Classics တွေက ဖတ်ဖတ်ချင်း ဘာလို့ နားမလည်ရတာလဲ။

၁ - ဂန္ထဝင် စာပေတွေကို ဖတ်ရှုတဲ့အခါမှာ လက်ဦး တစ်ခေါက် ဖတ်လိုက်ရုံနဲ့ နားမလည်နိုင်တဲ့ ပထမဆုံး အကြောင်းအရင်းကတော့ ဘာသာပြန်ကြောင့် ဖြစ်နိုင်ပါတယ်။ စာအုပ် ဘယ်လောက်ကောင်းကောင်း ဘာသာပြန် ချာတဲ့အခါ၊ လိုတဲ့အခါ၊ ထောက်တဲ့အခါ စာအုပ်ရဲ့ ဆိုလိုရင်းကို မမြင်စေဘဲ စာဖတ်သူကို ပျင်းသွားစေပါတယ်။ ဒါမှမဟုတ် မူရင်းစာအုပ်ကိုက ကိုယ်နဲ့ အကြိုက်မတူတာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ကျွန်တော့်မူကတော့ ဘာသာပြန်တယ်ဆိုတာ စာရေးသူရဲ့ အသံကို ထင်ဟပ်ရမယ်၊ ခေတ်နဲ့ လျော်ညီရမယ်ဆိုတာပါပဲ။ ဒီနေရာမှာ စာရေးသူက ထေ့ထားသလား၊ ဒေါသသံစွက်နေသလား၊ မြှုပ်ထားတဲ့ အဓိပ္ပါယ်ပါသလားဆိုတာတွေကို မကျန်စေရအောင် ဂရုစိုက်ပါတယ်။ နောက်ပြီး ရောက်နေတဲ့ ခေတ်နဲ့ ကိုက်ညီအောင် စီစဥ်ရပါတယ်။ ၂၀၂၆ မှာ ဦးပုည အရေးအသားနဲ့ ပျံလန်နေအောင် ဘာသာပြန်လဲ ဒီဘက်ခေတ်က လူတွေ ခေါင်းထဲ ရောက်မှာမှ မဟုတ်တာ။ ခေတ်နဲ့ လျော်ညီအောင် သုံးနှုန်းနိုင်မှ ဂန္ထဝင်စာအုပ်တွေက ဒီဘက်ခေတ်လူတွေ နားလည်ဖို့ လွယ်ကူမယ်လို့ ထင်မိပါတယ်။ (ပုဂ္ဂလ အမြင်ပါ။ ကွဲလွဲခွင့်ရှိပါတယ်။)

၂ - အဓိပ္ပါယ် ရှင်းလင်းချက်တွေ မပါတာ။ ဒီအချက်က အတော်လေး အရေးကြီးပါတယ်။ ဟုမ္မာရဲ့ ဩဒစ္ဆေ မော်ကွန်း စကားပြေ ဘာသာပြန်ထဲမှာ ဖော်ပြထားတဲ့ နာမည်တွေ တအားများပါတယ်။ နာမည်တွေကို သက်သက် စာရင်းပြုစုရာမှာ နာမည်ပေါင်း ၄၈၀ ကျော်သွားတယ်။ ဘာသာပြန်ရင်း Highlight လေးတွေထားခဲ့ပြီး စာညွှန်းစာရင်းမှာ ပြန်ထည့်ပေးရတာပဲ စာမျက်နှာ ၅၀ နီးပါးလောက်ရှိသွားပါတယ်။ နာမည်တွေကို မသိတဲ့အခါ၊ ဘာကြောင့် ဒီနာမည်တွေကို ဖော်ပြထားရသလဲဆိုတာ မသိတဲ့အခါ ဇာတ်လမ်းကို ရေရေလည်လည် သဘောမပေါက်စေနိုင်ပါဘူး။

