The Secret of Secrets by Dan Brown

မရဏတံခါး စီမံကိန်း

“ဒီကိုလဲ ပထမဆုံး ရောက်တဲ့သူပဲဟ” ဟု စတရာဟော့ဗ် ရေကူးစင်တာ၏ ဝန်ထမ်းက တံခါးစဖွင့်ချိန်တွင် ရောက်ရှိသွားသော လန်ဒန်က တွေးလိုက်မိသည်။ ၂၅ မီတာ ရှည်လျားသော ရေကူးကန်ကြီး တစ်ခုလုံးကို တစ်ယောက်တည်း ပိုင်ဆိုင်ခွင့် ရခြင်းထက် ပို၍ ဇိမ်ကျသော အတွေ့အကြုံ ရှားပါးကြောင်း လန်ဒန် သိပါသည်။ သူ ငှားရမ်းထားသော လော့ကာကို ရှာပြီး စပီဒို ရေကူးဘောင်းဘီကို ဝတ်ဆင်ကာ ရေမြန်မြန်ချိုးပြီးလျှင် ဗန်ကွစ်ရှာ တံဆိပ်ရေကူးမျက်မှန်ကို ဆွဲယူပြီး ရေကူးကန်ရှိရာသို့ ထွက်လာခဲ့၏။

မျက်နှာကြက်မှ အဖြူရောင်မီးချောင်းများသည် ယခုမှ စတင်လင်းလာသဖြင့် အခန်းထဲတွင် အမှောင်ထုက ရှင်းရှင်း မပျောက်သေးချေ။ လန်ဒန်သည် ရေကူးကန်၏ အစွန်းတွင် မတ်တပ်ရပ်ပြီး နက်မှောင်သော ဧရာမ ကြေးမုံပြင်ကြီးနှင့် တူနေသည့် ငြိမ်သက်ပြန့်ပြူးသော ရေပြင်ကျယ်ကြီးကို ငေးကြည့်လိုက်သည်။

“အက်သီနာ နတ်ဘုရားမကျောင်းတော်နဲ့ တူလိုက်တာ” ဟု ရှေးခေတ် ဂရိလူမျိုးများက သူတို့၏ အနာဂတ်ကို ကြိုမြင်နိုင်ရန် မှောင်မိုက်နေသော ရေကန်များကို ငေးကြည့်ပြီး နိမိတ်ဖတ်သည့် အလေ့အထကို ပြန်ပြောင်းသတိရရင်း သူ ရေရွတ်လိုက်၏။ ဟိုတယ်အခန်းထဲတွင် အိပ်ပျော်နေသော ကက်သရင်း၏ ပုံရိပ်ကို စိတ်ကူးကြည့်ရင်း ကတ်သရင်းသည်လည်း သူ၏ အနာဂတ်များ ဖြစ်နေမလားဟု တွေးမိပြန်သည်။ ထိုအတွေးသည် လူပျိုကြီး ဘဝဖြင့် နေထိုင်လာသော သူ့အတွက် စိတ်လှုပ်ရှားစရာ ဖြစ်သလို စိုးရိမ်စရာလည်း ဖြစ်နေသည်မှာ အမှန်ပင်။

လန်ဒန်သည် ရေကူးမျက်မှန်ကို မျက်လုံးပေါ် တပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ ရေပြင်ကို ခွဲလျက် ရေထဲသို့ ခုန်ဆင်းလိုက်သည်။ ရေအောက်တွင် ၂ စက္ကန့်ခန့် တရွေ့ရွေ့သွားပြီးနောက် လင်းပိုင်ကန်ချက် ရေကူးကွက်ဖြင့် ၁၀ မီတာခန့် ခတ်လိုက်ပြီးမှ လက်ပစ်ကူးပုံစံသို့ ပြောင်းလိုက်လေသည်။

သူ၏ အသက်ရှူ စည်းချက်အပေါ် တွင် အာရုံစိုက်ရင်း လန်ဒန်သည် ရေကူးခြင်းက ပေးစွမ်းလေ့ရှိသော တရားမှတ်သကဲ့သို့ တည်ငြိမ်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။ သူ၏ ကြွက်သားများ ပြေလျော့သွားပြီး ခန္ဓာကိုယ်သည်လည်း ကျစ်လျစ်ပေါ့ပါးသွားကာ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးအတွက် အထင်ကြီးလောက်စရာ အရှိန်ဖြင့် အမှောင်ထုကို ဖြတ်သန်း၍ ရှေ့သို့ တိုးဝင်သွားလေသည်။

ပုံမှန်ဆိုလျှင် ရေကူးခြင်းသည် လန်ဒန်၏ စိတ်ကို လုံးဝ ရှင်းလင်းသွားစေတတ်သော်လည်း ဒီမနက်တွင်တော့ ၄ ခေါက်ခန့် ကူးပြီးသည့်တိုင်အောင် သူ၏ စိတ်ထဲတွင် အတွေးများ ပြည့်နှက်နေဆဲဖြစ်၏။ ယမန်နေ့ညက ကက်သရင်း၏ ဆွဲဆောင်မှုရှိသော ဟောပြောချက်များကို သူ ပြန်လည်ကြားယောင်နေမိလေသည်။

“ရှင်တို့ရဲ့ သိစိတ်ဟာ ရှင်တို့ ဦးနှောက်ကနေ ဖန်တီးပေးနေတာ မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ ရှင်တို့ရဲ့ သိစိတ်ဟာ ရှင်တို့ခေါင်းထဲမှာတောင် ရှိမနေပါဘူး”

