The Secret of Secrets by Dan Brown

"သူတို့ ဗုံးတစ်လုံးကို အချိန်မီ ဖြုတ်လိုက်နိုင်တယ် ဟုတ်လား"

ဟိုတယ် အိပ်ခန်းထဲတွင် အဝတ်အစားလဲနေစဉ် ရောဘတ် လန်ဒန်၏ အတွေးများမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။ သည်မနက်ခင်းတွင် ဗုံးဖြင့်တိုက်ခိုက်မှုတစ်ခုကို တကယ်ပဲ တားဆီးနိုင်ခဲ့ခြင်းအား သူ စဉ်းစားမရနိုင်သလို တံတားပေါ်က အမျိုးသမီးနှင့် ကြုံတွေ့ခဲ့ရခြင်းတို့ကိုလည်း သူ တွေးမရ ဖြစ်နေသည်။

လွန်ခဲ့သော မိနစ်ပိုင်းက လန်ဒန်သည် ချက်ခ် အရာရှိ၏ မှတ်ပုံတင်ကို အနီးကပ်ကြည့်ရှုရန် တောင်းဆိုခဲ့၏။ ထိုသူသည် စိတ်မပါလှသော်လည်း ထုတ်ပြခဲ့ရာ သူသည် အသက် ၆၁ နှစ်အရွယ် အူဇီအဖွဲ့မှ ကပ္ပတိန် အိုဒရစ် ယာနာချက်ခ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့လေသည်။ အူဇီဟူသည့် အတိုကောက်စာလုံးမှာ 'နိုင်ငံခြားဆက်ဆံရေးနှင့် သတင်းအချက်အလက်ရုံး' ကို ဆိုလိုကြောင်းနှင့် 'အူဇီ' ဟုခေါ်သော စက်သေနတ်၏ အမည်နှင့် အသံထွက်ချင်း တူကြောင်းကိုလည်း သူက လန်ဒန်အား ပြောပြခဲ့သည်။

ထိုအဖွဲ့အစည်း၏ တံဆိပ်မှာ ခြင်္သေ့ရုပ်ဖြစ်ပြီး ‘ဒေါသ သို့မဟုတ် ဘက်လိုက်မှုကင်းခြင်း’ ဟူသော စာသား ထိုးထွင်းထားသော်လည်း ကပ္ပတိန်၏ အမူအရာမှာကား ထိုနှစ်မျိုးလုံးနှင့် မလွတ်ကင်းသယောင် ဖြစ်နေ၏။

ယာနာချက်ခ်သည် လွန်ခဲ့သော ၃မိနစ်ခန့်ကတည်းက လန်ဒန်၏ အိပ်ခန်းဝတွင် ရပ်နေပြီး လန်ဒန်အား မျက်ခြေမပြတ် စောင့်ကြည့်ရင်း ဖုန်းထဲတွင် ချက်ခ်ဘာသာဖြင့် ငြင်းခုံနေပုံရလေသည်။

“ငါ ထွက်ပြေးမယ်လို့ သူ ထင်နေတာများလား”

လန်ဒန်သည် အဝတ်အစားလဲပြီးနောက် ခပ်ထူထူ ဘောင်းဘီ၊ လည်ပိတ်အင်္ကျီနှင့် ဒေးလ် တံဆိပ် ဆွယ်တာအင်္ကျီတို့ကြောင့် နွေးထွေးမှုကို စတင်ခံစားလိုက်ရသည်။ သူသည် အလှဆင် ဗီရိုပေါ်မှ မစ်ကီမောက်စ်ပုံပါသည့် ရှေးဟောင်းလက်ပတ်နာရီကို ယူ၍ ပတ်လိုက်၏။ သည်နေ့ စိတ်ကို ကြည်ကြည်လင်လင် ထားနိုင်ဖို့ တစ်ချိန်လုံး သတိပေးနေမည့် အရာတစ်ခု လိုအပ်လိမ့်မည်ဟု သူ ခံစားနေရသည်မှာ အမှန်ပင်။

