ရောဘတ် လန်ဒန်သည် အသက်ကို လုကာ ရှူလိုက်ရ၏။

ဗဲလ်တာဗာ မြစ်၏ ရေခဲလုနီးပါး အေးစက်မှုဒဏ်ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်လေးလံသွားသလို ခံစားလိုက်ရသည်။ ရေပေါ်တွင် ပေါ်နေအောင် ယက်ကန်ယက်ကန်နှင့် ကြိုးစားနေရချိန်တွင် ရေစိုနေသော အဝတ်အစားများ၏ အလေးချိန်က သူ့ကို ရေအောက်သို့ ဆွဲချသွားမတတ် ခြိမ်းခြောက်နေလေသည်။

“ကက်သရင်း...”

လန်ဒန်သည် သူ ခုန်ချခဲ့သော ဒုတိယထပ်ရှိ ပြတင်းပေါက်ဆီသို့ မော့ကြည့်လိုက်၏။ သူ စိုးရိမ်ခဲ့သော ပေါက်ကွဲမှုကြီး ဖြစ်မလာခဲ့ပေ။ လေးရာသီ ဟိုတယ်ကြီးသည် နဂိုအတိုင်း မပျက်မစီး တည်ရှိနေဆဲ ဖြစ်လေသည်။

အရေးပေါ် မီးရောင် စူးစူးများအောက်တွင် ဟိုတယ် ဧည့်သည်များသည် ဘေးဘက် ထွက်ပေါက်မှတဆင့် မြစ်ထဲသို့ ထိုးထွက်နေသော ဟိုတယ်၏ လှေဆိပ်ကို အုပ်မိုးထားသည့် လသာဆောင်ကျယ်ကြီး၏ ပြင်ပသို့ တိုးထွက်နေကြသည်။

ရေပေါ် ပေါ်နေအောင် ကြိုးစားရင်း လန်ဒန်သည် ရေစီးကြောင်းက သူ့ကို အဝေးသို့ ဆွဲခေါ်သွားနေကြောင်း ရုတ်တရက် သတိပြုလိုက်မိ၏။ ရေစီးနှင့်အတူ အောက်ဘက်သို့ မျောပါမသွားမီ ရေထဲမှ ကုန်းပေါ်တက်ရောက်နိုင်ရန် ဟိုတယ် လှေဆိပ်သည် သူ့အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်၏။

ထိတ်လန့်မှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်း လှေဆိပ်ရှိရာသို့ လက်ပစ်ကူးပုံစံဖြင့် ကူးခတ်ရန် ကြိုးစားလိုက်သော်လည်း သူ၏ လက်မောင်းများကို မနည်း ကြိုးစား၍ မလိုက်ရသည်။ ရေစိုရွှဲနေသော ဆွယ်တာအင်္ကျီသည် သူ့ကိုယ်ပေါ်တွင် ကျောက်ဆူးတစ်ခု ချိတ်ဆွဲထားသကဲ့သို့ လေးလံနေ၏။ ရေ၏ အအေးဒဏ်ကြောင့် သွေးကြောများ ကျုံ့ဝင်လာပြီး၊ ခြေကျင်းဝတ်နှင့် လက်ကောက်ဝတ်တို့တွင်လည်း နာကျင် ကိုက်ခဲမှုများ စတင် ခံစားလာရခြင်းက အအေးဓါတ်ကြောင့် ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းခြင်း၏ ရှေ့ပြေး လက္ခဏာများ ဖြစ်ကြောင်း လန်ဒန် သတိထားမိလိုက်သည်။

“ရေကူးစမ်း ရောဘတ်...”