ထိုစကားလုံးများသည် တက်ရောက်လာသော ပရိတ်သတ် အားလုံး၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးခဲ့နိုင်သည်။ သို့သော်လည်း သူ၏ ဟောပြောပွဲသည် မကြာမီ ထွက်ရှိတော့မည့် စာအုပ်ထဲတွင် ပါဝင်လာမည့် အကြောင်းအရာများ၏ အပေါ်ယံ အနည်းငယ်ကိုသာ ပြောပြခဲ့ခြင်း ဖြစ်ကြောင်း လန်ဒန် သိ၏။

“သူက မယုံကြည်နိုင်စရာကောင်းတဲ့ အရာတစ်ခုကို ရှာဖွေတွေ့ရှိထားတယ်လို့ ပြောနေတာပဲ”

ကက်သရင်း၏ ရှာဖွေတွေ့ရှိမှုသည် မည်သည့်အရာပင် ဖြစ်စေကာမူ၊ လျှို့ဝှက်ချက် တစ်ခု ဖြစ်လေသည်။ လန်ဒန် အပါအဝင် မည်သူ့ကိုမျှ သူ လုံးဝ ဖွင့်မပြောခဲ့။ သို့သော် လွန်ခဲ့သော ရက်များက သူ၏ စာအုပ်အတွက် သုတေသန ပြုလုပ်ရာမှ အံ့သြဖွယ်ရာ အောင်မြင်မှု တစ်ခု ရရှိခဲ့ကြောင်း လန်ဒန်အား ရင်ဖွင့်ပြောကြားခဲ့ဖူး၏။ ယမန်နေ့ည ဟောပြောပွဲ အပြီးတွင် ကက်သရင်း၏ စာအုပ်သည် ဝက်ဝက်ကွဲ အောင်မြင်မည့် အလားအလာ ရှိနေနိုင်ကြောင်း လန်ဒန် ပို၍ ခံစားလာရသည်မှာ အသေအချာပင်။

“သူက အငြင်းပွားဖွယ်ရာ ကိစ္စတွေကနေ ရှောင်ပြေးမဲ့သူ မဟုတ်ဘူး”။ ပရိသတ်ထဲမှ ရှေးရိုးစွဲဝါဒီများအား သူ မီးမွှေးပေးလိုက်ပုံကို ကြည့်ရင်း လန်ဒန် ကျေနပ်နေမိသည်။

“သိပ္ပံပညာမှာ မှားယွင်းခဲ့တဲ့ ပုံစံတွေ အများကြီး ရှိခဲ့ဖူးပါတယ်” ကတ်သရင်းက ကြေညာလိုက်ရာ သူ၏ အသံသည် ဗလာဒီဆလပ်ဗ် ခန်းမထဲတွင် ပဲ့တင်ထပ်သွားလေသည်။ “ကမ္ဘာပြား သီအိုရီ၊ ကမ္ဘာဗဟိုပြု နေအဖွဲ့အစည်း၊ မပြောင်းလဲသော စကြာဝဠာ... ဒါတွေအားလုံးဟာ မှားယွင်းတဲ့ ပုံစံတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တုန်းကတော့ ဒါတွေကို အလေးအနက်ထားပြီး အမှန်တရားလို့ ယုံကြည်ခဲ့ကြဖူးပါတယ်။ ကံကောင်းတာကတော့ ဖြေရှင်းလို့မရတဲ့ ရှေ့နောက်မညီမှုတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ ကျွန်မတို့ရဲ့ ယုံကြည်မှု စနစ်တွေက ပြောင်းလဲ တိုးတက်လာခဲ့တယ် ဆိုတာပါပဲ”

ကက်သရင်းသည် လက်ကိုင် ရီမုတ်ကို နှိပ်လိုက်ရာ သူ၏ နောက်ရှိ ဖန်သားပြင်ပေါ်တွင် အလယ်ခေတ် နက္ခတ္တဗေဒ ပုံစံတစ်ခု ပေါ်လာသည်။ ကမ္ဘာမြေကြီးကို ဗဟိုပြုထားသော နေအဖွဲ့အစည်း ပုံစံဖြစ်၏။ “ရာစုနှစ်ပေါင်းများစွာ ကြာအောင် ဒီ ကမ္ဘာဗဟိုပြု ပုံစံကို ပကတိ အမှန်တရား အဖြစ် လက်ခံခဲ့ကြပါတယ်။

ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ နက္ခတ္တပညာရှင်တွေဟာ အဲဒီပုံစံနဲ့ မကိုက်ညီတဲ့ ဂြိုဟ်တွေရဲ့ ရွေ့လျားမှုကို သတိထားမိလာကြတယ်။ ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တွေက အရမ်းများလာပြီး ထင်ရှားလာတဲ့အတွက် ကျွန်မတို့...” ဟုပြောရင်း သူက ခလုတ် ထပ်နှိပ်လိုက်၏။

“နောက်ထပ် ပုံစံသစ် တစ်ခုကို တည်ဆောက်ခဲ့ကြတယ်”။ ဖန်သားပြင်ပေါ်တွင် နေမင်းကို ဗဟိုပြုထားသော ခေတ်သစ် နေအဖွဲ့အစည်း ပုံစံ ပေါ်လာလေသည်။ “ဒီပုံစံသစ်က ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တွေ အားလုံးကို ဖြေရှင်းပေးနိုင်ခဲ့ပြီး အခုဆိုရင် နေဗဟိုပြု စနစ်ဟာ ကျွန်မတို့ လက်ခံထားတဲ့ လက်တွေ့ဘဝ ဖြစ်လာပါပြီ”

ကက်သရင်း စင်မြင့်၏ ရှေ့ဘက်သို့ လျှောက်လာစဉ် ပရိသတ်များသည် တိတ်ဆိတ်စွာ ထိုင်နေကြ၏။

