The Secret of Secrets by Dan Brown
ဟိုတယ် ရေချိုးခန်းရှိ ရေပန်းများ၏ နွေးထွေးမှုကို ခံယူရင်း ရောဘတ် လန်ဒန်သည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး ရေနွေးငွေ့များအား သူ့အဆုတ်ထဲသို့ ရှူသွင်းလိုက်၏။ ရေစိုနေသော အဝတ်အစားများကို သူ မနည်း ချွတ်ပစ်လိုက်နိုင်ခဲ့သော်လည်း သည်မနက် အဖြစ်အပျက်များနှင့် ပတ်သက်၍ သူ့အား လွှမ်းမိုးထားဆဲဖြစ်သော စိတ်ရှုပ်ထွေးမှုတိမ်တိုက်ကိုကား ဖယ်ရှားပစ်နိုင်ခြင်း မရှိသေးပေ။
လန်ဒန်သည် ကက်သရင်းထံ ဖုန်းဆက်၍ ဒေါက်တာ ဂက်စ်နာ၏ ဓာတ်ခွဲခန်း လေ့လာရေး ခရီးစဉ်ကို နှောင့်ယှက်ကာ ဖြစ်ပျက်ခဲ့သည်များကို ပြောပြရန် စဉ်းစားလိုက်သော်လည်း မပြောတော့ရန် ဆုံးဖြတ်လိုက်၏။ “ဒါက သူ ပြန်ရောက်လာမှ မျက်နှာချင်းဆိုင် ပြောပြရမဲ့ ထူးဆန်းတဲ့ စကားမျိုးပဲ” ။ ယခုမူ လန်ဒန်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း နွေးထွေးလာပြီး သူ၏အတွေးများလည်း ပိုမို ရှင်းလင်းလာသည့်တိုင် ချားလ်စ် တံတားပေါ်တွင် သူ မြင်တွေ့ခဲ့ရသည့် တစ္ဆေကဲ့သို့သော အမျိုးသမီးနှင့် ပတ်သက်ပြီး ကျိုးကြောင်းဆီလျော်သော ရှင်းပြချက် တစ်ခုကို ရှာမတွေ့နိုင်သေးချေ။ မည်သို့ တုံ့ပြန်ရမည်ကိုပင် သူမသိသေး။
ပုံမှန်ဆိုလျှင် လန်ဒန်သည် ဖိအားများနှင့် တွေ့ကြုံလာပါက တည်ငြိမ်စွာ တုံ့ပြန်တတ်သော်လည်း သည်မနက်တွင်တော့ ထူးဆန်းပြီး ပြင်းထန်သော ကြောက်စိတ်ကြောင့် ထိတ်လန့်သွားခဲ့ရသည်မှာ အမှန်ပင်။ အမျိုးသမီးကို မြင်လိုက်ရခြင်း၊ သေခြင်းတရား၏ အနံ့အသက်၊ လှံတံ နှင့် ခြောက်ခြားဖွယ်ရာ ခေါင်းလောင်းထိုးသံများသည် သူ့၏ ဆင်ခြင်တုံတရားကို လွှမ်းမိုးသွားခဲ့လေသည်။ စွဲထင်ကျန်ရစ်နေသော ထိုမှတ်ဉာဏ်အား သူ့ခေါင်းထဲတွင် အဆုံးမရှိ ပြန်လည် မြင်ယောင်နေမိ၏။
“ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်မှာလဲ”
လွန်ခဲ့သော ၅နာရီခန့်၊ ယမန်နေ့ညက အဖြစ်အပျက်များဆီသို့ သူ ပြန်ရောက်သွားသည်။ ကက်သရင်းသည် လန်ဒန်၏နာမည်ကို အော်ဟစ်ပြီး အိပ်မက်ဆိုးတစ်ခုမှ လန့်နိုးလာခဲ့ခြင်း ဖြစ်၏။ သူ၏ ကြောက်မက်ဖွယ်ရာ အိပ်မက်အကြောင်းကို ကယောင်ကတမ်း ပြောပြနေချိန်တွင် လန်ဒန်သည် သူ့အား နှစ်သိမ့်ပေးခဲ့ရလေသည်။
“အဲဒါက သိပ်ကြောက်စရာ ကောင်းတယ် ရောဘတ်... ကျွန်မတို့ ကုတင်ခြေရင်းမှာ မည်းမည်းသဏ္ဌာန်တစ်ခု ရပ်နေတယ်။ သူက အနက်ရောင် ဝတ်ထားပြီး... ခေါင်းပေါ်မှာလဲ ဆူးချွန်တွေ ပါတဲ့ ရောင်ခြည်စက်ဝန်း သရဖူ ဆောင်းထားတယ်... ပြီးတော့ ငွေရောင် လှံတံ တစ်ချောင်း ကိုင်ထားတယ်။ သူ့ဆီကနေ သေခြင်းတရားလိုမျိုး ပုပ်စော်နံတဲ့ အနံ့ ရနေတယ်။ ကျွန်မ ရှင့်ကို လှမ်းအော်ခေါ်ပေမဲ့ ရှင် ရှိမနေဘူး။ အဲဒီ အမျိုးသမီးက ကျွန်မကို လေသံမာမာနဲ့ ပြောတယ်...’ရောဘတ်က နင့်ကို မကယ်နိုင်ဘူး။ နင် သေရတော့မယ်’ တဲ့။ အဲဒီနောက် နားကွဲမတတ် အသံကြီး တစ်ခုနဲ့အတူ မီးရောင်လက်သွားပြီး ဟိုတယ်ကြီးက မီးတိမ်တိုက်ကြီး အဖြစ် ပေါက်ကွဲသွားတော့တာပဲ။ ကျွန်မ ကိုယ်ကျွန်မ မီးလောင်နေတာကို ခံစားမိနေတယ်...”
