“ချမ်းမြေ့ သာယာသော အိမ်ထောင်များတွင်မူ ပျော်ရွှင်ခြင်းသည် ထောင့်တိုင်းမှ ပေါ်လာတတ်၍ ချမ်းမြေ့ သာယာခြင်း မရှိသော အိမ်ထောင်တိုင်းမှာကား စိတ်ဆင်းရဲခြင်းသည် ထောင့်တိုင်းမှ ပေါ်လာတတ်ပေသည်။”

~မမ၊မြသန်းတင့်

လူရယ်လို့ဖြစ်လာကြရင် လှုမှုရေးပြဿနာတွေဆိုတာ ရှောင်လွဲလို့မရနိုင်တဲ့အရာတွေပါပဲ။ အဲ့လိုပြဿနာတွေထဲမှာ တဏှာပေမကိုအရင်းတည်ထားတဲ့ ချစ်ခြင်း၊မုန်းခြင်း ခံစားချက်တွေကနေ အချစ်ရေးပြဿနာ၊အိမ်ထောင်ရေးပြဿနာ၊ မိသားစုပြဿနာတွေဟာလည်း ကြုံကိုကြုံရမယ့်အရာတွေဖြစ်ပါတယ်။

အခု ဒီစာအုပ်က ရုရှား စာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့ ဂန္ထဝင်လက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Anna Karenina ကို ဆရာမြသန်းတင့်က မြန်မာမှုပြုထားတာဖြစ်ပါတယ်။ ဆရာမြသန်းတင့်ရဲ့ ပြေပြစ်တဲ့ အရေးအသားအောက်မှာ ကျွန်တော်တို့ဟာ မူရင်းစာရေးဆရာကြီးရဲ့ အာဘော်ကို ဘာသာစကားတံတိုင်းမခြားတော့ဘဲ လက်လှမ်းမီ ခံစားခွင့် သိမြင်ခွင့်ရခဲ့ကြတယ်။

အပုပ်နံ့တထောင်းထောင်းနဲ့ ရုရှားဘုရင်စနစ်ခေတ် အထက်တန်းလွှာလူ့အသိုင်းအဝိုင်းကို မြန်မာမှုပြု ရေးနိုင်ရတဲ့ အကြောင်းရင်းခံကတော့ ကျွန်တော်ထင်ပါတယ်၊ ဒီသဘော သဘာဝတွေဟာ လူတွေမှာ ကိန်းအောင်းနေတဲ့အခြေခံတရားတွေကြောင့်မလို့ ဖြစ်ပါလိမ့်မယ်။

ရုရှား လူ့အဖွဲ့အစည်းမှာမှ ဒုက္ခဆင်းရဲ၊မနာလိုမှု၊ဂုဏ်တုဂုဏ်ပြိုင်၊ဟန်ဆောင်မာယာတွေရှိတာမှ မဟုတ်တာပဲ။ လူသားတိုင်းမှာ အနည်းနဲ့အများရှိနေကြတာချည်းပဲ။ ဒါ့အပြင် အထက်တန်းအလွှာမှာတင်ပဲလား၊ မဟုတ်ပါဘူး အလွှာအသီးသီးမှာ သူ့ပုံစံနဲ့သူ အမှောင်ခြမ်းတွေရှိကြတာပါပဲ။ အခုဒီစာအုပ်မှာတော့ ပဟေဠိတွေများစွာနဲ့ ပညာရှင်တွေ ခွဲခြမ်းစိတ်ဖြာဖို့ကြိုးစားကြတဲ့ အချစ်ရဲ့ ဖမ်းဆုပ်မိဖို့မဖြစ်နိုင်တဲ့ ပုံစံအမျိုးမျိုး အသွင်ဆောင်ထားတာကို မြင်တွေ့ကြရပါလိမ့်မယ်။

ဟီရိ ဩတ္တပ္ပ တရားနှစ်ပါး မကောင်းမှုလုပ်ရမှာ ရှက်ခြင်း၊ကြောက်ခြင်း ကို ဘာကြောင့် လောကပါလ လောကကို စောင့်ရှောက်တဲ့ တရားလို့ ခေါ်လဲဆိုတာ ဒီစာအုပ်ဖတ်ပြီးရင် ပိုမြင်သာလာပါလိမ့်မယ်။ မမ ဆိုတဲ့ဇာတ်ကောင်ဟာ တချိန်က ခင်ရီရီ မောင်မောင်လတ် တို့ ဇနီးမောင်နှံ ကွဲကြကွာကြမယ်ဖြစ်တုန်းက သူ့ရဲ့ တည်ကြည်သော ဣန္ဒြေသီလသိက္ခာနဲ့ ပြေလည်အောင် ကြားဝင်စေ့စပ်ပေးနိုင်ခဲ့တဲ့သူပါ။ သူကိုယ်တိုင် နွံထဲနစ်တဲ့အခါမှာတော့ တောင်မင်းမြောက်မင်းမကယ်နိုင်တော့ဘူး။