“အလားတူပါပဲ” သူက ဆက်ပြောလိုက်သည်။ “ကမ္ဘာကြီး လုံးတယ်လို့ ပြောလိုက်ရင် ရယ်စရာ ဖြစ်ခဲ့ဖူးတဲ့၊ သိပ္ပံပညာနဲ့ ဆန့်ကျင်တယ်လို့တောင် သတ်မှတ်ခဲ့ဖူးတဲ့ အချိန်တစ်ခု ရှိခဲ့ပါတယ်။ တကယ်လို့သာ ကမ္ဘာကြီး လုံးနေမယ်ဆိုရင် သမုဒ္ဒရာ ရေတွေက အောက်ကို စီးကျမသွားဘူးလား၊ ကျွန်မတို့ထဲက တချို့က ဇောက်ထိုးကြီး ဖြစ်မနေဘူးလား ပေါ့လေ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကမ္ဘာပြား ပုံစံနဲ့ မကိုက်ညီတဲ့ ဖြစ်စဉ်တွေကို ကျွန်မတို့ စတင် တွေ့မြင်လာရပါတယ်။ လကြတ်ချိန်မှာ တွေ့ရတဲ့ ကမ္ဘာကြီးရဲ့ အကွေးပုံသဏ္ဌာန် အရိပ်၊ မိုးကုပ်စက်ဝိုင်းဆီ ထွက်ခွာသွားတဲ့ သင်္ဘောတွေရဲ့ အောက်ခြေကနေ စပြီး ပျောက်ကွယ်သွားမှု၊ ပြီးတော့ မဂျဲလန်ရဲ့ ကမ္ဘာပတ် ခရီးစဥ်တွေရောပေါ့”။ သူက ပြုံးလိုက်သည်။ “ကဲ... အဲဒီတော့ ပုံစံသစ် ပြောင်းဖို့ အချိန်တန်လာခဲ့တာပေါ့”

အားလုံးက သဘောကျစွာ ခေါင်းညိတ်လိုက်ကြသည်။

“လူကြီးမင်းတို့ရှင်” ဟူသော သူ၏ အသံမှာ လေးလေးနက်နက် ရှိလှ၏။ “အလားတူ ပြောင်းလဲတိုးတက်မှုမျိုး လူသား သိစိတ်နယ်ပယ်မှာ ဖြစ်ပေါ်နေပြီလို့ ကျွန်မ ယုံကြည်ပါတယ်။ ဦးနှောက် အလုပ်လုပ်ပုံ၊ သိစိတ်ရဲ့ သဘောသဘာဝ နဲ့ ဖြစ်တည်မှု အမှန်တရားရဲ့ သဘောသဘာဝ ကိုယ်တိုင်ကိုပါ နားလည်သဘောပေါက်မှု အပိုင်းမှာ ကျွန်မတို့ဟာ ကြီးမားတဲ့ အပြောင်းအလဲကြီး တစ်ခုကို ကြုံတွေ့ရတော့မှာပါ”

“ရည်မှန်းချက်ကြီးတာ အမှားမှမဟုတ်တာ” ဟု လန်ဒန် တွေးလိုက်သည်။

“ခေတ်မမီတော့တဲ့ ယုံကြည်မှုတွေ အားလုံးလိုပါပဲ” သူက ဆက်ပြော၏။ “လက်ရှိ လက်ခံထားကြတဲ့ လူသား သိစိတ်ဆိုင်ရာ ပုံစံဟာ သူ လုံးဝ ရှင်းမပြနိုင်တဲ့ ဖြစ်စဉ်တွေရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရပါပြီ။ ကမ္ဘာတစ်ဝှမ်းက စိတ်စွမ်းအင်ဆိုင်ရာ သိပ္ပံဓာတ်ခွဲခန်းတွေက စေ့စပ်သေချာစွာနဲ့ သက်သေပြခဲ့ပြီးသား၊ လူသားတွေ ရာစုနှစ်ပေါင်းများစွာ မျက်မြင် ကြုံတွေ့ခဲ့ပြီးသား ဖြစ်စဉ်တွေပေါ့ရှင်။

ဒါတောင်မှ ရှေးရိုးစွဲ သိပ္ပံပညာက ဒီဖြစ်စဉ်တွေ ရှိနေတာကို ထည့်သွင်းစဉ်းစားဖို့၊ အစစ်အမှန် ဖြစ်ကြောင်း လက်ခံဖို့ ငြင်းဆန်နေတုန်းပါပဲ။ အဲဒီအစား သူတို့က ဒါတွေကို တိုက်ဆိုင်မှုတွေ၊ သာမန်မဟုတ်တဲ့ အရာတွေ အဖြစ် သဘောထားပြီး 'သဘာဝလွန်’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပစ်ထားလိုက်ကြတယ်။

အဲဒီ သဘာဝလွန်ဆိုတဲ့ စကားလုံးက 'သိပ္ပံပညာ လုံးဝ မဟုတ်ပါ' လို့ အဓိပ္ပါယ်ရတဲ့ အတိုကောက် စကားလုံး ဖြစ်လာခဲ့ရပါတော့တယ်”