ထိုအချိန်က ကက်သရင်း၏ အိပ်မက်မှာ ကြောက်စရာ ကောင်းနေသော်လည်း အိပ်မက်ထဲမှ အချက်အလက်များသည် လန်ဒန်အတွက် ယုတ္တိရှိနေခဲ့လေသည်။ ဆူးချွန်ပါသော ရောင်ခြည်စက်ဝန်း သရဖူသည် ထိုညက ကက်သရင်း၏ ဟောပြောပွဲတွင် အဓိက အကြောင်းအရာ ဖြစ်ခဲ့၏။ ငွေရောင် လှံတံ အကြောင်းကို ပွဲပြီးနောက် ဘရီဂီတာ ဂက်စ်နာနှင့်အတူ အချိုရည် သောက်ရင်း ပြောဖြစ်ခဲ့ကြပြန်သည်။ ကန့် အနံ့သည်ကား အနီးအနားရှိ ‘ကာလိုဗီ ဗာရီ’ ရေပူစမ်းများသို့ သွားရောက်ခဲ့စဉ်က အနံ့ စွဲကျန်နေခြင်း ဖြစ်နိုင်ပေသည်။ ဟိုတယ် ပေါက်ကွဲခြင်း ဆိုသည်မှာလည်း ယမန်နေ့က အရှေ့တောင်အာရှတွင် ဗုံးပေါက်ကွဲသည့် သတင်းဆိုးကို မြင်တွေ့ခဲ့ရခြင်း၏ ရလဒ်သာ ဖြစ်ပေလိမ့်မည်။
ဆေးအရက်ပြင်းသည် အာရုံချောက်ချားစေတတ်ကြောင်းနှင့် သူ၏ စာမူကို အယ်ဒီတာ ဖတ်ရှုတော့မည် ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေခြင်း ဖြစ်နိုင်ကြောင်း ပြောကြားပြီး လန်ဒန်က ကက်သရင်းကို နှစ်သိမ့်ပေးခဲ့သည်။ “အဲဒီ စိတ်လှုပ်ရှားမှုကို ငါ ကောင်းကောင်း သိတာပေါ့” ဟု လန်ဒန် တွေးလိုက်သည်။ “မင်း ညဘက် အိပ်မပျော်တာ အံ့သြစရာ မဟုတ်ပါဘူး”
သို့သော် နာရီအနည်းငယ် ကြာပြီးနောက် ယခု ရေချိုးခန်းထဲ ရပ်နေရင်း လန်ဒန်သည် သူ အခုလေးတင် မြင်တွေ့ခဲ့ရသည်များကို ယုတ္တိရှိရှိ ရှင်းပြရန် အကြံဉာဏ် လုံးဝမရှိတော့ပေ။ အနည်းဆုံးတော့ လက်ရှိ သူ နားလည်ထားသော လက်တွေ့ဘဝ အနေအထားအရ မဖြစ်နိုင်ချေ။
"တိုက်ဆိုင်မှု ဆိုတာ ဘုရားသခင်က သူ့နာမည်ကို မဖော်ပြဘဲ နေလိုတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်" ဟူသည့် အိုင်းစတိုင်းပြောခဲ့ဖူးသည့် ကျော်ကြားသော စကားရှိလေသည်။
“ငါ မြင်ခဲ့တာ တိုက်ဆိုင်မှု မဟုတ်ဘူး” ဟု လန်ဒန်၏ စိတ်က အခိုင်အမာ ပြောနေ၏။ “ဒါဟာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စကြီးပဲ”
ကက်သရင်း၏ အိပ်မက်က အနာဂတ်ကို ကြိုဟောခဲ့ခြင်းလား... သို့မဟုတ် အနာဂတ်က သူ၏ အိပ်မက်ကို တုံ့ပြန်ခဲ့ခြင်းလား။ ဘယ်အရာက အမှန်ဖြစ်စေကာမူ လန်ဒန်သည်ကား ဇဝေဇဝါ ဖြစ်နေဆဲပင်။
ပို၍ ထိတ်လန့်စရာ ကောင်းသည်မှာကား ယမန်နေ့ညက ကက်သရင်း၏ ဟောပြောပွဲတွင် ဤဖြစ်စဉ်ကို အတိအကျ ထည့်သွင်း ဟောပြောခဲ့ခြင်း ဖြစ်လေသည်။
"ကြိုတင်သိမြင်ခြင်း။
အနာဂတ် ဖြစ်ရပ်များကို မဖြစ်ပျက်မီ ကြိုတင်အာရုံခံနိုင်ခြင်း သို့မဟုတ် မြင်တွေ့နိုင်ခြင်း စွမ်းရည်”