မမ ရဲ့ယောက်ျား “ဦးသက်ထွန်း “ဟာ ရာထူးကြီးဂုဏ်ဒြပ်ကြီးတဲ့ လူကြီးမင်းဖြစ်ပြီး အစစအရာရာမှာ လိုလေသေးမရှိထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ မမ ရဲ့ အိမ်ထောင်ဖက်ရွေးချယ်မှုက အချစ်ထက် ဂုဏ်ဒြပ်စည်းစိမ်တွေကို မကြောင့်မကြဘဲနေရတဲ့ဘဝကို ဦးစားပေးရွေးချယ်ခဲ့ပုံပါပဲ။ အတူတူနေတာကြာလာရင် သံယောဇဉ်တွယ်လာလိမ့်မှာပဲဆိုတာက သူ့ခံယူချက်။

သူ့ခံယူချက်ကို စမ်းသပ်လာသူကတော့ ယေးတက္ကသိုလ် ဘွဲ့ရ တက္ကသိုလ်ကထိက မောင်သက်ဆွေ၊ ပညာအရည်အချင်းရော ရုပ်ရည်ရော ဂုဏ်အသိုင်းအဝိုင်းရော အပြစ်ပြောစရာတစ်ခုမရှိအောင် သာလွန်တဲ့သူ။ သူက မမရဲ့ မောင်ဘက်ကမိန်းမ ခင်ရီရဲ့ ညီမထွေး ခင်သီနဲ့လူကြီးချင်း သဘောတူစေ့စပ်ထားတဲ့သူ။ သို့ပေမယ့် ဖူးစာကံကြမ္မာက ဆန်းကြယ်လွန်းတော့ ရထားမှာတခဏတာ ဆုံပြီး မောင်သက်ဆွေမှာ မမ သည်သာ အရာရာဖြစ်ပြီး တမ်းတမ်းစွဲဖြစ်သွားတော့တယ်။ လက်ရှိလုပ်ကိုင်နေတဲ့ ရာထူး ဂုဏ်ကို တစ်ချက်ပြန်မငဲ့ကြည့်ဘဲ ကလေးတစ်ယောက်မိခင် လင်ရှိမယား မိန်းမလှလေးရဲ့ အလှအပမှာနစ်မွန်းပြီး သူ့အချစ်ကိုရဖို့အတွက် စွန့်စားပြီး မျက်ကန်းတစ္ဆေမကြောက် ချည်းကပ်ပါတော့တယ်။

မမဘက်ကတော့လည်း မောင်သက်ဆွေလို လူကုံထံ တစ်ယောက် အသည်းစွဲ တပ်မက်တာကို သာယာမက်မောတဲ့သဘောရှိတယ်။ သူ့ရဲ့သိစိတ်ကျင့်ဝတ်သိက္ခာက အတန်တန် ထိန်းချုပ်တည့်မတ်ထားနေတဲ့ကြားက မောင်သက်ဆွေရဲ့သွေးတိုးစမ်းတဲ့ ယောက်ျားမာယာတွေနဲ့အတွေ့မှာ ယိုင်နဲ့သွားတော့တယ်။ မောင်သက်ဆွေက တိုးလို့ အကဲစမ်းလာလေလေ ကိုယ့်လက်ရှိ ယောက်ျား ဦးသက်ထွန်းရဲ့ အပြစ်အနာဆာတွေကို သတိမူမိလာလေလေနဲ့။ မမရဲ့ ချိန်ခွင်လျှာက မောင်သက်ဆွေဘက်ကို အလေးသာပြီးရင်းသာနေတော့တယ်။ မမအပေါ် မောင်သက်ဆွေရဲ့ မေတ္တာအရေခြုံ ရမ္မက်တဏှာက မမကို လမ်းမှားကိုလိုက်စေခဲ့တယ်။

