အချိန်ကာလနှင့် နေရာဒေသ

#မနုဿဗေဒကပြောတဲ့ဘာသာရေး

ဘန်း လူမျိုးများဟာ အနောက်အာဖရိကရှိ အိုင်ဗရီကို့စ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအရ နယ်စပ်ဒေသများမှာ နေထိုင်ကြတဲ့ (လူဦးရေ ၁၂,၀၀၀ ခန့်သာရှိ) လူ့အဖွဲ့အစည်းငယ်လေးတစ်ခု ဖြစ်ပါတယ်။

သူတို့ဟာ ကို့ဒီဗွာ (အိုင်ဗရီကို့စ်)နိုင်ငံရဲ့ ရှေးအကျဆုံးသော ဌာနေတိုင်းရင်းသား အုပ်စုဖြစ်ပြီး၊ ဘန်းလူမျိုး အများစုဟာ အသက်မွေးဝမ်းကျောင်း ပြုရန်အတွက် ရိုးရာနည်းလမ်းများ ဖြစ်တဲ့ စိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်းနဲ့ တောလိုက် ရှာဖွေခြင်းတို့ကို လုပ်ကိုင်ကြပါတယ်။ ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်ဘာသာသို့ ကူးပြောင်းမှုတွေ တိုးပွားလာနေပေမဲ့ ဘန်းလူမျိုး အများစုဟာ သူတို့ရဲ့ ရိုးရာဘာသာတရားကို ဆက်လက် ကိုးကွယ် ကျင့်သုံးနေကြဆဲ ဖြစ်ပါတယ်။

ဘန်းဘာသာတရားရဲ့ ထူးခြားတဲ့ အင်္ဂါရပ်တစ်ခုကတော့ မွေးကင်းစ ကလေးငယ်များဟာ နက်ရှိုင်းတဲ့ စိတ်ခံစားမှုနဲ့ ဝိညာဉ်ရေးရာ ဘဝ ရှိတယ်လို့ သူတို့ အခိုင်အမာ ယူဆခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ယူဆရတာက ဘန်းကလေးငယ်များဟာ မိမိကိုယ်ကို သိရှိမှု အာရုံမရှိ၊ အမှတ်တရများ မရှိဘဲ ရောက်လာကြတဲ့ လူအသစ်တွေ မဟုတ်ဘဲ သူတို့ဟာ ဘိုးဘေးတစ်ဦးဦး ပြန်ဝင်စားလာတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့်ပါ (ဂိုတီလစ်ဘ် ၂၀၀၄)။

ဘန်း ကလေးငယ်တစ်ဦး မွေးဖွားလာတဲ့အခါ အဲဒီကလေးဟာ ဝရဂ်ဘီ (ဝိညာဉ်ရွာ) ကနေပြီး ဒီဘက် လူ့လောကသို့ ကူးပြောင်းခြင်း ဖြစ်စဥ်ကို စတင်ပါတော့တယ်။ ဝရဂ်ဘီ ဆိုတဲ့နေရာဟာ သေဆုံးခြင်းနဲ့ ဘဝသစ်အကြား တည်ရှိနေတဲ့ နေရာဒေသတစ်ခုနဲ့ အချိန်ကာလတစ်ခုကို ရည်ညွှန်းပါတယ်။

၎င်းက (လူ)ဝင်စားခြင်း မပြုရသေးတဲ့ ဘန်းလူမျိုးအားလုံး နေထိုင်ရာ နေရာလဲ ဖြစ်ပါတယ်။ ဝရဂ်ဘီဟာ ဒီဘက် ကမ္ဘာလောကလိုပဲ တည်နေရာပြ ညွှန်းကိန်းများနဲ့ ဖော်ပြနိုင်တဲ့ ဝိညာဉ်ရေးရာ နေရာတစ်ခုလဲ ဖြစ်ပါတယ်။ ဘန်း လူကြီးတွေကတော့ ဝရဂ်ဘီကို အာဖရိကနဲ့ ဥရောပ မြို့ကြီးများအနှံ့ ပျံ့နှံ့နေတဲ့ မမြင်နိုင်တဲ့ ရပ်ကွက် အသိုင်းအဝိုင်းများ အဖြစ် သတ်မှတ်ထားကြပါတယ်။ သေဆုံးသွားတဲ့ ဘိုးဘေးများနဲ့ ပြန်လည်ဝင်စားခြင်း မပြုရသေးတဲ့ ကလေးများရဲ့ အိမ်ဖြစ်တဲ့ ဝရဂ်ဘီကို ဘန်းလူကြီးတွေက အိပ်မက်များမှတစ်ဆင့် ဝင်ရောက်နိုင်ပြီး အဲဒီနေရာသို့ ခရီးသွားရာကနေ ပြန်လာတဲ့အခါ မျှဝေစရာ ဇာတ်လမ်းများ ပါလာတတ်ကြပါတယ်။

မွေးကင်းစကလေးရဲ့ ချက်ကြိုးငုတ်တိုလေး မကြွေကျမချင်း သူတို့ကို ဝရဂ်ဘီရွာထဲမှာပဲ အပြည့်အဝ ရှိနေသေးသူအဖြစ် မှတ်ယူကြပါတယ်။ သေဆုံးသွားတဲ့ မွေးကင်းစ ကလေးများအတွက် ဘန်းလူမျိုးတွေက ဈာပန အခမ်းအနား ကျင်းပလေ့ မရှိကြပါဘူး။