ဗလာဒီဆလဗ် ခန်းမရှိ စင်မြင့်ထက်မှနေ၍ ကက်သရင်းသည် သမိုင်းတစ်လျှောက် အထင်ရှားဆုံး ကြိုတင်သိမြင်ခြင်း ဖြစ်ရပ်များကို ပြန်ပြောင်း ပြောပြခဲ့သည်။ ကာလ် ယွန်း၊ မာ့ခ် တွိန်းနှင့် ဂျုန်းအော့ဖ်အာ့ခ်တို့၏ အကြားအမြင်ရသော အိပ်မက်များ အကြောင်းလည်း ပါဝင်၏။ အေဘရာဟမ် လင်ကွန်းသည် လုပ်ကြံမခံရမီ သုံးရက်အလိုတွင် သူ၏ သက်တော်စောင့် ဝါ့ဒ် ဟေး လမ်မွန်အား သူ မက်ခဲ့သော အိပ်မက်တစ်ခု အကြောင်း ပြောပြခဲ့ဖူးသည်။ အိပ်မက်ထဲတွင် စစ်သားတစ်ဦး စောင့်ကြပ်နေသော အလောင်းတစ်ခုကို မြင်ရပြီး ထိုစစ်သားက "သမ္မတကြီး လုပ်ကြံသတ်ဖြတ် ခံလိုက်ရပြီ" ဟု ပြောကြားခဲ့ကြောင်း ပါရှိလေသည်။
ထို့နောက် ကက်သရင်းသည် ထူးဆန်းအံ့သြဖွယ် အကောင်းဆုံး ဖြစ်ရပ်တစ်ခုကို ဆက်လက် ပြောပြခဲ့ပြန်သည်။ ၁၈၉၈ ခုနှစ်တွင် ‘ခဲလေသမျှ သဲရေကျ’ အမည်ရှိ ဝတ္ထုတစ်ပုဒ်ကို ရေးသားထုတ်ဝေခဲ့သော အမေရိကန် စာရေးဆရာ မော်ဂန် ရောဘတ်ဆန်အကြောင်း ဖြစ်၏။
သူသည် မနစ်မြုပ်နိုင်သော ‘တိုက်တန်’ အမည်ရှိ သမုဒ္ဒရာသွား သင်္ဘောကြီး တစ်စင်းသည် အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်သန်းမောင်းနှင်သည့် ပထမဆုံး ခရီးစဉ်များထဲမှ တစ်ခုတွင် ရေခဲတောင်ကို တိုက်မိပြီး နစ်မြုပ်သွားကြောင်း ရှင်းလင်းပြတ်သားသည့် အိပ်မက်ဆိုးကြီးတစ်ခု မက်ခဲ့ပြီး ထိုအိပ်မက်ကို အခြေခံ၍ ဝတ္ထုရေးသားခဲ့ခြင်း ဖြစ်လေသည်။
မယုံနိုင်စရာ ကောင်းသည်မှာ ထိုစာအုပ်သည် တိုက်တန်းနစ်သင်္ဘောကြီး၏ ဖြစ်ရပ် မတိုင်မီ ၁၄ နှစ် အလိုကတည်းက ထုတ်ဝေခဲ့ခြင်း ဖြစ်၏။ သင်္ဘော၏ တည်ဆောက်ပုံ၊ ရေကြောင်းခရီးလမ်း နှင့် နစ်မြုပ်ပုံများ အလွန်တရာ တိုက်ဆိုင်စွာ တိကျနေသဖြင့် ထိုတိုက်ဆိုင်မှုများကို မည်သူမျှ ရှင်းပြနိုင်ခြင်း မရှိခဲ့ပေ။
“ပရိသတ်ထဲမှာ သံသယ ဖြစ်နေတဲ့သူတွေ ရှိနေတယ် ဆိုတာ ကျွန်မ သိပါတယ်” ဟု ကက်သရင်းက လန်ဒန် ရှိရာဘက်သို့ နောက်တောက်တောက်နှင့် ကြည့်ရင်း ပြောလိုက်သည်။ “ဒါကြောင့် စိတ်စွမ်းအင်ဆိုင်ရာ သိပ္ပံ ဌာနက ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက် လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက စတင် စိတ်ကူးပြီး စမ်းသပ်ခဲ့တဲ့ စမ်းသပ်မှု တစ်ခုကို မျှဝေချင်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကမ္ဘာတစ်ဝှမ်းက ဓာတ်ခွဲခန်းတွေက ဒီစမ်းသပ်မှုကို ပုံတူကူးပြီး ထပ်ဆင့် တည်ဆောက်ခဲ့ကြပါတယ်။ ဒီလိုပါတဲ့ရှင်...”