ထိုမှတ်ချက်ကြောင့် ခန်းမ နောက်ဘက်မှ တီးတိုးရေရွတ်သံ အချို့ ထွက်ပေါ်လာသော်လည်း ကက်သရင်းက ဂရုမစိုက်ဘဲ ဆက်ပြောလေသည်။ “တကယ်တော့ ရှင်တို့အားလုံး ဒီ သဘာဝလွန် ဖြစ်စဉ်တွေနဲ့ ရင်းနှီးပြီးသားပါ။ အဲဒါတွေကို ထူးခြားသော အာရုံသိစိတ်၊ ကြိုတင်သိမြင်ခြင်း၊ စိတ်ဖြင့် ဆက်သွယ်ခြင်း၊ အကြားအမြင်ရခြင်း၊ ခန္ဓာကိုယ်ပြင်ပသို့ ဝိညာဥ်ထွက်သွားခြင်း စသဖြင့် ခေါ်ဝေါ်ကြပါတယ်။ ဒီဖြစ်စဥ်တွေကို သဘာဝလွန်လို့ သတ်မှတ်ထားပေမဲ့ တကယ်တော့ ဒါတွေက လုံးဝ ပုံမှန်ဖြစ်စဥ်တွေချည်းပါပဲ။ သေချာ ထိန်းချုပ်ထားတဲ့ သိပ္ပံ ဓာတ်ခွဲခန်းတွေမှာရော၊ လက်တွေ့ကမ္ဘာထဲမှာပါ နေ့စဥ် ဖြစ်ပျက်နေတဲ့ အရာတွေပဲ ဖြစ်ပါတယ်”

ခန်းမကြီး တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားသည်။

“မေးရမဲ့ မေးခွန်းက ဒီဖြစ်စဉ်တွေဟာ အစစ်အမှန် ဟုတ်မဟုတ် ဆိုတာ မဟုတ်ပါဘူး” ကက်သရင်းက ပြောလိုက်သည်။ “ဟုတ်တယ် ဆိုတာကို သိပ္ပံပညာက သက်သေပြပြီးပါပြီ။ မေးသင့်တဲ့ မေးခွန်းကတော့... ဘာကြောင့် ကျွန်မတို့ထဲက လူအများစုက ဒါတွေကို မမြင်နိုင်ကြတာလဲ ဆိုတာပါပဲ”

သူက ခလုတ်တစ်ခုကို နှိပ်လိုက်ရာ နောက်ဘက်ရှိ ဖန်သားပြင်ပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာလေသည်။

“ဟာမန်း ဇယားကွက် ပါလား”။ ထိုလူသိများသော အမြင်အာရုံ လှည့်စားချက်ပုံကို လန်ဒန် မှတ်မိနေသည်။ ဇယားကွက်၏ ဘယ်နေရာကို အာရုံစိုက်ကြည့်နေသလဲ ဆိုသည့်အပေါ် မူတည်ပြီး အမည်းစက်လေးတွေက ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတတ်သည်။

ပရိသတ်များလည်း ထိုအကျိုးသက်ရောက်မှုကို စတင် ခံစားလိုက်ရပြီး အံ့သြသံများ ခန်းမအနှံ့ ထွက်ပေါ်လာတော့၏။ “ကျွန်မ ဒါကို ပြရတဲ့ အကြောင်းရင်းက ရိုးရိုးလေးပါ... လူသားတွေရဲ့ အာရုံခံစားမှုမှာ မမြင်နိုင်တဲ့ အကွယ်အကာတွေ အများကြီး ရှိတယ်ဆိုတာ သတိပေးချင်လို့ပါ။ တစ်ခါတလေကျရင် ကျွန်မတို့ဟာ မှားယွင်းတဲ့ နေရာကို ကြည့်ဖို့ အလုပ်ရှုပ်နေကြလွန်းလို့... မျက်စိရှေ့တည့်တည့်က အမှန်တရားကို မမြင်နိုင်ကြပါဘူး”

လန်ဒန် ရေကူးစင်တာမှ ထွက်ခွာပြီး တောင်ကုန်းအောက်သို့ ပြန်ဆင်းလာချိန်တွင် မနက်ခင်း ကောင်းကင်ကြီးမှာ မှောင်မိုက်နေဆဲ ဖြစ်၏။ မိနစ် ၃၀ ကြာ ရေကူးရင်း တရားမှတ်ခဲ့ခြင်းကြောင့် သူ၏ စိတ်မှာ တည်ငြိမ်အေးချမ်းနေပြီး ဟိုတယ်သို့ တစ်ယောက်တည်း လမ်းလျှောက်ပြန်ရသည့် အချိန်သည် သူ၏ တစ်နေ့တာ အနှစ်သက်ဆုံး အချိန်များထဲမှ တစ်ခု ဖြစ်လာလေသည်။ သူ မြစ်နားသို့ နီးကပ်လာသောအခါ ခရီးသွားများအတွက် သတင်းအချက်အလက် စင်တာမှ ဒစ်ဂျစ်တယ် နာရီက မနက် ၆:၅၂ ဟု ပြသနေလေသည်။

“အချိန်အများကြီး ရပါသေးတယ်” လန်ဒန် သူ့ကိုယ်သူ ပြောလိုက်သည်။ ကက်သရင်း၏ ကုတင်ပေါ်သို့ ပြန်တက်ပြီး ဘရီဂီတာ ဂက်စ်နာ နှင့် မနက် ၈ နာရီ ချိန်းထားသည့် အစည်းအဝေးကို ဖျက်လိုက်ဖို့ သူ့ကို နားချရန် လန်ဒန် မျှော်လင့်နေမိသည်။ ထို အာရုံကြော သိပ္ပံပညာရှင်သည် သည်မနက် သူ၏ ဓာတ်ခွဲခန်းကို လိုက်ကြည့်ရန် ကက်သရင်းအား ဇွတ်အတင်း ခေါ်ခဲ့ခြင်း ဖြစ်ပြီး ကက်သရင်းကလည်း ယဉ်ကျေးလွန်းသူမို့သာ မငြင်းဆန်ခဲ့ခြင်း ဖြစ်လေသည်။