ကြည့်ရဆိုးသော ဖားကူး,ကူးသည့် ပုံစံသို့ ပြောင်းလိုက်ပြီး လန်ဒန်သည် ရေစီးကို အန်တုလျက် ဟိုတယ် လှေဆိပ်ဆီသို့ ရောက်ရှိရန် အားကုန်သုံး၍ ကူးခတ်လိုက်သည်။ လှေဆိပ်ကို ကျော်လွန်၍ လှမ်းကြည့်လိုက်သည်တွင်၊ ရေစီးအောက်ဘက် မလှမ်းမကမ်းတွင် ရှိသော ရေတံခွန်ဆီသို့ မျောပါသွားမည်ကို သူ လန့်မိလေသည်။ သို့သော် ထိုအစွန်းမှ မပြုတ်ကျမီ သူ သတိလစ်ပြီး ရေမွန်းသွားလောက်ပြီ ဖြစ်ကြောင်းကိုလည်း သူ သိနေသည်။

“ရုန်းပြီး ကူးစမ်းပါဟ၊ တကတည်းမှ....”

လက်မောင်းများဖြင့် ရေကို ယက်နေစဉ် လန်ဒန်၏ စိတ်အာရုံထဲတွင် အနက်ရောင် ရောင်ခြည်စက်ဝန်း သရဖူ ဆောင်းထားသော တစ္ဆေတစ်ကောင်ကဲ့သို့ အမျိုးသမီး၏ ပုံရိပ်က ပြန်ပေါ်လာလေသည်။ ခေါင်းဆောင်းသည်ကား ထိတ်လန့်စရာ တိုက်ဆိုင်မှုတစ်ခုသက်သက်သာ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။ သို့သော် သူ ကိုင်ထားသည့် လှံတံကရော... ပြီးတော့ သေခြင်းတရား၏ အနံ့အသက်ကရော....။

“မဖြစ်နိုင်တာကွာ။

ရှင်းပြလို့ မရနိုင်တဲ့ ကိစ္စပဲ”

ယမန်နေ့ညက ကက်သရင်း ကြုံတွေ့ခဲ့ရသော အိပ်မက်ဆိုးကဲ့သို့ပင် သူသည်လည်း အိပ်ပျော်နေပြီး အိပ်မက်ဆိုးတစ်ခုထဲတွင် ပိတ်မိနေခြင်း ဖြစ်လေမလားဟု လန်ဒန် တစ်ခဏမျှ တွေးလိုက်မိသေးသည်။ မဖြစ်နိုင်။ အရိုးခိုက်မတတ် အေးစက်မှုနှင့် မြန်ဆန်နေသော နှလုံးခုန်သံတို့က သူ နိုးထနေကြောင်း သက်သေပြနေလေသည်။ ရေခဲကန်ထဲသို့ ကျဖူးသူတိုင်း သိသည့်အတိုင်းပင်၊ အပူချိန် ပြင်းပြင်းထန်ထန် ကျဆင်းမှု စတင်လာသည်နှင့် တပြိုင်နက် စိတ်ပိုင်းဆိုင်ရာ အခြေအနေများသည်လည်း ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း နှင့် နောက်ဆုံးတွင် လက်ခံလိုက်ရခြင်း စသည်ဖြင့် တစ်ခုပြီးတစ်ခု ပြောင်းလဲလာတတ်ပေသည်။

“အဲဒီ ထိတ်လန့်မှုကို အသုံးချလိုက်စမ်း” ဟု သူ့ကိုယ်သူ ပြောလိုက်သည်။ “ပိုပြီး ပြင်းပြင်းထန်ထန် ကူးစမ်း”

ရေစီးကို ကန့်လန့်ဖြတ်လျက် လန်ဒန်သည် လှေဆိပ်ရှိရာ ဘက်သို့ ကြည့်ရဆိုးစွာဖြင့် လက်ကို ယက်လိုက်ပြီး တဆစ်ဆစ်နှင့် တိုးလာသော နာကျင်မှုကို လျစ်လျူရှုထားလိုက်သည်။ အားစိုက်လိုက်တိုင်း နာကျင်မှုက ပိုဆိုးလာသော်လည်း၊ ဟိုတယ် အချက်ပေး ခေါင်းလောင်းသံများက ပို၍ပင် ကျယ်လောင်လာလေသည်။ “နီးလာပြီ” ။ ရေအေး၏ ဒဏ်ကြောင့် သူ့မျက်လုံးများလည်း စပ်ဖျင်းဖျင်း ဖြစ်လာပြီး အမြင်အာရုံတို့ပါ ဝေဝါးစ ပြုလာ၏။