ကက်သရင်းသည် သူ၏ ရီမုတ်ဖြင့် နောက်ဘက်ရှိ ဖန်သားပြင်ကို ညွှန်ပြလိုက်ရာ ပုံရိပ်တစ်ခု ပေါ်လာ၏။ ဦးနှောက် စောင့်ကြည့်စက်တပ်ဆင်ထားပြီး ရုပ်ရှင် ဖန်သားပြင် အသေးလေး တစ်ခုရှေ့ ရှိ အမှောင်ထဲတွင် ထိုင်နေသော စမ်းသပ်ခံ လူတစ်ဦး၏ ပုံဖြစ်လေသည်။
“စမ်းသပ်ခံရသူရဲ့ ဦးနှောက် လှိုင်းတွေကို အထူးကိရိယာတွေနဲ့ စောင့်ကြည့်နေချိန်မှာ သူ့ကို ပုံရိပ်တွေ ကျပန်း ပြသပါတယ်” ဟု သူက စတင် ပြောပြသည်။ “ဒီပုံရိပ်တွေကို ထင်ရှားတဲ့ အမျိုးအစား ၃ မျိုး ခွဲထားပါတယ်။ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှု၊ အေးချမ်းတည်ငြိမ်မှု သို့မဟုတ် လိင်အသားပေး အကြောင်းအရာတို့ ဖြစ်ပါတယ်။ ပုံရိပ် အမျိုးအစား တစ်ခုချင်းစီက ဦးနှောက်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေကို လှုံ့ဆော်ပေးတဲ့အတွက် သူ့ရဲ့ သိစိတ်က ပုံရိပ်ကို လက်ခံရရှိချိန်မှာ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲကို အချိန်နဲ့ တပြေးညီ ကျွန်မတို့ ကြည့်ရှုနိုင်ပါတယ်”
သူ နောက်တစ်ချက် နှိပ်လိုက်ရာ ရောင်စုံ မျဉ်းများဖြင့် အတက်အကျ ရှိနေသော ဦးနှောက်လှိုင်း ဂရပ်ပုံတစ်ခု ပေါ်လာသည်။ အရောင် တစ်ခုစီသည် ပြသလိုက်သော ပုံရိပ် အမျိုးအစားကို ကိုယ်စားပြု၏။ “မျှော်လင့်ထားတဲ့ အတိုင်းပါပဲ၊ သက်ဆိုင်ရာ ပုံရိပ်တစ်ခု ပေါ်လာတဲ့အခါ ဦးနှောက်ရဲ့ သက်ဆိုင်ရာ အစိတ်အပိုင်းတွေ လင်းလက်လာပါတယ်။ ဒီအထိ နားလည်ကြတယ် မဟုတ်လားရှင်”
အားလုံးက စိတ်အားထက်သန်စွာ ခေါင်းညိတ်ကြ၏။
“ကောင်းပါပြီ” သူက ပြောရင်း ဂရပ်ပုံ၏ ရေပြင်ညီ ဝင်ရိုးကို ချဲ့ပြလိုက်လေသည်။ “ဒီ အချိန်ကိုပြတဲ့မျဉ်းဟာ ကွန်ပျူတာက ပုံရိပ်တစ်ခုချင်းစီကို ကျပန်း ပြသလိုက်တဲ့ အချိန် အတိအကျ နဲ့ ဦးနှောက်က တုံ့ပြန်လိုက်တဲ့ အချိန် အတိအကျကို ညွှန်ပြတဲ့ အလွန် တိကျတဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်”
သူဘာကို ဦးတည်ပြီး ပြောချင်နေပါလိမ့်ဟု လန်ဒန် စဉ်းစားလိုက်သည်။
“ကျွန်မတို့ ထပ်ပြီး ချဲ့ကြည့်လိုက်မယ် ဆိုရင်...” ဆိုပြီး ပို၍ တိုတောင်းသော အချိန် အကွာအဝေးများကို ပြသရန် သူက ခလုပ်ကို ဆက်နှိပ်ကာ ပြော၏။ “မီလီစက္ကန့်အတိုင်းအတာ အထိ ရောက်သွားပါလိမ့်မယ်။ အဲဒီမှာ ပြဿနာကြီး တစ်ခုရှိနေတာကို ကျွန်မတို့ တွေ့ရတော့တာပါပဲ”
သူက ဘာမှ ဆက်မပြောဘဲ ခေတ္တ ရပ်ထားလိုက်သည်။ စက္ကန့်ပိုင်း အတွင်းမှာပင် ခန်းမကြီး တစ်ခုလုံးတွင် နားမလည် နိုင်သည့် တီးတိုးရေရွတ်သံများ ထွက်ပေါ်လာ၏။ လန်ဒန်လည်း ထိုနည်းတူပင် စိတ်ရှုပ်ထွေးသွားသည်။ ဤဂရပ်ပုံများအရ စမ်းသပ်ခံရသူ၏ ဦးနှောက်သည် ကွန်ပျူတာဘက်မှ ပုံရိပ် မပြသခင်ကတည်းကပင် တုံ့ပြန်နေခြင်း ဖြစ်လေသည်။
“ရှင်တို့ ရှင်းရှင်းလင်းလင်း မြင်ရတဲ့ အတိုင်းပါပဲ” ကက်သရင်းက ဆက်ပြောသည်။ “ဒီလူဟာ ပုံရိပ် တစ်ခုချင်းစီကို စောစောစီးစီး ကြိုတင် သိရှိနေပါတယ်။ ပုံရိပ် မပေါ်လာခင် မီလီစက္ကန့် လေးရာ (၀.၄ စက္ကန့်) အလိုမှာကတည်းက သူ့ဦးနှောက်ရဲ့ သက်ဆိုင်ရာ အစိတ်အပိုင်းက လင်းလက်နေပါပြီ။ တစ်နည်းနည်းနဲ့ သူ့ရဲ့ သိစိတ်ဟာ သူ ဘယ်လို ပုံရိပ်မျိုး မြင်ရတော့မယ် ဆိုတာကို ကြိုသိနေပါတယ်” ။ သူ ပြုံးလိုက်၏။ “ဒါက အံ့သြစရာ အကောင်းဆုံး အပိုင်းတောင် မဟုတ်သေးပါဘူး...”