လန်ဒန်သည် ချားလ်စ် တံတားသို့ ရောက်သောအခါ ဖြူဖွေးညီညာနေသော နှင်းပြင်မှာ မူလအတိုင်း မဟုတ်တော့ဘဲ အခြားသော မနက်စောစောထသူများ၏ ခြေရာများဖြင့် အစက်အပြောက်များ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ တံတားပေါ်သို့ သူ တက်လိုက်သည်နှင့် မူလ အလယ်ခေတ် လက်ရာများထဲမှ တစ်ခုတည်း ကျန်ရှိတော့သည့် ဂျူးဒစ် မျှော်စင်သည် သူ၏ ညာဘက်တွင် မတ်မတ်ရပ်ကာ ပေါ်လာလေသည်။ အဝေးဆီတွင် ၁၄ ရာစုနှစ်က တည်ဆောက်ထားသည့် ကင်းမျှော်စင် "အသစ်" ကို မြင်နေရသည်။ တစ်ချိန်က ဟပ်စ်ဘတ် မင်းဆက်၏ အုပ်ချုပ်‌‌ရေး အာဏာကို မေးခွန်းထုတ်ရဲသူ မည်သူ့ကိုမဆို သတိပေးသည့် အနေဖြင့် ခေါင်းဖြတ်ပြီး ထိုမျှော်စင်တွင် စူးချွန်များဖြင့် ထိုးစိုက်ကာ ပြသထားခဲ့ဖူး၏။

“အနားက ဖြတ်သွားရင် ခေါင်းဖြတ်သတ်ခံခဲ့ရတဲ့လူတွေရဲ့ နာကျင်ညည်းတွားသံတွေကို ကြားနေရတုန်းပဲလို့ လူတွေက ပြောကြတယ်”

‘ပရာ့ဂ်’ ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်သည် ‘တံခါးဝ’ ဟု အဓိပ္ပာယ်ရပြီး သည်နေရာသို့ ရောက်လာတိုင်း လန်ဒန်သည် တံခါးဝတစ်ခုကို ဖြတ်ကျော်လိုက်ရသလို အမြဲ ခံစားရတတ်သည်။ ရာစုနှစ်ပေါင်းများစွာ ကြာအောင် ဤမှော်ဆန်သော မြို့တော်သည် လျှို့ဝှက်ဆန်းကြယ်မှုများ၊ တစ္ဆေများနှင့် ဝိညာဉ်များဖြင့် ပြည့်နှက်နေခဲ့၏။ ယနေ့ခေတ် လမ်းညွှန်စာအုပ်များတွင်ပင် ဤမြို့၌ သဘာဝလွန် အငွေ့အသက်များ ရှိနေပြီး ယုံကြည်လက်ခံသူများအဖို့ ထင်ရှားစွာ ခံစားရနိုင်သည်ဟုပင် ရေးသားထားသည်။

“ငါကတော့ အဲဒီလူတွေထဲမှာ မပါလောက်ပါဘူး” ဟု လန်ဒန် သိနေသည်။ သို့သော်လည်း သည်မနက် ချားလ်စ် တံတားကြီးပေါ်တွင် နှင်းများ ကျဆင်းနေပြီး ဂက်စ်မီးတိုင်များ ဘေးတွင် သရဲခြောက်သလို ရောင်ခြည်စက်ဝိုင်းများ ပေါ်နေသည်မှာ တမလွန် ကမ္ဘာတစ်ခုကဲ့သို့ ခံစားရသည်ကိုတော့ သူ ဝန်ခံရပေမည်။

ရာစုနှစ်ပေါင်းများစွာ ကြာအောင် ဤမြို့သည် ဥရောပ မှော်ပညာတို့၏ ဆုံချက် ဖြစ်ခဲ့၏။ ပရာ့ဂ် ဘုရင် ရူဒေါ့ဖ် ၂ သည် သူ၏ မြေအောက်ရှိ ‘စပက်ကျူလမ် အော်ခမီရေ’ ဟု အမည်ရသော အခန်းထဲတွင် အဂ္ဂိရတ် ပညာရပ်များကို လျှို့ဝှက်စွာ လေ့ကျင့်ခဲ့လေသည်။ အကြားအမြင်ရသူများ ဖြစ်ကြသော ဂျွန် ဒီးနှင့် အက်ဒွပ် ကယ်လီတို့သည်လည်း ဝိညာဉ်များကို ဆင့်ခေါ်ရန်နှင့် ကောင်းကင်တမန်များနှင့် စကားပြောဆိုရန် ဤနေရာသို့ လာရောက်ခဲ့ကြဖူးသည်။ လျှို့ဝှက်ဆန်းကြယ်သော ဂျူးစာရေးဆရာ ဖရန့်ဇ် ကဖ်ကာသည် ဤနေရာ၌ မွေးဖွားပြီး အလုပ်လုပ်ခဲ့ကာ သူ၏ နာမည်ကျော် အိမ်မက်ဆန်ဆန် ဖြစ်သော ‘အသွင်ပြောင်းလဲခြင်း’ ဝတ္ထု ကို ရေးသားခဲ့၏။

လန်ဒန်သည် တံတားပေါ်တွင် ဆက်လက် လျှောက်လှမ်းလာရင်း အဝေးမှ ‘လေးရာသီ’ ဟိုတယ်ကို လှမ်းမြင်လိုက်ရသည်။ ဟိုတယ်သည် မြစ်ကမ်းနားတွင် တည်ရှိပြီး ဗဲလ်တာဗာမြစ်ရေသည် ဟိုတယ် အောက်ခြေကို လာရောက် ရိုက်ခတ်နေသည်။ တောက်ပနေသော ရေပြင်ထက်တွင် သူတို့ တည်းခိုရာ ဒုတိယထပ်ရှိ တော်ဝင်အဆင့် အခန်း၏ ပြတင်းပေါက်များသည် မှောင်မိုက်နေဆဲ ဖြစ်၏။

“ကက်သရင်း အိပ်နေတုန်းပဲ” ။ ညက အိပ်မက်ဆိုးကြောင့် တစ်ညလုံးနီးပါး သူနိုးနေခဲ့သည်ကို ထောက်ချင့်လျှင် လန်ဒန် မအံ့သြမိပါ။