လုံခြုံရေး မီးရောင်အောက်တွင် မည်းမှောင်နေသော အရာဝတ္ထုကြီး တစ်ခုသဖွယ် ဖြစ်နေသည့် လှေဆိပ်သည် ယခုလျှင် သူ၏ အနီးသို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ လန်ဒန်သည် နောက်ဆုံးအနေဖြင့် အားကုန်ထုတ်၍ ထိုနေရာသို့ ရောက်အောင် သွားလိုက်သည်။ သူ့လက်ဖြင့် မာကျောသော အရာတစ်ခုကို စမ်းမိလိုက်ချိန်တွင် ထုံကျင်နေသော လက်ချောင်းများသည် ကြမ်းတမ်းသော သစ်သားတံတားကို ဆုပ်ကိုင်ရန် မဆိုထားနှင့်၊ ထိတွေ့မှုကိုပင် ကောင်းစွာ မခံစားနိုင်တော့ပေ။ သူသည် သတ္တုလှေကားငယ် တပ်ဆင်ထားသည့် နေရာသို့ ရောက်အောင် တံတားဘောင်ကို လက်ဖြင့် တစ်ဆင့်ချင်း ဆွဲကိုင်ကာသွားလိုက်၏။ ရှိသမျှ ခွန်အား အကုန်ထုတ်၍ ခန္ဓာကိုယ်ကို အပေါ်သို့ ဆွဲတင်လိုက်ပြီး လှေဆိပ် ကြမ်းပြင်ပေါ်သို့ အသက်မရှိသော ဝန်ထုပ်တစ်ခုသဖွယ် ပစ်လှဲချလိုက်ရာ သူ၏ ရေစိုအဝတ်အစားများမှ ရေများလည်း ပတ်ဝန်းကျင်သို့ စီးကျလာလေသည်။

လန်ဒန်သည် မလှုပ်မယှက် လဲလျောင်းနေရင်း တဆတ်ဆတ် တုန်ရီလျက် အားအင်ကုန်ခမ်းနေပြီ ဖြစ်သော်လည်း အန္တရာယ် ရှိနေဆဲ ဖြစ်ကြောင်း သိနေ၏။

“ငါ ဒီနေရာမှာ ဆက်နေရင် ခဏလေးနဲ့ ခဲသွားလိမ့်မယ်။ နွေးနွေးထွေးထွေး နေဖို့ လိုတယ်”

သူသည် လေးဘက်ထောက်၍ ကုန်းရုန်းထကာ ဟိုတယ်ဘက်သို့ မော့ကြည့်လိုက်သည်။ လသာဆောင်ပေါ်ရှိ နှင်းထုကြီးကြား၌ ရေချိုးဝတ်ရုံ ဝတ်ဆင်ထားသူများ အပါအဝင် ဧည့်သည်များနှင့် ပြည့်ကျပ်နေပြီ ဖြစ်၏။ သူ နောက်ပြန်လှည့်ပြီး ချားလ်စ် တံတားဘက်သို့ လှမ်းကြည့်လိုက်ပြန်သည်။ နှင်းမှုန်များ ကျဆင်းနေသည့်ကြားတွင် ဂက်စ်မီးအိမ်များက နွေးထွေးစွာ လင်းလက်နေသည့် မြင်ကွင်းသည် ပို့စကတ်တစ်ခု အလား လှပနေသည်မှာ အမှန်ပင်။

“ငါ တကယ်ကြီး မြင်ခဲ့တာပါ”

လှေဆိပ် တံတားပေါ်တွင် ခြေသံများ အလျင်အမြန် နီးကပ်လာသည်ကို လန်ဒန် ကြားလိုက်ရသည်။

“မစ္စတာ လန်ဒန်” ဟိုတယ် မန်နေဂျာက အော်ဟစ်လိုက်ပြီး မျက်လုံးအပြူးသားဖြင့် ရောက်ရှိလာသည်။ သူသည် နှင်းဖုံးနေသော မျက်နှာပြင်ပေါ်တွင် လျှောတိုက်လျက် ရပ်တန့်လိုက်၏။ “အဆင်ပြေရဲ့လား ဆရာ။ ဘာတွေ ဖြစ်ခဲ့တာများလဲဗျာ”

လန်ဒန် ခေါင်းညိတ်လိုက်သည်။ “ကျွန်တော်... ထင်ခဲ့တာက... အဲဒီမှာ...”

