင်းရဲ၍ နေလေဟန် ရှိသောကြောင့် သနားကရုဏာစိတ်က ပိုမိုများပြားလေ၏။
သို့သော် ယောက်ျားနှင့် မိန်းမတို့မှာ အားနာရာ၊ သနားရာက ကရုဏာ မုဒိတာပွားပြီး ထိုသို့သော အချစ်မျိုးသို့ ရောက်တတ်ကြောင်းကို ရီရီ မသိရှာချေ။ တစတစ မောင်ဖုန်းကျော် ဆက်၍ နှူးလျှင် ရီရီမှာ ယခု စိတ်အနေအထား သဘောအရ ကြာမြင့်စွာ ခုခံငြင်းဆန်နိုင်ဖို့မရှိ။ အနည်းဆုံးအားဖြင့် အားနာကြိုက် ဆိုသလို ကြိုက်မိဖို့ ရှိလေ၏။
ထိုကဲ့သို့ ဖြစ်သည့်အထဲတွင် မိမိ၏အသက်ကို ကယ်ဆယ်ရှာသော ဆင်းရဲသား တံငါသည် ယောက်ျားပျို လူရည်ချောကလေး၏ မျက်နှာသည်ကား မိမိ၏ရှေ့၌ မကြာခဏ ပေါ်လာလျက် အပျက်အပျက်နှင့် သွေးထွက်အောင် ကြံစည်၍ နေသကဲ့သို့ ဖြစ်လေ၏။ အကြောင်းမူကား ထိုလှပသောမျက်နှာသည် အဘယ်သို့သော တန်ခိုးသတ္တိရှိသည်ကို ပြောမပြနိုင်အောင် ရှိလေ၏။ သူသည် ငါ၏လက်စွပ်ကို အဘယ်အတွက် ငြင်းပယ်ပါသလဲ။ သူ၏စိတ် သူ၏မာနသည် ကြီးလှပါပေသည်တကား။ သူသည် ဆင်းရဲသော တံငါသည် ဖြစ်ပါလျက် ငါကဲ့သို့သော မိန်းမကို ကယ်ဆယ်ပြီး ငါ၏ချီးမြှောက်မစခြင်းကိုမခံလိုသည်မှာ အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားတို့၏ မြင့်မြတ်သော စိတ်ကြောင့်ပေလား။ ငါ့ကိုမှ ကောင်းစွာ စကားမပြော၊ ငါ့ကို ကယ်ဆယ်သူရယ်လို့ အရောတဝင်လည်း လာ၍မလုပ်၊ သာမည ယောက်ျားမှ ဟုတ်ပါ့မလား၊ လောကကြီးဟာ လွန်စွာ ထူးဆန်းလှပေသည်။ (ရွှံ့နွံမှ ကျောက်ကောင်း ကျောက်မြတ် ရတနာတို့ကို ရနိုင်၏) မသန့်ရှင်းသော မြေမှ သန့်ရှင်းသော ပဒုမ္မာ ကြာပန်းတို့ ပေါက်ရောက်နိုင်၏။ ဇနပုဒ် ကျေးလက်မှ ပညာရှိသူများ ထွန်းကားနိုင်၏။ သူသည်ကား ငါ့အပေါ်၌ ဤမျှလောက် ထည်ထည်ဝါဝါ ရှိသည်မှာ အဘယ်လို လူစားပါပေနည်း။
ကိုဖုန်းကျော်နဲ့ စကားပြော၍ နေသည့်အထဲမှာ သူ၏မျက်နှာသည် အခါခါ ဝင်လာ၍ ငါ့အား ကိုယ်ယောင်ပြသကဲ့သို့ သတိပေး၏။ ငါ၏အသက်သခင် ကျေးဇူးရှင် ဖြစ်သောကြောင့် ငါ သတိရခြင်းပေလား။
သူ၏မျက်နှာသည် လှ၏။ သူ၏ကိုယ်ဟန်သည် ကြော့ရှင်း၏။ သူ၏အမူအရာသည် မြင့်၏။ သူ၏အသံသည် ယောက်ျားပီသ၏။ သူ၏စိတ်သည် ခြင်္သေ့မင်း၏ စိတ်ကဲ့သို့ ရဲရင့်တန်ရာ၏။ သူ၏ ဖြောင့်စင်း တောင့်တင်း သန်မာချောမွတ်သောကိုယ်သည် မိန်းမတို့၏စိတ်ကို နှိုးဆွ နိုင်၏။