ခန်းမကြီး တိတ်ဆိတ်သွားလေသည်။
“တကယ်တမ်းကျတော့...” ကက်သရင်းက ဆက်လေသည်။ “ဦးနှောက်ဟာ ပုံရိပ် မပေါ်လာခင် တုံ့ပြန်တာတင် မကပါဘူး... ကွန်ပျူတာရဲ့ ကျပန်း နံပါတ် ထုတ်ပေးတဲ့ စနစ်က ဘယ်ပုံ ပြရမလဲ ဆိုတာကိုပါ မရွေးချယ်ခင်ကတည်းက တုံ့ပြန်နေတာ ဖြစ်ပါတယ်။ ဒါဟာ ဦးနှောက်က လက်တွေ့ဘဝကို ကြိုတင်ခန့်မှန်းတာမဟုတ်တော့ဘဲ... လက်တွေ့ဘဝကို ဖန်တီးနေတာနဲ့ ပိုတူပါတယ်”
သူ့ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းလိုပင် လန်ဒန်လည်း မှင်သက်သွားသည်။ လူသားတို့၏ အတွေးများက လက်တွေ့ဘဝကို ဖန်တီးသည်ဟူသော အယူအဆသည် နာမည်ကြီး ဘာသာရေး အဆုံးအမ အများစု၏ ယုံကြည်ချက်တွင် တည်ရှိနေကြောင်းလည်း သူ သိထား၏။
ဗုဒ္ဓ။ ။ "ကျွန်ုပ်တို့၏အတွေးများနှင့် ကမ္ဘာလောကကို ဖန်တီးသည်"
ယေရှု။ ။ "ဆုတောင်းပတ္ထနာ ပြု၍ တောင်းသမျှသော အရာတို့ကို သင်တို့ ရရှိလိမ့်မည်”
ဟိန္ဒူဝါဒ။ ။ "သင့်တွင် ဘုရားသခင်၏ စွမ်းအား ရှိသည်"
ထိုသဘောတရားကို ခေတ်ရှေ့ပြေးသော အတွေးအခေါ်ရှင်များနှင့် အနုပညာ ပါရမီရှင်တို့ကလည်း ဖော်ပြခဲ့ကြဖူးသည်။ စီးပွားရေး ဂုရုကြီး ရော်ဘင် ရှာမာက "အရာရာတိုင်းဟာ နှစ်ကြိမ် ဖန်တီးခံရတယ်။ ပထမအကြိမ်က စိတ်ထဲမှာ၊ ဒုတိယအကြိမ်က လက်တွေ့ဘဝမှာ" ဟု ဆိုသလို ပါဘလို ပီကာဆို၏ အကျော်ကြားဆုံး စကားတွင်လည်း "မင်း စိတ်ကူးလို့ရတဲ့ အရာမှန်သမျှဟာ အစစ်အမှန်တွေ ဖြစ်တယ်" ဟု ပြောဖူးလေသည်။
တံခါးခေါက်သံကြောင့် လန်ဒန် လန့်သွားပြီး ဗလာဒီဆလဗ် ခန်းမကြီးလည်း သူ၏ စိတ်အာရုံထဲမှ ပျောက်ကွယ်သွား၏။ သူ့စိတ်သည် ရေချိုးခန်းထဲ ပြန်ရောက်လာပြီး ရေချိုးခန်း တံခါး ပွင့်လာသံကို ကြားလိုက်ရလေသည်။ ထုတ်ချင်းပေါက် မြင်နေရသော ရေချိုးခန်း ကန့်လန့်ကာ မှတဆင့် လူတစ်ယောက် ဝင်လာသော ဝေဝါးဝါး ပုံရိပ်ကို မြင်လိုက်ရသဖြင့် လန်ဒန် သက်ပြင်းချလိုက်သည်။
“တော်သေးတာပေါ့။ သူ စောစော ပြန်ရောက်လာပြီ” ။ကက်သရင်းသည် ဟိုတယ်ရှိ အဖြစ်အပျက်တို့ကို ကြားပြီး အမြန်ပြန်လာခဲ့သည်မှာ သေချာသလောက်ရှိသည်။
“အခုပဲ ပြီးတော့မှာ” ဟု ဆိုကာ လန်ဒန်သည် ရေနွေးကို ပိတ်လိုက်ပြီး သူ ပုံမှန် လုပ်လေ့ရှိသော ရေအေးဖြင့် နောက်ဆုံး ဆေးကြောခြင်းကိုပင် မလုပ်တော့ပေ။ သည်မနက်အတွက် ရေအေးဒဏ် ခံရခြင်းမှာ လုံလောက်ပေပြီ။ ရေချိုးခန်း တံခါးတွင် ချိတ်ထားသော မျက်နှာသုတ်ပုဝါကို လှမ်းယူပြီး ခါးတွင် ပတ်လျက် ရေချိုးခန်း အပြင်ဘက်သို့ သူ ထွက်လိုက်သည်။ “ကက်သရင်း...”