ဒေသတွင်း အသုံးအနှုန်းများအရ အဲဒီလို ဆုံးပါးသွားခြင်းကို သေဆုံးခြင်းလို့ မသတ်မှတ်ဘဲ ဒီကမ္ဘာလောကကို ပြန်လာဖို့ အဆင်သင့် မဖြစ်သေးတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ခန္ဓာကိုယ်ရှိရာ ဝရဂ်ဘီရွာသို့ ပြန်သွားခြင်းလို့သာ သတ်မှတ်ထားပါတယ်။ ချက်ကြိုးငုတ်တိုလေး ကြွေကျသွားသောအခါမှပဲ ကလေးငယ်ဟာ ဝရဂ်ဘီရွာကနေ ခွဲခွာခြင်း ပြီးပြည့်စုံစေဖို့ နှစ်ပေါင်းများစွာ ကြာမြင့်တဲ့ ခရီးရှည်ကို စတင်ပါတော့တယ်။

ဘန်းကလေးငယ်များဟာ ရိုးရိုးလေး မွေးဖွားလာခြင်း မဟုတ်ဘဲ ဝရဂ်ဘီ ဝိညာဥ်ရွာကနေ ပေါ်ထွက်လာခြင်း ဖြစ်တာကြောင့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များအဖြစ် သူတို့ရဲ့ အဆင့်အတန်းဟာ ကလေးပြုစုပျိုးထောင်မှု အလေ့အထများအတွက် ရှင်းလင်းပြတ်သားတဲ့ အကျိုးသက်ရောက်မှုများ ရှိနေပါတယ်။

ဥပမာအားဖြင့် မိဘတွေဟာ ဘိုးဘေးများအတွက် အရေးပါတဲ့ ငွေကြေးဖြစ်တဲ့ ကောင်ရီခရုခွံ လက်ဆောင်များ ပေးခြင်း အပါအဝင် မိမိတို့ရဲ့ ကလေးငယ်ကို ဝိညာဥ်ရွာသို့ ပြန်သွားချင်စိတ် မဖြစ်ပေါ်စေရန်၊ ဒီဘဝကို သက်တောင့်သက်သာနဲ့ ကူးပြောင်းလာစေရန် တတ်နိုင်သမျှ လုပ်ဆောင်တတ်ကြပါတယ်။

ဘန်းလူမျိုးများ သာမက သေဆုံးသူ အားလုံး စုဝေးရာနေရာ ဖြစ်တဲ့အတွက် ဝိညာဥ်ရွာ ဝရဂ်ဘီဟာ အခြေခံအားဖြင့် ဘာသာစကားမျိုးစုံ ပြောဆိုရာ နေရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဘာသာစကားဆိုင်ရာ လူမှုဆက်ဆံရေး ဓလေ့သင်ယူခြင်းနဲ့ပတ်သက်ပြီး ဘန်းကလေးတွေအတွက်တော့ သူတို့ဟာ ဘန်းဘာသာစကားကို သင်ယူခြင်း မဟုတ်ဘဲ ဝိညာဥ်ရွာမှာ နေထိုင်စဉ်က သင်ယူခဲ့တဲ့ အခြား ဘာသာစကား အားလုံးကို ကလေးများ မေ့ပျောက်သွားစေခြင်း ဆောင်ရွက်ကြခြင်းသာ ဖြစ်ပါတယ်။

ဒါကြောင့် ဘန်း ကလေးထိန်းသူများဟာ ကလေးငယ်များကို နေ့စဉ် စကားပြောဆိုမှုများတွင် ပါဝင်သူများ (စကားကို နားလည်သူများ)အဖြစ် အမြဲတစေ ဆက်ဆံကြလေ့ရှိပါတယ်။ ဘန်းကလေးငယ်များဟာ မိမိတို့ ပတ်ဝန်းကျင်မှာ ဘာတွေပြောနေကြသလဲဆိုတာကို ကောင်းစွာ သိရှိကြပါတယ်။

ဘန်းမိခင်များကလဲ ယဉ်ကျေးမှုနဲ့ ဘာသာစကား နားလည်ကျွမ်းကျင်တဲ့ နားထောင်သူတစ်ဦး ရှိနေတယ်လို့ ယူဆတဲ့ စကားပြောဆိုမှု ပုံစံများနဲ့ သူတို့ရဲ့ ကလေးများကို တောင်းပန်ခြင်း သို့မဟုတ် နောက်ပြောင်ခြင်းများ ပြုလုပ်ကြပါတယ်။ သူတို့ဟာ ဝိညာဥ်ရွာကနေ အပြည့်အဝ မခွဲခွာနိုင်သေးတာမို့ စကားမပြောနိုင်ကြသေးပေမဲ့လဲ ဝိညာဉ်ရေးရာ ဘဝကို အပြည့်အဝ ဦးဆောင်နေသလိုပဲ ဘန်းကလေးငယ်များဟာ ဘာသာစကားဆိုင်ရာ နားလည်နိုင်စွမ်း အပြည့်အဝ ရှိကြပါတယ်။

ကလေးသူငယ် သဘာဝနဲ့ ပတ်သက်တဲ့ အနောက်တိုင်း ပုံစံအများစုနဲ့ မတူဘဲ ဘန်းကလေးငယ်များဟာ ပြုမှုဆောင်ရွက်နိုင်စွမ်း မရှိသူများ သို့မဟုတ် စစ်မှန်တဲ့ မည်သည့် ဝိသေသလက္ခဏာမှ မရှိသေးတဲ့ ဗလာသက်သက် ပတ္တူစများ မဟုတ်ကြပါဘူး။ သူတို့ဟာ ရည်ရွယ်ချက်၊ မှတ်ဉာဏ်နဲ့ မိမိကိုယ်ကို သိရှိမှု အာရုံတို့ဖြင့် ပြည့်နှက်နေသူများ ဖြစ်ကြပါတယ်။

#မနုဿဗေဒကပြောတဲ့ဘာသာရေး #မကြာမီ #သက်ပိုင်