ဇာတ်ကောင်များစွာ သင်ခန်းစာများစွာနဲ့ အထက်တန်းအလွှာကို ပစ်မှတ်တည်ပြီး ရေးသားထားတဲ့ ဒီဝတ္ထုမှာ လူ့သဘော လူ့မနောတင်မက အမြဲတမ်း မကောင်းနိုင်သလို အမြဲတမ်းလည်း မဆိုးနိုင်တဲ့ သဘာဝကျ လူသားဆန်မှုကို ခံစားမိစေတယ်။ မမရဲ့ခင်ပွန်းဖြစ်သူ ဦးသက်ထွန်းရဲ့ အခန်းကဏ္ဍကလည်း ဒီဝတ္ထုကို ကြွရွနေအောင် ပံ့ပို့ထားပေးတယ်။ သူ့ရဲ့ အစွန်းနှစ်ဖက်လုံး မကျရောက်တဲ့ ကိုယ်ကျင့်တရားက သူ့ကို ဇာတ်လမ်းတစ်ခုလုံးရဲ့ ဗီလိန်အဖြစ်ကနေ ကင်းလွတ်ခွင့်ပေးပြီး ဇာတ်ကောင်တစ်ဦးတစ်ယောက်ကို အပြစ်မဖို့မိစေဘဲ မျှတွေးမိစေဖို့ဘဝရဲ့ နက်နဲတဲ့ဒဿနနဲ့ အချစ်၊ဂုဏ်သိက္ခာ နဲ့တာဝန်ဝတ္တရား တိုက်ပွဲကို နက်နက်ရှိုင်းရှိုင်း တွေးခေါ်ဆင်ခြင်မိစေဖို့ ပံ့ပိုးထားပေးတယ်။

အိမ်ထောင်ဖက်ရွေးချယ်ရာမှာ ဒီဝတ္ထုလောက် ဇာတ်လမ်းဆင်ပြီး နည်းပေးလမ်းပြလုပ်နိုင်မှာမျိုးက ရှားပါတယ်။ အချစ်တစ်ခုတည်းကို မျက်စိမှိတ်ယုံပြီးစွန့်စားမှုပြုခဲ့တဲ့ မမနဲ့မောင်သက်ဆွေတို့အတွဲ။ အစပိုင်း မမအချစ်ကိုမရတတ်သေးခင်မှာတော့ မောင်သက်ဆွေအတွက် မမ ဟာ သူ့ဘဝရဲ့အရာရာဖြစ်ခဲ့ပါတယ်။ မမဘက်က အချစ်ကိုလက်ခံပြီး သူနဲ့တူတူ နှစ်ကိုယ်တူဘဝတည်ဆောက်မယ်ဆိုတော့ မမအတွက် မောင်သက်ဆွေဟာ သူ့ရဲ့ မရှိမဖြစ်ဖြစ်လာပြီ။

ဦးသက်ထွန်းနဲ့တုန်းက ဒုက္ခဆင်းရဲဆိုတာကို လူတွေနဲ့ ဧည့်ခံစကားပြောရလွန်းလို့ ပင်ပန်းတာလောက်သိခဲ့တဲ့မမ ခမျာ အခု သူ့ချစ်သူ မောင်သက်ဆွေနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့တဲ့အခါမှာတော့ လောကဓံက နုနယ်ပျိုမျစ်လှပတဲ့ မိန်းမသားဆိုပြီး မျက်နှာသာမပေးပါဘူး။ မောင်သက်ဆွေဟာ သူတို့နှစ်ယောက် ရေရှည်ရပ်တည်နိုင်ဖို့အတွက် အချစ်တစ်ခုတည်းနဲ့မရတော့ဘူးဆိုပြီး အပေါင်းအသင်းအသိုင်းအဝိုင်းထဲ ပြန်ဝင်ဆံ့ဖို့ကြိုးစားတယ်။ ဒါကို မမဘက်က ကြည့်တော့လည်း မောင်သက်ဆွေဟာ သူ့ကိုအချစ်လျော့သွားပြီလို့ထင်ပြီး မနာလိုသဝန်တိုမှုတွေ စိတ်မချတာတွေ အပြစ်ရှာတာတွေဖြစ်လာတယ်။ မောင်သက်ဆွေမှာလည်း ချစ်သည့်တိုင် မယုံမကြည်နဲ့ဆက်ဆံလာတော့ စိတ်ပျက်လာပြီး ရန်ခဏခဏဖြစ်ကြရတယ်။ ဒီလိုနဲ့ ယောက်ျားတို့ရဲ့မာနနဲ့ မိန်းကလေးရဲ့ သဘာဝ ထိပ်တိုက်တွေ့ကြရတယ်။

