The Secret of Secrets by Dan Brown

တုန်ရီ လှုပ်ခါနေသော ဖယောင်းတိုင်အလင်းရောင်အောက်တွင် ဂိုလမ်သည် နံရံပေါ်ရှိ အမျိုးသမီး၏ဓာတ်ပုံကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ဖယောင်းတိုင်များကို မှုတ်ထုတ်ကာ သူ၏ အထွတ်အမြတ်ထားရာ အခန်းငယ်ထဲမှ ထွက်ခွာခဲ့တော့၏။

“ငါ တစ်ကျော့ပြန် ပြန်လည် မွေးဖွားခဲ့ပြီ”

တိုက်ခန်း၏ ခေတ္တ လင်းလက်နေသော မီးရောင်အောက်တွင် သူသည် အဝတ်လဲခန်းထဲသို့ ဝင်ခဲ့သည်။ သူ၏ ဦးထုပ်ပါသော ဝတ်ရုံရှည်နှင့် ဖိနပ်အထူကြီးများသည် ကြမ်းပြင်ပေါ်တွင် လိပ်ခဲတည်းလည်း ပြန့်ကျဲနေ၏။ အီသာစွမ်းအင်ကို လက်ခံရယူရန်အတွက် သူသည် အဝတ်အစား၊ အဆင်တန်ဆာမပါဘဲ အမှောင်ထုထဲတွင်သာ အမြဲတမ်း ခရီးနှင်လေ့ရှိသဖြင့် ယင်းတို့ကို အလျင်အမြန် ချွတ်ပစ်ခဲ့ခြင်း ဖြစ်လေသည်။

ဂိုလမ်သည် သူ၏ဝတ်စုံကို သေသေချာချာ ပြန်လည်ချိတ်ဆွဲရင်း လည်ပင်းနားတွင် ကပ်ငြိနေသော ရွှံ့စေးခြောက် အပိုင်းအစတို့ကို ခါထုတ်လိုက်သည်။ ခရီးသွားများသည် သူ၏ ရုပ်သွင်ကိုမြင်လျှင် လန့်ဖြန့်သွားတတ်သော်လည်း ဒေသခံများကမူ လှည့်ပင်မကြည့်ကြချေ။ ပရာ့ဂ်မြို့သည် ပြဇာတ်ဆန်ဆန် ဖန်တီးမှုများနှင့် စိတ်ကူးယဉ်ဆန်မှုများ ပြည့်နှက်နေသည့် မြို့တစ်မြို့ ဖြစ်၏။ လမ်းမများပေါ်တွင် သမိုင်းဝင် ဇာတ်ကောင်များဖြစ်ကြသည့် နာမည်ကျော် တစ္ဆေများ၊ စုန်းမများ၊ ကံခေသော ချစ်သူများ၊ အာဇာနည်သူတော်စင်များနှင့် သူ့လို ရွှံ့စေးဖြင့် ပြုလုပ်ထားသော သတ္တဝါကြီးများအဖြစ် အသွင်ယူထားသူများမှာ ပေါများလှပေသည်။

“ပရာ့ဂ်မြို့ရဲ့ ရှေးအကျဆုံး ဒဏ္ဍာရီပဲ။

ငါ့လိုပဲ... ဆန်းကြယ်တဲ့ အစောင့်အရှောက်တစ်ဦးပေါ့”

ဂိုလမ်သည် ထိုရွှံ့စေးသတ္တဝါကြီး၏ အကြောင်းကို အလွတ်ရနေသည်။ အကြောင်းမှာ ယင်းသည် သူ၏ ကိုယ်ပိုင်ဇာတ်လမ်း ဖြစ်နေသောကြောင့်ပင်။ သူတစ်ပါး၏ နာကျင်မှုကို ထမ်းပိုးပေးရန် မိမိ၏ သာယာမှုကို စတေးပြီး ရုပ်ဝတ္တုဘဝထဲသို့ တွန်းပို့ခံထားရသော အစောင့်အရှောက် ဝိညာဉ်တစ်ခု ဖြစ်လေသည်။