“မဟုတ်ဘူး” ယာနာချက်ခ်က ဒေါသတကြီး ချက်ခ် ဘာသာဖြင့် အော်ဟစ်လိုက်သည်။ " ဒီမှာ ငါက အမိန့်ပေးရမှာကွ”

သူသည် ဖုန်းချလိုက်ပြီး လန်ဒန်ဘက်သို့ လှည့်ကာ “ခင်ဗျားရဲ့ ချူဗာဆီက ဖုန်းလာတာ။ သူ အခု အခန်းထဲကို တက်လာနေပြီ" ဟု ပြောလိုက်၏။

“ငါ့ရဲ့ ချူဗာ တဲ့လား” ။ လန်ဒန်သည် ထိုစကားလုံး၏ အဓိပ္ပာယ်ကို မသိသော်လည်း ထိုသူ ရောက်လာမည့် ကိစ္စနှင့် ပတ်သတ်ပြီး ယာနာချက်ခ် မကျေမနပ် ဖြစ်နေသည်မှာ သိသာလှပေသည်။

ယာနာချက်ခ်သည် ပိန်ရှည်သော ခန္ဓာကိုယ်ရှိပြီး အမြဲလိုလို အရှေ့သို့ ပြိုကျတော့မည့်ပုံစံမျိုးနှင့် ဖြစ်သည်။ လန်ဒန်သည် သူ့နောက်မှ လိုက်၍ ဧည့်ခန်းထဲသို့ ဝင်လာခဲ့၏။ ယာနာချက်ခ်သည်ကား ကိုယ့်အိမ်ကိုယ်ယာကဲ့သို့ပင် ဧည့်ခန်းထဲရှိ မီးလင်းဖိုကို ဖွင့်လိုက်ပြီး သားရေကုလားထိုင်တွင် ခြေထောက်ရှည်ကြီးများကို ချိတ်ကာ ထိုင်နေလိုက်သည်။

သူ ထိုင်လိုက်သည်နှင့် တပြိုင်နက် အခန်းတံခါး ဘဲလ်မြည်လာ‌လေလျှင် ယာနာချက်ခ်က အခန်းဝကို လက်ညှိုးထိုးပြရင်း "သူ့ကို ဝင်ခိုင်းလိုက်" ဟု ပြော၏။

“ငါ့ရဲ့ ချူဗာ ဆိုတာ ဘယ်သူပါလိမ့်” ဟု တွေးရင်း လန်ဒန်သည် လမ်းလျှောက်သွားကာ တံခါးကို ဖွင့်လိုက်လေသည်။

တံခါးဝတွင် အသက် ၃၀ ခန့်ရှိမည့် ခန့်ညားသော လူမည်းတစ်ဦး ရပ်နေ၏။ သူသည် လန်ဒန်နှင့် အရပ်အမောင်း တူညီပြီး ၆ ပေကျော်ကျော်ခန့် ရှိကာ၊ ကတုံးတုံးထားပြီး တောက်ပသော အပြုံးနှင့် လေး‌ထောင့်ကျကျ မျက်နှာမျိုး ရှိသူ ဖြစ်သည်။ အပြာရောင် ကုတ်၊ ပန်းရောင် ရှပ်အင်္ကျီနှင့် အစက်အပြောက်ပုံများ ပေါ်ထားသော နက်တိုင်တို့ကို သေသေသပ်သပ် ဝတ်ဆင်ထားသဖြင့် ကပ္ပတိန် ယာနာချက်ခ်နှင့် ဖုန်းထဲတွင် ငြင်းခုံနေသူထက် အမျိုးသား မော်ဒယ်လ်တစ်ဦးနှင့် ပိုတူနေသည်။