သူ ရုတ်တရက် တန့်သွားသည်။
ကက်သရင်း မဟုတ်နေသောကြောင့်ပင်။
သားရေကုတ်အင်္ကျီ ဝတ်ဆင်ထားသော ပိန်ပိန်ပါးပါး လူတစ်ယောက်နှင့် လန်ဒန် မျက်နှာချင်းဆိုင် ရပ်နေမိလေသည်။
“ခင်ဗျား ဘယ်သူလဲ” လန်ဒန်က မေးလိုက်သည်။ “ဒီထဲကို ဘယ်လို ဝင်လာတာပါလိမ့်”
ကျူးကျော် ဝင်ရောက်လာသူသည် ရှေ့သို့ အနည်းငယ် တိုးကပ်လာပြီး သူ့အား ခပ်တည်တည် မျက်နှာထားဖြင့် ကြည့်နေလေသည်။ “မစ္စတာ ရောဘတ် လန်ဒန်လား...” ဟူသော သူ၏ မေးခွန်းသည် ချက်ခ်သံ ဝဲဝဲဖြင့် ဖြစ်၏။ “မင်္ဂလာ နံနက်ခင်းပါ။ ကျုပ်က ပြည်ပ ဆက်ဆံရေးနှင့် သတင်း အချက်အလက်ရုံးက ကပ္ပတိန် ယာနာချက်ခ်ပါ။ ခင်ဗျားရဲ့ အိပ်ခန်းထဲကနေ နိုင်ငံကူးလက်မှတ်ကို ယူထားလိုက်ပါတယ်။ ခင်ဗျား စိတ်မရှိဘူးလို့ ယူဆပါတယ်”
“မင်းက ငါ့ ပတ်စပို့ကို ယူလိုက်တယ် ဟုတ်လား” ။ လန်ဒန်သည် လူစိမ်း၏ ရှေ့တွင် မျက်နှာသုတ်ပုဝါ တစ်ထည်တည်းဖြင့် ဗလာကျင်းဖြစ်နေသလို ခံစားလိုက်ရ၏။ “ဆောရီးပါ၊ ခင်ဗျားက ဘယ်သူ...”
လူစိမ်းသည် သက်သေခံ ကတ်ပြားတစ်ခုကို ထုတ်ပြလိုက်သော်လည်း ရေနွေးငွေ့များ အုပ်ဆိုင်းနေသောကြောင့် အဖွဲ့အစည်း၏ ထင်ရှားသော တံဆိပ်ဖြစ်သည့် နောက်ခြေ ၂ ချောင်းဖြင့် မတ်တပ်ရပ်နေသော ခြင်္သေ့ပုံမှလွဲ၍ ကျန်သည်ကို မမြင်လိုက်ရပေ။ထိုသင်္ကေတသည် အတော်လေး အသုံးများပြီး လန်ဒန်၏ အထက်တန်းကျောင်းဖြစ်သော ‘ဖီးလစ် အက်ဇစ်တာ အကယ်ဒမီ’၏ တံဆိပ်လည်း ဖြစ်၏။ သို့သော် သည်လူကတော့ ဖီးလစ် အက်ဇစ်တာ ကျောင်းထွက် ဟုတ်ပုံ မရကြောင်းကိုကား လန်ဒန် သေချာသိလေသည်။
“ကျုပ်က အူဇီအဖွဲ့ကပါ” ဟု လူစိမ်းက အသံမာမာဖြင့် ပြောသည်။ “ချက်ခ် သမ္မတ နိုင်ငံတော် ထောက်လှမ်းရေးဌာနကပါ”
“ခင်ဗျား ကြည့်ရတာ ထောက်လှမ်းရေး စုံထောက်နဲ့တောင် မတူပါလား” ဟု လန်ဒန် တွေးလိုက်သည်။ ထိုလူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်း၍ စိုစွတ်နေပြီး ပါးပါးလေး ကျန်သော ဆံပင်တို့က ဖွာလန်ကြဲနေကာ သားရေကုတ်အင်္ကျီ အောက်မှ ရှပ်အင်္ကျီမှာလည်း တွန့်ကြေနေလေသည်။
“ကျွန်တော် တစ်ခါပဲ ပြောမယ် မစ္စတာ လန်ဒန်” ဟု ဆိုကာ ချက်ခ် အရာရှိသည် သူတို့ ၂ ဦးကြားရှိ မမြင်ရသော စည်းတစ်ခုကို ဖြတ်ကျော်လိုက်သကဲ့သို့ သူ့ဘက်သို့ တိုးလာ၏။ “ခင်ဗျား ခုလေးတင် ကြယ်ငါးပွင့် ဟိုတယ်တစ်လုံးက လူတွေကို ရွှေ့ပြောင်းခိုင်းလိုက်တယ်နော်။ အဲဒီလို လုပ်ရတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် ပေးရင်ပေး၊ မပေးရင် ခင်ဗျားကို ကျုပ် အခုချက်ချင်း ဖမ်းမယ်”
လန်ဒန်တွင် ပြောစရာ စကား မရှိ ဖြစ်သွားသည်။ “ကျွန်... ကျွန်တော် အများကြီး တောင်းပန်ပါတယ်” ဟုပင် သူ စကားထစ်သွား၏။ “ရှင်းပြဖို့ ခက်ပါတယ် ကပ္ပတိန်။ ကျွန်တော် အမှား လုပ်မိတာပါ”