ဧရာမ တံတားကြီး၏ သုံးပုံတစ်ပုံခန့် အရောက်တွင် နီပိုမောက်မြို့မှ သူတော်စင်ဂျွန်၏ ကြေးရုပ်တုကို လန်ဒန် ဖြတ်ကျော်လာခဲ့လေသည်။ “ဒီနေရာ တည့်တည့်မှာပဲ သူအသတ်ခံခဲ့ရတာ” ဟူသော အသိကြောင့် သူ ကျောချမ်းသွား၏။ ဘုရင်သည် ဘုန်းတော်ကြီးအား ဝန်ချတောင်းပန်ခြင်း အလေ့အထ၌ လျှို့ဝှက်ပေးရမည်ဟူသော ကျင့်ဝတ်ကို ဖောက်ဖျက်ပြီး မိဖုရား၏ ကိုယ်ရေးကိုယ်တာ ဝန်ခံချက်များကို ပြန်ပြောပြရန် အမိန့်ပေးခဲ့ရာတွင် ဘုန်းတော်ကြီးက ငြင်းဆန်ခဲ့သဖြင့် ဘုရင်က သူ့အား နှိပ်စက်ညှဉ်းပန်းကာ ဤတံတားပေါ်မှ ပစ်ချခဲ့ခြင်း ဖြစ်လေသည်။

လန်ဒန်သည် ကိုယ့်အတွေးနှင့်ကိုယ် မျောပါနေစဉ် ရှေ့ မနီးမဝေးဆီက ပုံမှန်မဟုတ်သော မြင်ကွင်းတစ်ခုကြောင့် အာရုံ စူးစိုက်ကာ ကြည့်လိုက်မိသည်။ တံတားအလယ်ခန့်တွင် အနက်ရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး လျှောက်လာနေ၏။ သူသည် ထူးဆန်းသော ခေါင်းဆောင်းတစ်ခုကို ဆောင်းထားသဖြင့် အပျော်တမ်း ဝတ်စုံပြည့် ပါတီပွဲတစ်ခုမှ ပြန်လာခြင်း ဖြစ်မည်ဟု လန်ဒန် ခန့်မှန်းလိုက်သည်။ ခေါင်းဆောင်းမှာ သရဖူတစ်ခုသဖွယ် ဖြစ်ပြီး သေးသွယ်သော အနက်ရောင် ဆူးချွန် ၆ ခုခန့်သည် သူ၏ ဦးခေါင်းခွံမှ ယပ်တောင်သဖွယ် အပေါ်သို့ ကားထွက်နေလေသည်။ ၎င်းတို့၏ ပုံစံမှာ အနက်ရောင်...။

လန်ဒန် ကြက်သီးထသွားသည်။ “အနက်ရောင် ရောင်ခြည်စက်ဝန်း သရဖူများလား”

သည်မနက်ခင်းတွင် ရောင်ခြည်စက်ဝန်း သရဖူကို မြင်လိုက်ရသည့် ထူးဆန်းသော တိုက်ဆိုင်မှုသည် အံ့သြစရာ ကောင်းပြီး စိတ်မသက်မသာ ဖြစ်စရာပင်။ သို့သော် သရဲတစ္ဆေ ဝတ်စုံများ ဝတ်ဆင်ခြင်းသည် ပရာ့ဂ်မြို့တွင် အများအားဖြင့် ရှိတတ်ကြောင်း လန်ဒန် သူ့ကိုယ်သူ သတိပေးလိုက်သည်။

သို့သော် အမျိုးသမီး နီးကပ်လာသည်နှင့်အမျှ မြင်ကွင်းက ပို၍ ထူးဆန်းလာသည်။ ဆူးချွန် သရဖူ ဆောင်းထားသော ထိုအမျိုးသမီးသည် စိတ်ကူးယဉ် ကမ္ဘာထဲ ရောက်နေသကဲ့သို့ ဖြစ်နေပြီး၊ မျက်လုံးများက ဘာကိုမှ မမြင်ဘဲ ငေးစိုက်လျက် အသိမရှိသူကဲ့သို့ လမ်းလျှောက်နေခြင်း ဖြစ်၏။ သူ့အား အဆင်ပြေရဲ့လား ဟု မေးမြန်းရန် ပြင်လိုက်စဉ် သူ့လက်ထဲ၌ ကိုင်ထားသော အရာကို လန်ဒန် သတိထားမိလိုက်သည်။

ထိုမြင်ကွင်းကြောင့်ပင် သူ ရပ်တန့်သွား၏။

“ဒါပေမဲ့ အဲဒါက... မဖြစ်နိုင်ပါဘူး”

ထိုအမျိုးသမီးသည် ငွေရောင် လှံတံတစ်ချောင်းကို ဆုပ်ကိုင်ထားလေသည်။

“ကက်သရင်းရဲ့ အိပ်မက်ထဲက အတိုင်းပဲ...”

လန်ဒန်သည် ချွန်ထက်သော ထိုလက်နက်ကို ကြည့်ရင်း ယခု သူကိုယ်တိုင်ပင် အိပ်မက် မက်နေခြင်းများ ဖြစ်လေမလားဟု ချက်ချင်း တွေးလိုက်မိသည်။ အမျိုးသမီး သူ့ဘေးသို့ ရောက်လာသောအခါ လန်ဒန်သည် စိတ်ရှုပ်ထွေးမှုကြောင့် ကြောင်,အ ငေးမောလျက် လမ်းလျှောက်ရာမှ ရပ်တန့်နေမိပြီ ဖြစ်ကြောင်း သတိပြုမိလိုက်၏။ တွေဝေနေရာမှ ရုန်းထွက်လိုက်ပြီး အမျိုးသမီးဘက်သို့ လှည့်ကာ သူကြားအောင် အော်ခေါ်လိုက်သည်။

“တဆိတ်လောက်ပါ။ မိန်းကလေး...”