ငါသည် သူ၏တင်းမာသောလက်ဖြင့် သူ၏နွေးသောရင်ခွင်၌ ပွေ့ပိုက်ကာ ယူဆောင်ခြင်းကို ခံခဲ့ရ၏။ သည်လို ယူဆောင်စဉ်က ငါ သတိရလျှင် ငါ၏စိတ်သည် အဘယ်လိုနေမည်လဲ။ သို့သော်... ရီရီ သည်ယောက်ျားဟာ တံငါသည်မျှ ဖြစ်၏။ ဘယ်အတွက် သူ့အကြောင်းကို ထပ်လောင်းကာ တွေးတော၍ နေပါသနည်း။ သူ့အား တနည်းနည်းနှင့် ကျေးဇူးဆပ်လျှင် ဆင်းရဲသားတို့ဘာဝ စိတ်ကျေနပ်ဖို့ ရှိ၏။ ကိုဖုန်းကျော်လည်းယူပြီး သူ့ကို မြူနီစီပယ်မှာ ဖြစ်စေ၊ ဈေးခေါင်းအလုပ်ကို ဖြစ်စေ၊ တခြားအလုပ်တခုနဲ့ဖြစ်စေ ချီးမြှောက်လိုက်လျှင် ငါ၏အသက်သခင် တံငါသည်မှာ တသက်လုံး လူလားမြောက်ဖို့ ရှိပေသည်။ တသက်လုံး အသက်မွေးလောက်ဖို့ ရှိလေသည်။ ကိုဖုန်းကျော်ကို ငါ ယူရတော့မလား၊ ကိုဖုန်းကျော်လည်း ငါ့အတွက် သနားစရာ ဖြစ်နေရှာတာပဲ၊ သို့သော်လည်း လောကမှာ သေသေချာချာ မချစ်မနှစ်သက်ဘဲနဲ့ သနားလို့ယူရလျှင် နောင်အစဉ် စိတ်ချမ်းသာပါ့မလား။ မမလေးနဲ့များ တဖက်တလမ်း ကြိုက်နေသလား။ ညီအစ်မအချင်းချင်း မြို့အုပ်မင်းအတွက် စစ်ခင်း၍ နေရလျှင်လည်း တော်လှမယ် မဟုတ်ပါတကား။ မမလေးကဖြင့် ကြိုက်တဲ့လက္ခဏာပဲ။ ငါ့ကိုလည်း အင်မတန်အကဲခတ်ရှာတယ်။ ငါ့ဦးကြီးကလည်း ဘယ်လိုအကြံနဲ့ ကိုဖုန်းကျော်ကို သမီးနဲ့များ လွှတ်ပေးထားသလဲ မသိဘူး။ ဪ... ရီရီ... ရီရီ... နင့်ဘဝလည်း ကျပ်တည်းတဲ့ ဘဝပါလား... စသည်ဖြင့် အခါခါ တွေးတောမိရှာလေ၏။
ရီရီသည် တံငါသည်ကလေးကို အခါခါ တွေးမိသော်လည်း အရေးမယူလောက်ဟု တွေးတောကာ ဖြေဖျောက်၏။ သို့ ဖြေဖျောက်ငြားသော်လည်း မိမိ၏အသက်ကို ကယ်ဆယ်သောသူ နေထိုင်သည့် တဲကလေးရှိရာသို့ များစွာ သွားချင်ရှာ၏။ ထိုသွားချင်သောစိတ်သည် ကျေးဇူးတင်သောစိတ်ကြောင့် လား၊ အဘယ်သို့သော စိတ်ကြောင့်နည်းဟု မသိရချေ။
တခါတခါ မမကြီး မမလေးတို့နဲ့အတူ ထိုကဲ့သို့ သွားပြီးလျှင် တံငါသည်ယောက်ျားနှင့် မိန်းမကြီးအား ငွေတဆယ်၊ ဆယ့်ငါးကျပ်မျှ သွားတိုင်းလိုပင် ပေးကမ်း မစလေ့ရှိ၏။ မောင်နေဝင်းကိုမူ သွားတိုင်းလည်း မတွေ့ရ၊ တွေ့ရပြန်လျှင်လည်း စကားမပြောရသဖြင့် အဘယ်ပုံ ကျေးဇူး ဆပ်ရမည်ကို ကြံစည်လျက်သာ နေရလေ၏။