ခင်သီ ခင်ရီတို့ရဲ့ ဖခင်ဖြစ်သူကတော့ သမီးရှင်တွေ ကိုယ့်သမီးကိုယ် ကုန်ပစ္စည်းတစ်ခုလို သဘောထား၊ ကြိုက်စျေးရရင်ဖလှယ်တဲ့စနစ်ကြီးမှာ သမီးထွေး ခင်သီနဲ့ပတ်သက်လို့ ဒီလိုပြောခဲ့တယ်။

“ဟေ လင်ကောင်း ရဖို့ တွေးပူတယ် ဆိုတာက သမီး မကောင်းတဲ့ မိဘတွေ တွေးပူတဲ့ အတတ်ကွ၊ ငါ့ သမီးဟာ အရည်အချင်း ရှိတဲ့ သမီးကောင်း တစ်ယောက် ဆိုရင် လင်ကောင်း လိုက်ရှာနေစရာ မလိုဘူး၊ မယားကောင်းကို လိုက်ရှာတဲ့ လူက လာလိမ့်မယ်၊ ဘာမှ ပူစရာ မလိုဘူး၊" တဲ့ ။

မမ ဇာတ်ကောင်က ကျွန်တော်တို့ကို ကိုယ်တိုင်ကြုံမှ ခံစားရမယ့် ဘဝနဲ့ချီသင်ခန်းစာမျိုးကို စာပေကတဆင့်ကြောင်းကျိုးဆီလျော်စွာနဲ့တင်ဆက်ပေးသွားတယ်။ နှစ်ဦးတည်းချစ်နေကြရုံနဲ့ ဘဝကအဆင်ပြေပြီလား။အချစ်ဆိုတဲ့ မရှင်းမလင်းအရာတစ်ခုတည်းနဲ့ ဘယ်လောက်အချိန်ကြာကြာ သူစိမ်းနှစ်ယောက်ကို ချည်နှောင်ထားနိုင်မလဲ။ အချစ်ဟာ သမီးရည်းစားဘဝကနေ အိမ်ထောင်ရက်သားကျတဲ့အခါ နေ့စဉ် လူမှုပြဿနာ တာဝန်ဝတ္တရားတွေက လာရောတဲ့အခါ အချိုပေါ့သွားတတ်ပါသလား။ ဘဝမှာ နှလုံးသားနဲ့ ဆုံးဖြတ်သင့်တယ်လို့ဆိုကြပေမယ့် အဲ့ဒီနှလုံးသားအလိုကို ဉာဏ်ပညာက ချွန်းမအုပ်ထားနိုင်ခဲ့ရင်…

အိမ်ထောင်ရေးတစ်ခုမှာ အချစ်တစ်ခုတည်းနဲ့ မလုံလောက်ဘဲ စည်းစောင့်ခြင်း၊ တာဝန်ယူခြင်းနဲ့ အပြန်အလှန်နားလည်ပေးနိုင်ခြင်းတွေက ဘယ်လောက်အထိ အရေးပါသလဲ။

မမဇာတ်ကောင်ဟာ ကြင်နာသနားဖို့ထိုက်တန်သလား၊ ခွင့်လွှတ်ခြင်းကိုခံယူဖို့ရောထိုက်တန်သေးသလား။

ဒီမေးခွန်းတွေကတော့ စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းအပေါ်မှာမူတည်ပြီး ကွဲလိမ့်မယ်လို့ထင်ပါတယ်။ အမုန်းသစ်လျှင် အချစ်သို့ ရောက်လာကြ၍ အချစ်ဆုံးလျှင် အမုန်းသို့ ရောက်လာကြသည့် အချစ်အမုန်းသံသရာကြီးမှာ ကိုကို၊ မမနှင့် မောင်သက်ဆွေတို့ သုံးပွင့်ဆိုင် ဇာတ်လမ်းကြီး မည်သို့မည်ပုံ ဆက်စခန်းသွားကြမလဲဆိုတာကိုတော့ စာဖတ်သူများကိုယ်တိုင် ဖတ်ရှူခံစားကြည့်ကြပါဦးခင်ဗျာ။

✍️မြသန်းတင့်

အကယ်၍ ဒီreviewကိုနှစ်သက်သဘောကျမိတယ်ဆို နောက်ထပ်များစွာသော စာအုပ်အညွှန်းတွေကို pageမှာ ဝင်ဖတ်ကြည့်လှည့်ပါခင်ဗျာ🙏🏻

@Youth’s Book Reflections 👈

https://www.facebook.com/share/1Bodcojwnf/?mibextid=wwXIfr

#Youths_book_reflections #bookreview

#မမ #မြသန်းတင့် #AnnaKarenina

#LeoTolstoy