“မီးလောင်တာလား”

အအေးဒဏ်ကြောင့် တုန်ရီနေရင်း လန်ဒန် ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး...”

“ဒါဆို ခင်ဗျား ဘာလို့ အချက်ပေး ခေါင်းလောင်းကို ဆွဲလိုက်တာလဲ” ။ ပုံမှန်ဆိုလျှင် ယဉ်ကျေးသိမ်မွေ့သော မန်နေဂျာ၏ လေသံသည် ယခုအခါ ဒေါသကြောင့် တုန်ရီနေလေသည်။

“ကျွန်တော် ထင်ခဲ့တာက... အန္တရာယ် ရှိနေတယ် ထင်လို့ပါ”

“ဘာအန္တရာယ်လဲ”

လန်ဒန်သည် ထိုင်လျက် အနေအထား ဖြစ်အောင် မနည်း ကြိုးစားလိုက်ရသည်။ သူ့ခေါင်းတစ်ခုလုံး ကိုက်ခဲနေပြီး အအေးမိ၍ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းခြင်း စတင်လာသည်ကို ခံစားနေရလေသည်။

ဟိုတယ် လုံခြုံရေး ဝန်ထမ်းတစ်ဦးလည်း လှေဆိပ်သို့ ပြေးဆင်းလာပြီး သူတို့ အနားသို့ ရောက်လာကြသည်။ ကြွက်သားအဖုအထစ်များနှင့် ထိုလူက ငုံ့လိုက်ကာ၊ လန်ဒန်အား ချိုင်းကြားမှ ကိုင်လျက် ခပ်ကြမ်းကြမ်း ဆွဲထူလိုက်သည်။ လုံခြုံရေး ဝန်ထမ်းသည် သူ့ကို ကူညီကာ ထူမပေးနေခြင်းလော၊ သို့မဟုတ် ဖမ်းချုပ်ထားခြင်းလော ဆိုသည်ကို လန်ဒန် မဝေခွဲတတ်ပေ။

“ဘာကိစ္စကြောင့် အချက်ပေး ခေါင်းလောင်းကို ဆွဲလိုက်တာလဲ ဆရာ” မန်နေဂျာက သူ့ကို စူးစိုက်ကြည့်ရင်း ထပ်မေး၏။

“ကျွန်တော် တောင်းပန်ပါတယ်...” လန်ဒန် ပြန်ဖြေလိုက်သည်။ အေးလွန်းသဖြင့် သွားများပင် အချင်းချင်း တဂတ်ဂတ်ရိုက်ကာ တုန်ရီနေ၏။ “ကျွန်တော်... စိတ်ရှုပ်ထွေးသွားလို့ပါ”

“ဧည့်ခန်းမဆောင်ထဲက ရဲတွေကြောင့်လား။ အဲဒါ ဘာမှမဟုတ်ဘူးလို့ ကျွန်တော် ပြောခဲ့သားပဲ”။ မန်နေဂျာသည် သူ့စိတ်သူ မနည်း ထိန်းချုပ်ထားရပုံ ပေါက်နေလေသည်။ “အထဲကို ပြန်ဝင်လို့ စိတ်ချရပြီလားဆိုတာ ကျွန်တော် သိဖို့လိုတယ်”

နောက်ဘက် အရေးပေါ် ထွက်ပေါက်မှ ဧည့်သည်များ စီးဆင်း ထွက်လာနေဆဲ ဖြစ်သည်ကို လန်ဒန် မြင်နေရပြီး၊ ဟိုတယ်၏ အဓိက ဝင်ပေါက်တွင်လည်း မည်မျှ ရှုပ်ထွေးနေမည်ကို သူ မှန်းဆ ကြည့်နိုင်သည်။ “ဒါကို သူတို့ နားလည်အောင် ငါ ရှင်းပြလို့ မရနိုင်ဘူး။ ငါ ရူးနေတယ်လို့ သူတို့ ထင်ကြလိမ့်မယ်”