ညတည၌ မောင်နေဝင်းသည် တိုက်သူကြီးနေအိမ်ရှေ့ ရောက်သွားလေရာ ညရှစ်နာရီခန့်အချိန် ရှိလေ၏။ ၎င်းအိမ်၌ ခမ်းနားစွာ ပြင်ဆင်သော အိမ်ရှေ့ဧည့်ခန်းတွင် ဝင်းထိန်သော လသာမှန်အိမ်ကို ကြည့်လိုက်လေသောအခါ မိမိအသည်းကို ထက်လှစွာသော ဓားဖြင့် ခွဲသကဲ့သို့ နာကျင်စေသော အရာတခုကို တွေ့ရလေ၏။ ထိုတွေ့ရသော အရာသည်ကား အခြားမဟုတ်၊ ရီရီသည် မှန်အိမ်အနီးတွင် ထိုင်ကာ တက်တင်းဇာထိုး၍ နေလေ၏။ ၎င်း၏နောက်နား၌ လူတယောက် မတ်တတ်ရပ်ကာနေလေ၏။ ၎င်း မတ်တတ်ရပ်သူသည်ကား မောင်ဖုန်းကျော် ဖြစ်သည်ကို တွေ့ရှိလေသတည်း။
မောင်ဖုန်းကျော်သည်ကား ထိုအခါ၌ ရီရီထိုင်သော ကုလားထိုင်ကို နောက်ဘက်က ကိုင်ကာ မှီလျက်၊ ရီရီ၏ခေါင်း၌စိုက်ထားသော ပန်းကလေးကို အသာကလေး ဆွဲ၍နုတ်ပြီးလျှင် ရီရီအား စကားပြောရင်း ပန်းကလေးကို ပြလေရာ ရီရီသည် မောင်ဖုန်းကျော်၏ မျက်နှာကို ပြုံးရယ်ကာ မော်ကြည့်ပြီးလျှင် လက်၌ လုပ်လျက်ရှိသော အလုပ်ကို အနီးရှိစားပွဲပေါ်သို့တင်ကာ လက်ပိုက်လျက် ရှေ့သို့စိုက်ကာကြည့်ပြီး ငေးမော တွေးတောဟန်နှင့် နေလေ၏။
ရီရီ၏ မျက်နှာသည်ကား မှောင်ရိပ်ကနေ ကွယ်၍ ကြည့်နေသူ မောင်နေဝင်း၏မျက်နှာနှင့် တည့်၍နေလေ၏။
ထိုအခါ ရီရီ၏ ဖြူစင်သော မျက်နှာသည် ဝင်းထိန်သော မီးရောင်ဖြင့် အတိုင်းမသိ လှပလျက် မောင်နေဝင်း၏ရင်၌ အသက်သည် ဆို့၍ လာပြီးလျှင် မြို့အုပ်မင်း၏ ပြုမူပုံကြောင့် မခံရပ်နိုင်ဘဲ မှောင်ထဲတွင် လဲကျလုမတတ် မူးမိုက်၍ သွားလေ၏။ မောင်ဖုန်းကျော်သည် ပန်းကလေးကို နမ်းလေ၏။ ရီရီသည် ပြုံးချိုသောမျက်နှာနှင့် မောင်ဖုန်းကျော်ကို မော့၍ကြည့်နေလေ၏။ ထိုအတွင်း မောင်ဖုန်းကျော်သည် ပန်းကလေးကို ရီရီ၏ဆံထုံး၌ အသာတရ ပြန်၍ထိုးစိုက်လေရာ ရီရီသည် ငြိမ်သက်စွာ နေလေ၏။ ထိုအတွင်းတွင် မမလေးနှင့် မမကြီးသည် အိမ်ရှေ့ခန်းသို့ ထွက်လာသဖြင့် မောင်ဖုန်းကျော်သည် ရီရီအပါးမှ ခွာပြီးလျှင် မမလေးနှင့် မမကြီးတို့အပါးသို့ သွား၍ ထိုင်လေ၏။
မောင်နေဝင်းသည်လည်း မှောင်ထဲတွင် ဆုတ်ခွာ၍ ဦးခေါင်းကို ငိုက်စိုက်ချကာ မိမိ၏ တဲရှိရာသို့ စိတ်လက်ညှိုးငယ်စွာနှင့် ပြန်၍လာရှာလေ၏။
