The Secret of Secrets by Dan Brown
အီသာစွမ်းအင် ဖြတ်သန်းသွားခဲ့ပြီ ဖြစ်ပြီး၊ ဂိုလမ်သည် လျှော်ပင်မွေ့ရာပေါ်၌ ကိုယ်လုံးတီးဖြင့် လဲလျောင်းနေလေသည်။
သူ၏ ခရီးစဉ်သည် အမြဲတမ်း ဖြစ်လေ့ရှိသည့် အတိုင်းပင် ပီတိလှိုင်းလုံးများနှင့် အရာခပ်သိမ်းနှင့် ဝိညာဉ်ရေးရာအရ ဆက်နွယ်နေသည်ဟူသော အာရုံခံစားမှုတို့ဖြင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်၏။ အီသာစွမ်းအင်ကို လက်ခံရယူခြင်းသည် ကာမဆက်ဆံမှု မပါဘဲ ပြီးပြည့်စုံသော ခံစားမှုအထွတ်အထိပ်ကို ရောက်ရှိစေသည့် နည်းတစ်မျိုးပင် ဖြစ်လေသည်။ ထိုဆန်းကြယ်သော ပီတိသုခ လှိုင်းလုံးများသည် ‘အမှန်တရား’ ကို ရှိရင်းစွဲ အတိုင်း တစွန်းတစ မြင်တွေ့နိုင်စေမည့် တံခါးပေါက် တစ်ခုကို ဖွင့်ပေးလိုက်ခြင်းပင်။
ဤကဲ့သို့သော ဆန်းကြယ်သည့် ခရီးစဉ်များကို စိတ်ကူးယဉ် သက်သက်သာဖြစ်သည်ဟု အများအားဖြင့် ရှုတ်ချလေ့ ရှိကြသော်လည်း ‘အမှန်တရား’ ကို မြင်တွေ့ဖူးသူများ အနေဖြင့်ကား ထိုကဲ့သို့သော ဉာဏ်တိမ်သူများကို ဂရုစိုက်စရာ မလိုတော့ပေ။ စကြာဝဠာကြီးသည် လူအများစု နားလည်သဘောပေါက်ထားသည်ထက်ပင် ပိုမို ရှုပ်ထွေးပြီး လှပကြောင်း ဂိုလမ်သည် ကိုယ်တွေ့ကြုံဖူးသူ ဖြစ်၏။ ‘ရှေးလူ’ တို့ အလိုလို သိမြင် နားလည်ခဲ့ကြသော အမှန်တရားကို ‘နှောင်းလူ’ တို့ လက်မခံနိုင်ကြသေးပေ။ လူ့ခန္ဓာကိုယ် ဆိုသည်မှာ ဤလောကီဘုံကို တွေ့ကြုံခံစားရန် အတွက် ခေတ္တခဏ အသုံးပြုရသော ယာဉ်တစ်မျိုး သက်သက်သာ ဖြစ်ပေသည်။
ဂိုလမ်သည် ပါးစပ်ထဲမှ အပေါက်ပါသော ဆီလီကွန် ဘောလုံးကို ဖြုတ်လိုက်ပြီး သူ၏ အထူးစီမံထားသော အခန်း၏ အမှောင်ထုထဲတွင် တစ်ယောက်တည်း မတ်တပ်ရပ်လိုက်၏။
အမှောင်ထုထဲတွင် ဟိုဘက်နံရံဆီသို့ ရွေ့လျားသွားပြီး ထိုနေရာတွင် သူ ဖန်တီးထားသော ဘုရားကျောင်းဆောင်ရှေ့ရှိ ကူရှင်ပေါ်တွင် ဒူးထောက်လိုက်လေသည်။
အမှောင်ထဲတွင် စမ်းသပ် ရှာဖွေရင်း မီးခြစ်ဘူးကို တွေ့လိုက်သဖြင့် မီးခြစ်ဆံတစ်ချောင်း ခြစ်လိုက်ပြီး စားပွဲပေါ်ရှိ ခြောက်သွေ့နေသော ပန်းပွင့်များကြားတွင် သူ စီစဉ်ထားသော ဖယောင်းတိုင် ၃တိုင်ကို မီးညှိလိုက်သည်။
ဖယောင်းတိုင် မီးရောင် တောက်ပလာသည်နှင့်အမျှ သူ့ရှေ့ နံရံပေါ်ရှိ ဓာတ်ပုံတို့ ပေါ်လွင်လာသည်။
အမျိုးသမီး၏ မျက်နှာကို မော့ကြည့်ရင်း သူသည် ချစ်ခင်မြတ်နိုးစွာ ပြုံးလိုက်၏။
“မင်း ငါ့ကို မသိပေမဲ့၊ ငါက မင်းကို မကောင်းမှုတွေဆီကနေ ကယ်တင်ပေးဖို့ ဒီမှာ ရောက်နေတာပါ”
ထိုအမျိုးသမီးကို ခြိမ်းခြောက်နေသော အမှောင်အင်အားစုများသည် အစွမ်းထက်ပြီး လက်တံရှည်ကြလေသည်။ အထူးသဖြင့် သူ့အာရုံများ လွင့်ပါးနေသော ယခုအချိန်သည် ယခင်ကထက် ပို၍ ထိခိုက်လွယ်သော အခြေအနေ ဖြစ်၏။
“သူ အချစ်ကို ရှာတွေ့ထားတယ်။
ဒါမှမဟုတ် သူ အဲဒီလို ယုံကြည်နေတာပေါ့...”
သူနှင့် လုံးဝ မထိုက်တန်သော လူတစ်ယောက်ဆီ၌ သူ၏ ခန္ဓာကိုယ်အား ပုံအပ်ထားသည်ကို တွေးမိတိုင်း ဂိုလမ် ပျို့အန်ချင်သလို ခံစားရသည်။
“ငါ နားလည်သလို သူ မင်းကို နားမလည်ပါဘူး
ဘယ်သူမှ နားမလည်ကြဘူး”
တစ်ခါတစ်ရံ ထိုအမျိုးသမီးသည် ပရာ့ဂ်မြို့တွင် သူ၏ချစ်သူအသစ်နှင့်အတူ ကုတင်ပေါ်တွင် ပူးကပ်ရောယှက် နေသည်ကို မြင်ရသည့်အခါ ဂိုလမ်သည်လည်း သူ့ကိုယ်သူ ကြည့်ရှုခွင့် ပြုလိုက်လေသည်။ ဂိုလမ်သည် အမျိုးသမီး၏ စိတ်ထဲသို့ ဧည့်သည်တစ်ယောက် အနေဖြင့် ဝင်ရောက်လာကာ တိတ်ဆိတ်စွာ စောင့်ကြည့်ရင်း အမျိုးသမီး၏ နားထဲသို့ "ဒီလူဟာ အပြင်ပန်း မြင်ရသလို လူကောင်းမဟုတ်ဘူး" ဟု အော်ဟစ် ပြောပြချင်စိတ်များ တားမနိုင်ဆီးမရ ဖြစ်မိသည်။
သို့သော် ဂိုလမ် တိတ်ဆိတ်စွာပင် နေခဲ့၏။ အရိပ်ထဲမှ အတွေးစ တစ်ခု အနေဖြင့်သာ ဖြစ်လေသည်။
Review By Thet Paing Writes

💬 Comment / Review
Comment များကို ရယူနေပါသည်…