ဒီသဘောက ဒန္တေအယ်လီဂီယာရီရဲ့ အစ္ဆရိယရကန် စကားပြေ အတွဲ ၁၊ နိရယဘုံကို ဘာသာပြန်တဲ့အခါမှာလဲ တော်တော်လေး အကျိုးသက်ရောက်မှု ရှိတာကို တွေ့ရပါတယ်။ ဒန္တေ ငရဲမှာ တွေ့ခဲ့ရတဲ့ လူတွေဟာ အပြင်မှာလဲ တကယ်ရှိတဲ့လူတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို စာရင်း ပြုစုရာမှာတော့ အပြင်က တကယ့်လူရဲ့ အကြောင်းကိုပါ အတိုချုံးလေး ထည့်ပေးခဲ့ပါတယ်။ သူကလဲ စာရင်းပြုစုလိုက်တာ ၃၀၀ ကျော်လောက် နာမည်ထွက်လာတယ်။ ဩဒစ္ဆေနဲ့ မတူတာကတော့ နိရယဘုံထဲက လူတွေဟာ အပြင်မှာ သိထားတဲ့ အမည်နဲ့ ဒန္တေက ခနဲ့တဲ့တဲ့သုံးတဲ့ အသုံးတွေကို တိုက်စစ်ရတာပါပဲ။

နောက်ပြီး ဒန္တေရဲ့ ကဗျာထဲက အချိန်၊ အပြင်က အချိန်တွေကိုလဲ သေသေချာချာတွက်ချက်ပြီး ထည့်သွင်းပေးထားပါသေးတယ်။ မှတ်မှတ်ရရ ဒန္တေကို ဘာသာပြန်ရင်းနဲ့ Columbia University ကနေ တက္ကသိုလ် လက်ချာတွေသင်ပေးတဲ့ The Dante Digital Course အတန်းလေးတောင် တက်ဖြစ်လိုက်သေးတယ်။ သူတို့မှာက ဂန္ထဝင် လက်ရာတွေကို အဲဒီလို ခွဲခြမ်း စိတ်ဖြာပြီး လေ့လာကြတာကိုး။ ဒန္တေရဲ့ Divine Comedy လက်ချာတက်ချင်ရင် ဒီကနေ တက်နိုင်ပါတယ်။

https://digitaldante.columbia.edu/the-dante-course/

၃ - ဘာသာပြန် မူရွေးချယ်တာ။ ဒန္တေရဲ့ ဘာသာပြန်မူတွေ အများကြီးရှိပါတယ်။ ကဗျာအတိုင်းလဲ ဘာသာပြန်ကြတယ်။ စကားပြေအတိုင်းလဲ ပြန်ကြတယ်။ အကျဥ်းပြန်၊ အကျယ်ပြန်၊ ၂ ဘာသာတွဲပြန် တာမျိုးလဲ ရှိပါတယ်။ အဲဒီအထဲကမှ ဒီဘက်ခေတ်နဲ့ အကိုက်ညီဆုံး ဖြစ်တဲ့ A.S. Kline ရဲ့ ဘာသာပြန်မူကို ယူခဲ့တာပါ။ ဒီလင့်ကနေလဲ ကျွန်တော် သ‌ဘောကျမိတဲ့ မူတစ်ခု ကို ဝင်ဖတ်လို့ရပါတယ်။ သူလဲ ခေတ်နဲ့ ကိုက်ညီပေမဲ့ တချို့သော နေရာတွေ၊ ဥပမာ - ဒန္တေရဲ့ tone တွေကို သေချာ မမြင်ရသလို၊ စာအုပ်အဖြစ် တရားဝင် ထုတ်ဝေမထားတဲ့အတွက် သူ့ကို မရွေးချယ်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ A.S.Kline version ဖတ်ရင်း ကိုယ်နားမလည်တဲ့ ပွိုင့်လေးတွေကို သူနဲ့ တွဲပြီး ဖတ်ဖြစ်ပါတယ်။

https://worldofdante.iath.virginia.edu/index.html

၄ - ဒီ လင့်ကတော့ ဒန္တေနဲ့ ပတ်သတ်ပြီး မထုတ်ဝေထားတဲ့ စာမူတစ်ခုနဲ့ သမိုင်းတလျှောက် ဖော်ပြခဲ့ကြတဲ့ သရုပ်ဖော်ပုံတွေကို စုစည်းထားတာ ဖြစ်ပါတယ်။ နိရယဘုံရဲ့ မျက်နှာဖုံးဟာ William Blake ရဲ့ သရုပ်ဖော်ပုံဖြစ်ပါတယ်။ အတွင်းပိုင်း သရုပ်ဖော်တွေကတော့ Gustave Dore ရဲ့ သရုပ်ဖော်ပုံတွေပဲ ဖြစ်ပါတယ်။ တခြား သရုပ်ဖော်ပုံတွေကို ဒီလင့်ကနေ ကြည့်နိုင်ပါတယ်။

https://dantecomedy.com/