အိမ်သို့ရောက်သောအခါ တံငါသည် လင်မယားက "ဪ မောင်ရင် ပြန်လာပြီလား" ဟု မေးကြလေ၏။ မောင်နေဝင်းသည် စကားကိုမျှ ကောင်းစွာကြားဟန်မရှိဘဲ မိမိ၏ အခန်းကလေးထဲသို့ ဝင်၍ ခုတင်ပေါ်တွင် ထိုးလှဲကာ ရီရီအကြောင်းကို တွေးတောရင်း အိပ်ရာတွင် တပြောင်း ပြန်ပြန်နေပြီးမှ လင်းအားကြီး အချိန်လောက်တွင် အနည်းငယ်မျှ အိပ်ပျော်၍ သွားလေ၏။
အိပ်ရာမှ နိုးသောအခါ ညက အိပ်ပျက်သည့်အတွက်ကြောင့် တကြောင်း၊ မြင်ခဲ့ရသည့် အကြောင်းကို တွေးမိ၍ စိတ်မကောင်းသောကြောင့်တသွယ်၊ စိတ်လက် မသာမယာဖြစ်လျက် ခုတင်ထက်မှ မဆင်းဘဲ ထွေထွေရာရာ တွေးတောကာ ရီရီအပေါ်၌ မျှော်လင့်ခြင်းရှိသမျှ ပျောက်ပျက်သောကြောင့် ရေနစ်သောသူပမာ တွယ်တာရာ မရဘဲ အားနည်းချည့်ယိုင် လက်မှိုင်ကျ၍သာ နေရှာလေ၏။
ထိုသို့နေရင်း တွေးတောသည်မှာ ရီရီသည် ငါနှင့် ဝေးသည်ထက် ဝေး၏။ ငါသည် အရူးဖြစ်၏။ ငါ၏အခြေသည် လွန်စွာ နိမ့်ကျ၏။ သူ၏အခြေသည် လွန်စွာ ကြီးမြင့်၏။ ငါသည် ခွေးဝင်စားပမာ သူတပါးအိမ်မှာ ခိုဝင်၍နေရ၏။ ဤမျှလောက် ကွာခြားတဲ့ ရီရီကို ဘယ်အတွက် တွေးတော၍ နေပါသလဲ။ သူ့မှာ ဂုဏ်ရည်တူချင်းဖြစ်သော မြို့အုပ်မင်းနှင့် နေရာကျ၍နေပြီ။ ငါ၌ အခုလို စိတ်ဆင်းရဲရခြင်းမှာ ရီရီ၏အပြစ် မဟုတ်၊ မရာမတန် တွေးတောကြံစည်မိသော ငါ၏ အရူးစိတ်ကြောင့်သာ ဖြစ်၏။ စိတ်မနှံ့သောသူတို့သည် မိမိနှင့် တန်သည်ရာသည်ကိုမျှ မသိဘဲ ငါကဲ့သို့ တဏှာရူး ထတတ်ကြလေသည်။ ရီရီ၌ အပြစ်ဆိုဖွယ်ရာ မရှိ၊ ငါ၌သာ အပြစ်ဆိုဖွယ်ရာ ရှိ၏။ ရီရီထံမှ ရရှိတဲ့အရာများကို ငါသည် မကြာခဏ ကြည့်၍နေလျှင် ငါ၏ သွေးသားသည် တဖြည်းဖြည်း ကုန်ခန်း၍ ဆွေးနွမ်းရိဖျော့လျက် အသက်သာသေဖွယ်ရာ ရှိတော့သည်။ ရီရီကိုလည်း ငါရမှာ မဟုတ်၊ ဤပစ္စည်း အစအနအတွက်ကိုလည်း စွန့်ပစ်လေမှ ငါသည် သူ့ကို လုံးလုံးကြီး မေ့လျော့ပြီး အေးချမ်းဖို့ ရှိလေသည်။ လောကမှာ မရာမတန်တာကို မက်မောရခြင်းသည် အကြီးဆုံးသော ဆင်းရဲခြင်း ဖြစ်စေသည်တကား။
လမင်းကို တသောသူသည် ဘယ်အခါမှ လမင်းကို မရနိုင်ဘဲ ဘဝပြောင်း၍ မြေပုံအောက်သို့ ရောက်သည့်အခါ သာယာသောလသည် ထိုမြေပုံပေါ်၌ သာသော်လည်း ၎င်း၏ အသက်ဝိညာဉ်သည် ထိုလရောင်ကို ခစားနိုင်တော့မည် မဟုတ်ချေ။ ငါသည် လမင်းကို တသောသူကဲ့သို့ ရူးသွပ်လှပေ၏ တကားဟု တွေးတောကာ မိမိနှင့် အမြဲပါသော ဖာကလေးကို စွန့်ပစ်ပါတော့မည်ဟု ကြံစည်ကာ ဖာကလေးကို တုန်လှုပ်သော လက်များနှင့် ဖွင့်လေ၏။