အမျိုးသမီးသည် လန်ဒန်၏အသံကို မကြားရသကဲ့သို့ ခြေလှမ်း ပျက်ယွင်းခြင်း မရှိဘဲ ဆက်သွားနေလေသည်။

“ဟဲလို....” ဟုသာ အော်ဟစ်ရင်း လန်ဒန် မတ်တပ်ရပ်ကျန်နေခဲ့လေသည်။ သို့သော် အမျိုးသမီးမူကား တစ္ဆေတစ်ကောင် လွင့်မျောသွားသကဲ့သို့ သူ့ကို ဖြတ်ကျော်သွား၏။ မမြင်ရသော အင်အားတစ်ခု၏ ဆွဲခေါ်ခြင်း ခံရသော မျက်မမြင် ဝိညာဉ်တစ်ခု တံတားပေါ် ဖြတ်သွားသကဲ့သို့ပင် ဖြစ်လေသည်။

အမျိုးသမီးနောက်သို့ လိုက်ရန် လှည့်လိုက်ပြီး ၂ လှမ်းခန့် အရောက်တွင် လန်ဒန်ရပ်တန့်သွားသည်။ သည်တစ်ခါ သူ့ခြေလှမ်းများကို တားဆီးလိုက်သည်မှာကား ပုပ်စော်နံသော အနံ့ဆိုးတစ်ခု ဖြစ်၏။

ထိုတစ္ဆေကဲ့သို့သော အမျိုးသမီး၏ နောက်တွင် ကျန်ရစ်ခဲ့သော အနံ့မှာ မှားယွင်းစရာမရှိသော အနံ့တစ်ခု ဖြစ်၏။

သေခြင်းတရား၏ အနံ့ပင်။

ထိုအနံ့ဆိုးသည် လန်ဒန်အား ချက်ချင်းပင် ဆွဲစုပ်ယူလိုက်သကဲ့သို့ ရှိလေသည်။ ကြောက်ရွံ့စိတ်များသည် ဒီရေအလား သူ့ထံသို့ တိုးဝင်လာသည်။

“ဘုရားရေ... မဖြစ်ရဘူး... ကက်သရင်း”

လန်ဒန်သည် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းပင် နောက်ပြန်လှည့်ပြီး အိတ်ကပ်ထဲမှ ဖုန်းကို ကပျာကသီ နှိုက်ယူရင်း ချားလ်စ် တံတားအတိုင်း အပြင်းအထန် ပြေးလွှားလိုက်ပါတော့သည်။ ဟိုတယ်ဆီသို့ ဦးတည်ပြေးရင်း ဖုန်းကို ပါးစပ်နားတေ့ကာ သူ အော်ပြောလိုက်၏။ "ဟေး ဆီရီ... ၁-၁-၂ ကို ခေါ်ပေးပါ”

ဖုန်းဝင်သွားချိန်တွင် လန်ဒန်သည် တံတားကို ဖြတ်ကျော်ပြီး ခချီဂျိုနီစကာ လမ်းမသို့ ရောက်ရှိနေပြီ ဖြစ်၏။ “၁-၁-၂ ကပါ။ ဘာ အရေးပေါ်ကိစ္စ ရှိပါသလဲ” ဟူသော အသံ ထွက်လာသည်။

“လေးရာသီ ပရာ့ဂ်ဟိုတယ်...” လန်ဒန်သည် ဘယ်ဘက်သို့ ကွေ့၍ ဟိုတယ်ရှိရာ မှောင်မိုက်သော ပလက်ဖောင်းအတိုင်း အပြေးအလွှား သွားရင်း အော်ပြောလိုက်သည်။ “အခုချက်ချင်း လူတွေကို ရွှေ့ပြောင်းပေးပါ။ အခုချက်ချင်း”

“စိတ်မရှိပါနဲ့၊ ရှင်က ဘယ်သူပါလဲ”

“ရောဘတ် လန်ဒန် ပါ၊ ကျွန်တော်က အမေရိ...”

သူ့ရှေ့ရှိ ကားပါကင်ထဲမှ တက္ကစီ တစ်စီး ထွက်လာရာ ကားဘေးကို အရှိန်ဖြင့် ဝင်တိုက်မိပြီး သူ၏ ဖုန်းသည် နှင်းဖုံးနေသော လမ်းပေါ်သို့ လွတ်ကျသွား၏။ လန်ဒန်သည် ဖုန်းကို ကောက်ယူပြီး ဆက်ပြေးသွားသော်လည်း၊ ဖုန်းလိုင်းမှာ ပြတ်တောက်သွားပြီ ဖြစ်သည်။ ကိစ္စမရှိတော့။ ဟိုတယ် ဝင်ပေါက်သည် သူ့ရှေ့တည့်တည့်တွင် ရောက်နေပြီ ဖြစ်လေသည်။

မောဟိုက်နေရင်း သူသည် ဧည့်ခန်းမဆောင်ထဲသို့ ဝင်လိုက်ရာ မန်နေဂျာကို တွေ့သဖြင့် လှမ်းအော်လိုက်သည်။ “အားလုံး ဒီကနေ ထွက်သွားဖို့ လိုတယ်”

ရဲအရာရှိများ မရှိတော့သော်လည်း မနက်ခင်း ကော်ဖီသောက်နေကြသော ဧည့်သည်အချို့က အံ့သြတကြီး မော့ကြည့်ကြလေသည်။