၁၆ ရာစု ဒဏ္ဍာရီအရ ‘ဂျူးဒါလို’ အမည်ရှိ တန်ခိုးကြီးသော ဂျူးဘုန်းကြီး ‘ရက်ဘိုင်’ တစ်ဦးသည် ဗဲလ်တာဗာမြစ်ကမ်းပါးမှ ရွှံ့စေးများကို တူးကာ သူ၏လူမျိုးစုကို ကာကွယ်ပေးရန် ရည်ရွယ်၍ သတ္တဝါကြီးတစ်ကောင်ကို တည်ဆောက်ခဲ့လေသည်။ ဂျူးတို့၏ ‘ကဗ္ဗာလာ’ မှော်ပညာကို အသုံးပြု၍ ထိုအသက်မဲ့နေသော အစောင့်အရှောက်၏ နဖူးပေါ်တွင် ဟီဘရူးစာလုံးကို ရေးထွင်းလိုက်သောအခါ ရွှံ့စေးသတ္တဝါကြီးအထဲသို့ အခြားလောကမှ ဝိညာဉ်တစ်ခု ပူးကပ်ဝင်ရောက်လာပြီး ချက်ချင်းပင် အသက်ဝင် လှုပ်ရှားလာခဲ့လေတော့သည်။

သူ့နဖူးပေါ်မှ စာလုံးမှာ အဲမက် ( אמת ) “ အမှန်တရား” ဟူသော အဓိပ္ပါယ်ရသည့် စကားလုံး ဖြစ်လေသည်။

ရက်ဘိုင်သည် သူ၏ ဖန်တီးမှုကို ‘ဂိုလမ်’ ဟု ခေါ်ဆိုခဲ့၏။ ဟီဘရူးဘာသာဖြင့် "အကြမ်းထည်" ဟု အဓိပ္ပာယ်ရပြီး ထိုသတ္တဝါကို ဖန်တီးခဲ့သည့် မြေစေးကို ရည်ညွှန်းခြင်းဖြစ်လေသည်။ ထို့နောက်တွင် ဂိုလမ်သည် ဂျူးရပ်ကွက်၏ လမ်းမများပေါ်တွင် ကင်းလှည့်ရင်း ဘေးဒုက္ခရောက်နေသူများကို ကာကွယ်ပေးကာ၊ လူဆိုးများကို သတ်ဖြတ်ပြီး လူ့အဖွဲ့အစည်း၏ လုံခြုံရေးကို စောင့်ရှောက်ပေးခဲ့သည်။

သို့သော် ဤနေရာတွင် ဒဏ္ဍာရီမှာ အမှောင်ဘက်ခြမ်းသို့ ကူးပြောင်းသွား၏။

သတ္တဝါကြီးသည် သူ၏ အကြမ်းဖက်မှုများကြောင့် အထီးကျန်ကာ စိတ်ရှုပ်ထွေးလာပြီး နောက်ဆုံးတွင် သူ၏ ဖန်တီးရှင်ကိုပင် ပြန်လည်တိုက်ခိုက်လေတော့သည်။ ရက်ဘိုင်သည် သတ္တဝါကြီး၏ နဖူးပေါ်မှ ဟီဘရူးစာလုံးတစ်လုံးကို အတင်းအကျပ် ပွတ်တိုက်ဖျက်ဆီးလိုက်ခြင်းဖြင့် တိုက်ခိုက်ခံရမှုမှ သီသီလေး လွတ်မြောက်ခဲ့၏။

အဲမက် ‘အမှန်တရား’ ဟု အဓိပ္ပာယ်ရသော စကားလုံးမှ ဧလဖ် ( א) ဟူသော စာလုံးကို ဖျက်လိုက်သောအခါ ပို၍ပင် ကြောက်မက်ဖွယ်ရာ အဓိပ္ပာယ် မက် (מת) ဟု ဖြစ်သွားလေသည်။ ၎င်းသည် ဟီဘရူးဘာသာဖြင့် "သေဆုံးခြင်း" ဟု အဓိပ္ပာယ်ရ၏။