ယင်းကဲ့သို့ ဖွင့်လိုက်သောအခါ ဖြူစင်သော လက်ကိုင်ပဝါကလေး စွဲလျက်ရှိသော အမွှေးနံ့ကလေးသည်လည်းကောင်း၊ ထားဝယ်မြို့မှ ငယ်စဉ်က ပို့လိုက်သော စက္ကူအထုပ် အစအနများနှင့် ချောကလက်မုန့် အကြွင်းအကျန်များမှ ထွက်သော ဟောင်းနွမ်းသင်းပျံ့သော အနံ့အသက်တို့သည်လည်းကောင်း နှာခေါင်းကိုလာ၍ ရိုက်လေရာ ရင်ထဲတွင်ဆို့၍ သွားပြီးလျှင် မူးမေ့၍ သွားတော့မလို ဖြစ်သောကြောင့် မျက်လုံးများကို မှိတ်ကာ ထိုပစ္စည်းများပေါ်၌ မျက်နှာကို ချပြီးလျှင် နုံးခွေကာ နေရှာလေ၏။ ထိုကဲ့သို့ နေသည်အတွင်း ငယ်စဉ်က တွေ့ကြုံခဲ့ရသည့် အကြောင်းအရာများသည် မြူခိုးတိမ်လွှာအကြားမှ ထွက်ပေါ်၍ ပြသလို မိမိ၏ မျက်လုံးများထဲတွင် အကွင်းသား ထင်ရှားပေါ်ပေါက်လေ၏။ ထိုအကြောင်းအရာများကို အဘယ်အခါ မေ့နိုင်အံ့နည်း။
ရီရီသည် မြစ်ကမ်းနား၌ ခြေဖျားကလေးကို ထောက်ကာ ထားဝယ်မြို့ကိုပြသော ပုံသဏ္ဌာန်ကို လည်းကောင်း၊ ရီရီ၏ လျင်မြန် ချိုအေးသော စကားသံများကို လည်းကောင်း ရုပ်ရှင်ပြသလို ထင်ရှားစွာ မြင်ရလျက် မျက်ရည်များကို ချုပ်တည်း၍ မရနိုင်အောင် ရှိလေ၏။
ထို့နောက် ဆက်လက်၍ တွေးတောသည်မှာ ရီရီကို ငါအခု ပြန်၍ တွေ့ရသော်လည်း ငယ်ငယ်က ငါနှင့်သိခဲ့ရသော ရီရီ မဟုတ်ပါတကား၊ ယခုတွေ့ရသော ရီရီသည် ငယ်ငယ်က ရီရီနှင့် လွန်စွာ ခြားနားပါပေ၏တကား။ ငယ်ငယ်က ရီရီသည် ကလေးတို့ဘာဝ ချစ်ခင်တတ်၍ ငါနှင့် ပေါင်းသင်း၏။ ယခု ရီရီသည် လူကြီးတို့ဘဝ၌ အသိလိမ္မာ ဆင်ခြင် သဘောတရားဖြင့် ငါနှင့် ခြားနား ဝေးကွာစွာနေ၏။ ငယ်ငယ်က ရီရီသည် ဖြူစင်သော ခိုကလေးကဲ့သို့ ငါ့အပါးသို့ကပ်၏။ ငါ၏ ပခုံးထက်၌နား၏။ ယခု တွေ့ရှိရသော ရီရီသည်ကား အလွန်တရာ လှပသော ရွှေဟင်္သာ ရွှေငန်းပမာ မိမိနှင့် သက်ဆိုင်ရာအဖော်နှင့် မြူးပျော်ကာ အေးမြသော ရေအိုင် ကြာတော၌ ကျက်စား၏။ ငါ့ကို သတိမရ၊ ငါ့ကို တွေ့ချင်တော့မှာ မဟုတ်၊ ငါနှင့် သိရလျှင် ယုတ်သည်ဟု ထင်လိမ့်မယ်။ ရီရီ ငယ်က သိရသမျှကို မင်း မေ့လေပြီ။ မေ့လေတော့ မေ့လေတော့ (ငါသ
Review By Whisper Of Words

💬 Comment / Review
Comment များကို ရယူနေပါသည်…