“ကောင်းပြီလေ” အရာရှိက ချက်ချင်း ပြန်ပြော၏။ သူ့မျက်နှာထားကမူ မည်သည့် ခံစားချက်မျှ ရှိပုံမရချေ။ “ကြီးမားတဲ့ အမှားတစ်ခုပေါ့။ ခင်ဗျား ဘာလို့ အချက်ပေး ခေါင်းလောင်းကို ဆွဲခဲ့တာလဲ”
အမှန်တိုင်း ပြောရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိကြောင်း လန်ဒန် သိလိုက်သည်။ “ပေါက်ကွဲမှု တစ်ခု ဖြစ်တော့မယ်လို့ ကျွန်တော် ထင်ခဲ့လို့ပါ”
အရာရှိ၏ တစ်ခုတည်းသော တုံ့ပြန်မှုမှာ သူ၏ ထူထဲသော မျက်ခုံးမွေးများ အနည်းငယ် တွန့်သွားခြင်း သာဖြစ်၏။ “စိတ်ဝင်စားစရာပဲ။ ဘယ်အရာက ပေါက်ကွဲမှုကို ဖြစ်စေမှာမို့လို့လဲ”
“ကျွန်တော်လဲ မသိဘူးလေ... ဗုံး ဖြစ်နိုင်ပါတယ်”
“သဘောပေါက်ပါပြီ။ ဗုံး ဖြစ်နိုင်တယ်ပေါ့။ ဒါဆို ခင်ဗျားက ဒီဟိုတယ်ထဲမှာ ဗုံးရှိတယ်လို့ စိုးရိမ်ခဲ့တယ်... ဒါပေမဲ့ ခင်ဗျားက အဆောက်အအုံထဲ ပြန်ပြေးဝင်ပြီး ဒီအခန်းဆီ တက်လာခဲ့တယ်နော်”
“ကျွန်တော့်... မိတ်ဆွေကို သတိပေးဖို့ပါ”
အရာရှိသည် သူ့အင်္ကျီထဲမှ မှတ်စုစာအုပ် တစ်အုပ်ကို ထုတ်ပြီး ဖတ်လိုက်သည်။ “ခင်ဗျား မိတ်ဆွေက မစ္စ ကက်သရင်း ဆော်လမွန်လား”
ချက်ခ် ထောက်လှမ်းရေး အရာရှိ တစ်ယောက်၏ နှုတ်မှ ကက်သရင်း၏ နာမည်ကို ကြားလိုက်ရသဖြင့် လန်ဒန် ကျောချမ်းသွားသည်။ အခြေအနေသည် တဖြည်းဖြည်း ပို၍ လေးနက်လာပြီ ဖြစ်၏။ “မှန်ပါတယ်။ ဒါပေမဲ့ သူက ထွက်သွားနှင့်ပါပြီ”
“ဪ... ဟုတ်ပြီ၊ ဟုတ်ပြီ။ ဒါဆို ခင်ဗျား မိတ်ဆွေ ဘေးကင်းပြီ ဆိုတာ သိရတော့ လှေကားအတိုင်း ပြန်ဆင်းမဲ့အစား ရေခဲနေတဲ့ မြစ်ထဲကို ပြတင်းပေါက်ကနေ ခုန်ချပြီး ရေနစ်မဲ့ အန္တရာယ်ကို အရဲစွန့်ခဲ့တယ်ပေါ့ ဟုတ်လား”
ထိုလုပ်ရပ်သည် သူ့ကိုယ်သူပင် အံ့သြစေခဲ့မိသည်ကို လန်ဒန် ဝန်ခံရပေမည်။ “ကျွန်တော် လန့်သွားလို့ပါ။ ဘုရားကျောင်း ခေါင်းလောင်းသံက ရုတ်တရက် မြည်လာတော့... အဲဒါက နိမိတ်မကောင်းဘူးလို့ ထင်လိုက်မိတယ်”
“နိမိတ်မကောင်းဘူး ဟုတ်လား” ဟူသော စကားထောက်သံက စိတ်ဆိုးပုံ ပေါက်နေလေသည်။ “အဲဒါကို အိန်ဂျလပ်စ်လို့ ခေါ်တယ် ပါမောက္ခ။ မနက်ခင်း ဝတ်ပြုဆုတောင်းဖို့ အတွက် တစ်နာရီ တစ်ခါ ဘုရားကျောင်း ခေါင်းလောင်း ထိုးတာပါ။ ခင်ဗျား သိလိမ့်မယ်လို့ ကျုပ် ထင်ခဲ့တာ”
“ဟုတ်ကဲ့၊ သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ကောင်းကောင်း မစဉ်းစားနိုင်ခဲ့ဘူး။ ခေါင်းလောင်းသံ ကြားတော့ ကျွန်တော့်မှာ... မသိဘူးဗျာ... အချိန်မရှိတော့ဘူးလို့ ခံစားလိုက်ရတယ်။ စောစောကလဲ ဧည့်ခန်းမဆောင်မှာ ရဲတွေ တွေ့ခဲ့ရတော့...”