“ပါမောက္ခ လန်ဒန်...” ဟူသော မန်နေဂျာ၏ စိတ်ပျက်နေသော လေသံသည် ယခုလျှင် ပို၍ပင် ဒေါသသံ စွက်လာ၏။ “အဖြေတစ်ခု ကျွန်တော်လိုချင်တယ်။ ကျွန်တော့်မှာ နှင်းထဲ ရပ်နေရတဲ့ ဧည့်သည် ၄၀၀ လောက် ရှိနေတယ်ဗျ။ အဆောက်အအုံက စိတ်ချရပြီလား။ ဟုတ်တယ်၊ မဟုတ်ဘူး ဖြေပေးပါ။ ဧည့်သည်တွေ အထဲပြန်ဝင်လို့ ရပြီလား”

အနက်ရောင် ရောင်ခြည်စက်ဝန်း သရဖူ ဆောင်းထားသော အမျိုးသမီး... ငွေရောင် လှံတံနှင့် ပုပ်စော်နံနေသော သေခြင်းတရား၏ အနံ့အသက် ပုံရိပ်များကို လန်ဒန် ပြန်မြင်ယောင်လာသည်။ “တခြား ရှင်းပြချက် တစ်ခုခုတော့ ရှိရမယ်။ ကမ္ဘာကြီးက ဒီလိုပုံစံမျိုးနဲ့ လည်ပတ်နေတာ မဟုတ်ဘူး။ စိတ်ထိန်းထားစမ်း ရောဘတ်”

နောက်ဆုံးတွင် လန်ဒန် ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်ကဲ့... စိတ်ချရတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော် အများကြီး တောင်းပန်ပါတယ်။ ခုနက ပြောသလိုပဲ... ကျွန်တော် စိတ်ရှုပ်ထွေး...”

“အချက်ပေးသံ ပိတ်လိုက်တော့” မန်နေဂျာသည် လုံခြုံရေး ဝန်ထမ်းအား ချက်ခ်ဘာသာဖြင့် လှမ်းပြောလိုက်ရာ ဝန်ထမ်းလည်း လန်ဒန်ကို ရုတ်တရက် လွှတ်ပေးလိုက်လေသည်။ တုန်ရီနေသော ခြေထောက်များဖြင့် လန်ဒန် ယိမ်းယိုင်နေစဉ် လုံခြုံရေး ဝန်ထမ်းသည် ရေဒီယို စကားပြောစက်ကို ထုတ်၍ အမိန့်ပေးသံများ အော်ပြောလိုက်၏။ ဟိုတယ် မန်နေဂျာသည်လည်း သူ၏ မိုဘိုင်းဖုန်းဖြင့် ဖုန်းခေါ်ဆိုလိုက်လေသည်။

စက္ကန့်ပိုင်း အတွင်းမှာပင် အချက်ပေးသံများ တိတ်ဆိတ်သွားပြီး အဝေးမှ တဖြည်းဖြည်း နီးကပ်လာသော အရေးပေါ် ယာဉ်များ၏ ဥဩသံများက အစားထိုး ဝင်ရောက်လာသည်။ မန်နေဂျာသည် မျက်လုံးများကို မှိတ်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး နှုတ်ခမ်းကို စေ့လျက် လေကို ဖြည်းညှင်းစွာ ပြန်မှုတ်ထုတ်လိုက်၏။ ထို့နောက် မျက်လုံးပြန်ဖွင့်ပြီး သူ၏ အနက်ရောင် ဝတ်စုံပေါ်မှ နှင်းပွင့်များကို တည်ငြိမ်စွာ ခါချလိုက်သည်။

“ပါမောက္ခ လန်ဒန်....” သူက အံကို ကြိတ်၍ လေသံတိုးတိုးဖြင့် ပြောလေသည်။ “ကျွန်တော် အာဏာပိုင်တွေကို လက်ခံတွေ့ဆုံရပါဦးမယ်။ ကျွန်တော့် လုံခြုံရေး ဝန်ထမ်းက ခင်ဗျားကို အခန်းဆီ ပြန်လိုက်ပို့ပေးပါလိမ့်မယ်။ ဘယ်ကိုမှ မသွားပါနဲ့။ အာဏာပိုင်တွေက ခင်ဗျားနဲ့ စကားပြောချင်ပါလိမ့်မယ်”