“လူတိုင်းမှာ အန္တရာယ် ရှိနေတယ်” လန်ဒန်က မန်နေဂျာကို ထပ်မံ အော်ပြောလိုက်ပြန်သည်။ “မြန်မြန် ထွက်သွားကြပါ”

မန်နေဂျာလည်း ထိတ်လန့်တကြား ပြေးလာ၏။ “ပါမောက္ခကြီး၊ ကျေးဇူးပြုပြီး။ ဘာများဖြစ်လို့လဲ”

လန်ဒန်သည်ကား နံရံကပ် မီးအချက်ပေး ခေါင်းလောင်းရှိရာသို့ ပြေးသွားပြီး ဖြစ်၏။ ထို့နောက် ချက်ချင်းပင် ဖန်သားကို ခွဲပြီး ခလုတ်ကို ဆွဲချလိုက်သည်။

ချက်ချင်းဆိုသလို အချက်ပေး ခေါင်းလောင်းသံများ ဆူညံစွာ ထွက်ပေါ်လာ၏။

လန်ဒန်သည် ဧည့်ခန်းမဆောင်မှ ပြေးထွက်ပြီး သူတို့၏ အခန်းရှိရာ နောက်ဆက်တွဲ အဆောင်သို့သွားသည့် စင်္ကြံလမ်းရှည်ကြီး အတိုင်း ဒုန်းစိုင်းပြေးလေတော့သည်။ ဟိုတယ်၏ နောက်ဘက်သို့ ရောက်သောအခါ ဓာတ်လှေကားကို မစောင့်တော့ဘဲ လှေကားထစ်များအား ၂ ဆင့်ဆီ ကျော်၍ ခုန်တက်ကာ သီးသန့် ဝင်ပေါက်သို့ သွားလိုက်သည်။ ထို့နောက် တော်ဝင် အဆင့်အခန်းကို ဖွင့်လျက် အထဲသို့ အတင်း ဝင်ရောက်ကာ အမှောင်ထဲတွင် အော်ဟစ်၍ ခေါ်လိုက်ပါတော့သည်။

“ကက်သရင်း၊ ထတော့။ မင်း မက်ခဲ့တဲ့ အိပ်မက်က...” ဟု အော်ရင်း သူသည် ပင်မ မီးခလုတ်ကို ဖွင့်လိုက်ပြီး အိပ်ခန်းဆီသို့ ပြေးသွားသော်လည်း ကုတင်ပေါ်တွင် မည်သူမျှ မရှိပေ။ “သူ ဘယ်ရောက်နေတာလဲ” ။ ရေချိုးခန်းသို့ သူ ပြေးကြည့်သည်...ဘာမှမရှိ။ သူ အသည်းအသန်ဖြင့် အခန်းအနှံ့ ရှာဖွေမိပြန်သည်။ “သူ ဒီမှာ ရှိမနေဘူး”

ထိုအချိန်တွင် အနီးနားရှိ ဘုရားကျောင်းမှ ခေါင်းလောင်းသံ တစ်ခုသည် ဆွေးမြေ့ဖွယ်ရာ အသံကြီးဖြင့် မြည်ဟီးလာလေတော့သည်။

ထိုအသံသည် လန်ဒန်အား အလွန်တရာ ကြီးမားသော ကြောက်ရွံ့တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်သွားစေသည်မှာ အမှန်ပင်။ ဟိုတယ်ထဲမှ အချိန်မီ ထွက်ခွာနိုင်တော့မည် မဟုတ်ကြောင်း တစ်စုံတစ်ခုက သူ့ကို ပြောနေလေသည်။ သူ၏ အသက်အန္တရာယ်ကို စိုးရိမ်မိပြီး အဒရီနယ်လင်း ဟော်မုန်းများ ဟုန်းခနဲ တက်လာကာ ပြတင်းပေါက်ကြီးဆီသို့ ပြေးသွားပြီး အောက်ဘက်ရှိ နက်ရှိုင်းသော ဗဲလ်တာဗာမြစ်ရေပြင်ကို လန်ဒန် ငုံ့ကြည့်လိုက်မိသည်။

မြစ်၏ ငြိမ်သက်၍ မည်းနက်နေသော ရေပြင်သည် သူ့အောက် တည့်တည့်တွင် ရှိနေသည်။

ခေါင်းလောင်းသံကလည်း ပို၍ပင် ကျယ်လောင်လာ၏။

သူသည် စဉ်းစားရန် ကြိုးစားမိသော်လည်း၊ မည်သည့် အတွေးမှ ထွက်မလာတော့ဘဲ လူ့သဘာဝ၏ ပင်ကိုစိတ် တစ်ခုကသာ သူ့အား လွှမ်းမိုးသွားတော့၏။ အသက်ရှင်ချင်သော စိတ်ပင် ဖြစ်လေသည်။

တွန့်ဆုတ်မနေတော့ဘဲ လန်ဒန်သည် ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်ပြီး ပြတင်းပေါက် ဘောင်ပေါ်သို့ တက်လိုက်၏။ အေးစက်သော လေနှင့် နှင်းများ သူ၏ ဘေးမှ တိုးဝှေ့တိုက်ခတ်သွားသော်လည်း၊ သူ၏ ထိတ်လန့်မှုကိုမူ မပြေလျော့စေနိုင်ပါ။

“ဒါက မင်းအတွက် တစ်ခုတည်းသော ရွေးချယ်စရာပဲ”

ပြတင်းပေါက်ဘောင်၏ အစွန်းသို့ သူ ခြေလှမ်းလိုက်သည်။

ထို့နောက် အသက်ပြင်းပြင်း ရှူလိုက်ပြီး လန်ဒန်သည် အမှောင်ထု အတွင်းသို့ ခုန်ချလိုက်ပါတော့သည်။

အပတ်စဥ် တနင်္ဂနွေနှင့်တနင်္လာ