အဲမက် (אמת) မှ မက်( מת) သို့ ပြောင်းလဲသွားခြင်း ဖြစ်၏။

‘အမှန်တရား’ သည် ‘သေခြင်းတရား’ အဖြစ်သို့ ပြောင်းလဲ သွားခဲ့လေသည်။

ထိုသတ္တဝါကြီးလည်း အသက်မဲ့ကာ ပုံလျက်သား လဲကျသွားခဲ့၏။ သူ၏ ဖန်တီးမှု ပြိုလဲကျနေသည်ကို ကြည့်ရင်း ရက်ဘိုင်သည် မည်သည့်စွန့်စားမှုကိုမျှ ထပ်မလုပ်တော့ဘဲ ရွှံ့စေးကိုယ်ထည်ကို အမြန်ဖျက်ဆီးပစ်ကာ အပိုင်းအစများကို ပရာ့ဂ်မြို့၏ ယခုတိုင် ရှိနေဆဲဖြစ်သော ဂျူးဝတ်ပြုကျောင်း၏ ခေါင်မိုးထပ်တွင် ဝှက်ထားခဲ့လေသည်။ ယနေ့တိုင် ထိုမြေစေး အစအနတို့သည် ရက်ဘိုင်အား မြှုပ်နှံထားသည့် ရှေးဟောင်းသချိုင်းကို အပေါ်မှ စီးမိုးကြည့်ရှုရင်း ရှိနေဆဲဟု ဆိုတတ်ကြ၏။

“အဲဒီသချိုင်းဟာ ငါ့ရဲ့ခရီးလမ်း စတင်ခဲ့တဲ့နေရာပဲ” ဟု ဂိုလမ်က တွေးတောရင်း ငြိမ်သက်စွာ ချိတ်ဆွဲထားသော သူ၏ ဝတ်စုံနက်ကို ကြည့်လိုက်သည်။ “ငါဟာ ဂိုလမ်ပဲ။ ဝိညာဉ်တွေရဲ့ သံသရာထဲက နောက်ထပ်ဝင်စားမှုတစ်ခုပေါ့”

သူသည်လည်း အစောင့်အရှောက်တစ်ခုအဖြစ် အဆင့်ဆင့် ဆင့်ခေါ်ခြင်း ခံခဲ့ရလေသည်။ သူ၏ အထူးစီမံထားသော အခန်း၏နံရံပေါ်တွင် ချိတ်ထားသော ဓာတ်ပုံထဲမှ ထိုအမျိုးသမီးအတွက် အစောင့်အရှောက် ဖြစ်သည်။ ဂိုလမ် တည်ရှိနေကြောင်း သို့မဟုတ် သူသည် ထိုအမျိုးသမီးအတွက် ဘာတွေလုပ်ပေးခဲ့ကြောင်းကို အမျိုးသမီး ဘယ်တော့မှ သိလိမ့်မည်မဟုတ်ပေ။ “အထူးသဖြင့် မကြာခင် ငါ ဘာလုပ်တော့မယ်ဆိုတာကိုလဲ သူ သိမှာ မဟုတ်ဘူး”

အမျိုးသမီးအား သစ္စာဖောက်ခဲ့သည့် လျှို့ဝှက်ကြံစည်သူများထဲမှ တစ်ဦးဖြစ်သည့် ဘရီဂီတာ ဂတ်စ်နာကို သူ သတ်ဖြတ်ပြီးပြီ ဖြစ်သည်။ ဒေါက်တာ ဂက်စ်နာနှင့် သူ၏ ကြံရာပါများ လုပ်ဆောင်ခဲ့သမျှကို အသက်လု၍ ထုတ်ဖော်ပြောကြားခဲ့သည့် အသံများသည် ဂိုလမ်၏နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်၏။

အချို့သော သစ္စာဖောက်များသည် ဤပရာ့ဂ်မြို့တွင်ရှိနေပြီး၊ ဂိုလမ် လက်လှမ်းမီနိုင်သော နေရာများ ဖြစ်ကြလေသည်။ အချို့မှာမူ မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာများတွင် အမှောင်ထုထဲမှ နေ၍ အာဏာကို ကြိုးကိုင်နေကြသူများ ဖြစ်ကြ၏။

“အားလုံးကို အပြစ်မပေးရမချင်း ငါ မနားဘူး”

ထိုသို့လုပ်ဆောင်ရန်လည်း နည်းလမ်းတစ်ခုတည်းကိုသာ ဂိုလမ် သိထားသည်။

“သူတို့ ဖန်တီးထားသမျှ အရာအားလုံးကို ငါ ဖျက်ဆီးပစ်မယ်”