နားလည်ကြောင်း လန်ဒန် ခေါင်းညိတ်ပြလိုက်သည်။

မန်နေဂျာကြီး ခပ်သုတ်သုတ် ထွက်ခွာသွားသည်နှင့် လုံခြုံရေး ဝန်ထမ်းသည် လန်ဒန်အား ဝန်ထမ်းဝင်ပေါက် ခပ်ကျဥ်းကျဥ်းမှတဆင့် နောက်ဖေးလှေကားဆီသို့ ခေါ်ဆောင်သွားလေတော့သည်။ သူတို့နှစ်ဦး တော်ဝင်အခန်းသို့ တက်သွားစဉ် လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် လန်ဒန်၏ ဘွတ်ဖိနပ်များထဲမှ ရေကြောင့် ရှပ်ခနဲ ရှပ်ခနဲ မြည်နေသည်။ တံခါးပွင့်နေပြီး မီးများ လင်းနေသည်မှာ လန်ဒန် ထားခဲ့သည့် အတိုင်းပင်။

“ဒီမှာပဲ နေပါ” အခန်းထဲသို့ လက်ညှိုးထိုးရင်း လုံခြုံရေး ဝန်ထမ်းက ချက်ခ်ဘာသာဖြင့် အမိန့်ပေးလိုက်သည်။

လန်ဒန်သည် ချက်ခ် ဘာသာစကား နားမလည်သော်လည်း ထိုဝန်ထမ်း၏ ကိုယ်အမူအရာနှင့်ပင် ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်ပါသည်။ “ဝင်သွားပြီး ပြန်ထွက်မလာနဲ့” ဟု ဆိုလိုခြင်းပင်။

လန်ဒန်လည်း ခေါင်းညိတ်ပြီး အခန်းထဲသို့ တစ်ယောက်တည်း ဝင်လိုက်ကာ တံခါးပြန်ပိတ်လိုက်သည်။

သူ ခုန်ချခဲ့သော ပြတင်းပေါက်ကြီးသည် လင်းလင်းချင်းချင်းကြီး ပွင့်နေဆဲ ဖြစ်ပြီး ပြတင်းပေါက် ဘောင်ပေါ်မှ ပန်းအိုးထဲရှိ ပန်းများမှာ အအေးဒဏ်ကြောင့် ညှိုးရော်နေပြီ ဖြစ်သည်။ အမေရိကန် နှင့် ချက်ခ် နိုင်ငံအလံများ၏ အရောင်ကို ကိုယ်စားပြုသော ဖြူနီပြာ ၃ ရောင်ခြယ် ကျူးလစ်ပန်းများသည် ကက်သရင်း၏ ဟောပြောပွဲအတွက် ဂုဏ်ပြုသောအားဖြင့် အမေရိကန် သံအမတ်ကြီးက ပေးပို့ထားသော လက်ဆောင်ဖြစ်လေသည်။

လန်ဒန်သည် ပြတင်းပေါက်ကို ပိတ်လိုက်ရင်း ‘လူတစ်ယောက်အား ပြတင်းပေါက် ခပ်မြင့်မြင့်မှ ပစ်ချခြင်း’ အလေ့အထသည် ပရိုတက်စတင့်ဂိုဏ်းဝင် ဟက်ဆိုက်တို့၏ စစ်ပွဲများနှင့် နှစ် ၃၀ စစ်ပွဲတို့ ဖြစ်ပွားစေရန် မီးမွှေးပေးခဲ့ဖူးသည့် မကောင်းသော နိမိတ်တစ်ခုအဖြစ် ပြန်လည်အမှတ်ရလိုက်၏။ ကံကောင်းသည်မှာ လန်ဒန်၏ ဟိုတယ် ပြတင်းပေါက်သည် ပရာ့ဂ် ရဲတိုက်ကြီး၏ မျှော်စင်လောက် မမြင့်မားခြင်းပင်။ သည်မနက် သူ ပြဿနာများ ရှာခဲ့မိသော်လည်း စစ်ပွဲတစ်ခုအထိ စတင်ဖြစ်ပွားစေလိမ့်မည်တော့ မဟုတ်ဟု လန်ဒန် တွေးလိုက်သည်။