“အချိန်မရှိတော့ဘူး ဟုတ်လား။ ဒါဆို... ခင်ဗျား ပြောတဲ့ ဗုံးက အချိန်ကိုက်ဗုံး ပေါ့။ မနက် ၇ နာရီမှာ ကွဲအောင် လုပ်ထားတာလား”
“အဲဒါ ကျုပ်ဆင်ထားတဲ့ ဗုံးမှ မဟုတ်တာဗျာ” ဟု တွေးရင်း လန်ဒန်သည် စိတ်တည်ငြိမ်အောင် မနည်း ထိန်းလိုက်ရ၏။ “မဟုတ်ပါဘူး၊ ကျွန်တော် အလွန် စိတ်ရှုပ်ထွေးနေပြီး စိတ်ထဲ ခံစားရတဲ့အတိုင်း တုံ့ပြန်လိုက်မိတာပါ။ ကျွန်တော် ပျက်စီးဆုံးရှုံးမှုတွေ အတွက် လျော်ပေး...”
“လျော်ပေးစရာ မလိုပါဘူး ဆရာ” ။ အရာရှိ၏ လေသံပျော့သွားသည်။ “လူတွေက စိတ်ရှုပ်ထွေးတတ်ကြတာပဲ။ အဲဒါ ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော် သိချင်တာက ပေါက်ကွဲမှု ဖြစ်မယ်လို့ ခင်ဗျား ဘာကြောင့် ထင်ခဲ့တာလဲ ဆိုတာပါပဲ။ ခင်ဗျား သတင်းကို ဘယ်က ရခဲ့တာလဲ”
“သူ့ကို ပြောပြဖို့ မဖြစ်နိုင်ဘူး” ဟု လန်ဒန် သိလိုက်သည်။ အမှန်တရားသည် ယုံနိုင်စရာ မရှိလောက်အောင် ဖြစ်နိုင်ချေ နည်းပါးလွန်းနေပြီး ရိုးရိုးသားသား ဝန်ခံလိုက်ပါကလည်း ပြဿနာ ပြန်တက်နိုင်သည့် အန္တရာယ် ရှိနေသည်။ “သူ ငါ့ကို ဘယ်တော့မှ ယုံမှာ မဟုတ်ဘူး”။ ရှေ့နေတစ်ယောက် လိုအပ်ကောင်း လိုအပ်လာနိုင်ကြောင်း လန်ဒန် ရုတ်တရက် အာရုံရလိုက်သည်။
“မစ္စတာ လန်ဒန်....” အရာရှိက ဖိမေးလိုက်၏။
လန်ဒန်သည် ခါးတွင် ပတ်ထားသော မျက်နှာသုတ်ပုဝါကို ပြင်ဝတ်လိုက်လေသည်။ “ကျွန်တော် ပြောသလိုပါပဲ၊ ကျွန်တော် စိတ်ရှုပ်ထွေးသွားတာပါ။ ကျွန်တော် သတင်း မှားရခဲ့တာပါ”
ကပ္ပတိန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ခြေတစ်လှမ်း ထပ်တိုးလာကာ အသံနှိမ့်လျက် ပြောလိုက်သည်။ “တကယ်တမ်းကျတော့ ပါမောက္ခ၊ သတင်းမှားတာက ပြဿနာ မဟုတ်ပါဘူး။ ပြဿနာက ခင်ဗျားဆီမှာ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရှိနေခဲ့တာပဲ။ သိပ်ကို ကောင်းမွန်တဲ့ သတင်းပေါ့”
“ကျွန်တော် နားမလည်ဘူး”
အရာရှိက သူ့ကို စူးစိုက်ကြည့်လိုက်သည်။ “နားမလည်ဘူး ဟုတ်လား”
လန်ဒန် ခေါင်းခါလိုက်သည်။
“ပါမောက္ခ....” ဟု ကပ္ပတိန်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ “ဒီနေ့ မနက် အစောပိုင်းက၊ ဒီဟိုတယ်မှာပဲ၊ ကျွန်တော်တို့ အဖွဲ့ဟာ ဗုံးတစ်လုံးကို ရှာဖွေတွေ့ရှိပြီး ဖြုတ်သိမ်းနိုင်ခဲ့ပါတယ်။ အဲဒီဗုံးက မနက် ၇ နာရီတိတိမှာ ပေါက်ကွဲဖို့ အချိန်ကိုက် လုပ်ထားတာပါ”
Review By Thet Paing Writes

💬 Comment / Review
Comment များကို ရယူနေပါသည်…