“ငါ ကက်သရင်းနဲ့ စကားပြောဖို့ လိုတယ်... ပြီးတော့ ငါ မြင်ခဲ့တာတွေကို သူ့ကို ပြောပြရမယ်”

ချားလ်စ် တံတားပေါ်မှ တွေ့ဆုံမှုသည် လန်ဒန် မှတ်မိသမျှ အဖြစ်အပျက်များထဲတွင် စိတ်အရှုပ်ထွေးရဆုံး အရာတစ်ခု ဖြစ်၏။ ကက်သရင်းသည် ‘သဘာဝလွန်’ ကိစ္စရပ်များနှင့် ပတ်သက်လျှင် စိတ်သဘောထား ပွင့်လင်းသူ ဖြစ်သော်လည်း သူ့တွင်ပင်လျှင် ရှင်းပြချက် ရှိနိုင်ပါ့မလားဟု လန်ဒန် သံသယ ဖြစ်မိသည်မှာ အမှန်ပင်။

ဟိုတယ်ထဲမှ ဘေးကင်းစွာ ထွက်ခွာသွားနိုင်ပြီ ဖြစ်ကြောင်း ကတ်သရင်း စာပို့ထားကောင်း ပို့ထားလိမ့်မည်ဟု မျှော်လင့်ရင်း လန်ဒန်သည် ရေရွှဲနေသော ညဝတ်ဘောင်းဘီ အိတ်ကပ်ထဲမှ ဖုန်းကို စမ်းကြည့်လိုက်သော်လည်း မရှိတော့ပေ။ ဗဲလ်တာဗာမြစ်အောက်ခြေ တစ်နေရာရာတွင် ရောက်ရှိနေလောက်ပြီ ဖြစ်လေသည်။

ကတ်သရင်းအား ဖုန်းခေါ်ရန် အိပ်ခန်းထဲမှ ဟိုတယ်ဖုန်းဆီသို့ အပြေးသွားလိုက်စဉ် အအေးလှိုင်းတစ်ခုသည် သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသဖြင့် လန်ဒန် တုန်တက်သွားသည်။ ဖုန်းလက်ကိုင်ကို လှမ်းယူလိုက်စဉ် ကုတင်ဘေး စားပွဲပေါ်မှ လက်ရေးဖြင့် ရေးထားသော စာရွက်လေး တစ်ရွက်ကို သူ တွေ့လိုက်ရလေသည်။

စောစောက သူ ထိတ်လန့်နေခဲ့သဖြင့် ၎င်းကို သတိမထားမိခဲ့ပေ။

ဒေါက်တာ ဂက်စ်နာရဲ့ ဓာတ်ခွဲခန်းမှာ သွားတွေ့ဖို့ကို လမ်းလျှောက်သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ဒီနေ့ လေ့ကျင့်ခန်း လုပ်ရမဲ့သူက ရှင့်တစ်ယောက်တည်းမှ မဟုတ်တာ။

မနက် ၁၀ နာရီလောက် ပြန်ရောက်မယ်။ ကျွန်မအတွက် စမူသီဖျော်ရည်တစ်ခွက် ချန်ထားဦးနော်။

လန်ဒန် သက်ပြင်းချလိုက်သည်။

“ကက်သရင်း ဘေးကင်းတယ်။ ဒါ ငါသိဖို့ လိုအပ်နေတဲ့ အရာပဲ”

စိတ်သက်သာရာ ရသွားသဖြင့် လန်ဒန်သည် ရေချိုးခန်းဆီသို့ တန်းတန်းမတ်မတ် သွားလိုက်ပြီး၊ ရေပန်းကို ဖွင့်ကာ အဝတ်အစားများ မချွတ်ဘဲ ရေပန်းအောက်သို့ ဝင်လိုက်ပါတော့သည်။

အပတ်စဥ် တနင်္ဂနွေနှင့် တနင်္လာ