"မိုက်ကယ် ဟဲရစ်ပါ" ထိုသူက လက်ကမ်းပေးရင်း ပြောလိုက်သည်။ "ပရော်ဖက်ဆာ လန်ဒန်နဲ့ တွေ့ရတာ ဂုဏ်ယူပါတယ် ခင်ဗျာ"။ သူ၏ လေယူလေသိမ်းမှာ အမေရိကန်အသံပင် ဖြစ်၏။

"ကျေးဇူးတင်ပါတယ်" လန်ဒန်က ထိုသူ၏လက်ကို ပြန်လည်နှုတ်ဆက်ရင်း ပြောလိုက်သည်။ “ခင်ဗျားက ဘယ်သူပဲဖြစ်ဖြစ်ပေါ့လေ”

"ပထမဆုံး ကျွန်တော် တောင်းပန်ချင်ပါတယ်။ ကပ္ပတိန် ယာနာချက်ခ်အနေနဲ့ ပါမောက္ခကြီးကို မေးမြန်းမှုတွေ မလုပ်ခင် ကျွန်တော့်ရုံးကို အရင် အကြောင်းကြားသင့်တာပါ"

"ဩော်... သိပါပြီ" လန်ဒန်က ဘာမှနားမလည်ဘဲ ပြန်ပြောလိုက်သည်။ "ဒါနဲ့ ခင်ဗျားရဲ့ ရုံးက..."

ဟဲရစ်က အံ့သြသွားပုံရသည်။ "သူ ခင်ဗျားကို မပြောဘူးလား"

"မပြောဘူး၊ သူက ခင်ဗျားကို ကျွန်တော့်ရဲ့ 'ချူဗာ' လို့ပဲ ပြောတယ်"

ဟဲရစ်က မျက်မှောင်ကြုတ်လိုက်သော်လည်း အခန်းထဲသို့ ဝင်ရန် မကြိုးစားသေးပေ။ "ယာနာချက်ခ်က နောက်နေတာပါ။ 'ချူဗာ' ဆိုတာ 'ကလေးထိန်း' လို့ အဓိပ္ပာယ်ရပါတယ်။ ကျွန်တော်က အမေရိကန် သံရုံးရဲ့ ဥပဒေရေးရာ အရာရှိပါ။ ခင်ဗျားကို ကူညီဖို့ ရောက်လာတာပါ"

ဥပဒေရေးရာ အကူအညီ ရောက်လာသဖြင့် လန်ဒန် အလွန် စိတ်သက်သာရာ ရသွားသည်။ သို့သော် သံအမတ်ကြီးက ကြိုဆိုလက်ဆောင်အဖြစ် ပေးပို့ခဲ့သော ဈေးကြီးသည့် ကျူးလစ်ပန်းအိုးသည် သူ့လက်ထဲတွင် သေနှင့်ပြီးပြီကိုကား ထိုအရာရှိ မမြင်မိပါစေနှင့်ဟု ဆုတောင်းလိုက်လေသည်။

"ကျွန်တော့်ရဲ့ အလုပ်က..." ထိုအရာရှိက အသံတိုးတိုးဖြင့် ပြောသည်။ "ပြည်ပရောက် အမေရိကန် နိုင်ငံသားတစ်ဦးအနေနဲ့ ခင်ဗျားရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ပေးဖို့ပါ။ ဒီမနက်မှာ ခင်ဗျားရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ ကျွန်တော် ကြားထားပါတယ်"

လန်ဒန်က ပခုံးတွန့်ပြလိုက်သည်။ "ကပ္ပတိန် ယာနာချက်ခ်က နည်းနည်း ရိုင်းစိုင်းပေမဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်"

"ခင်ဗျားက စိတ်ထားကောင်းတာပဲ" ဟဲရစ်က တိုးတိုးလေး ပြော၏။ "ဒါပေမဲ့ ခင်ဗျားရဲ့ စေတနာကို သတိထားဖို့ ကျွန်တော် သတိပေးပါရစေ။ ကပ္ပတိန် ယာနာချက်ခ်က စေတနာကို အားနည်းချက်အဖြစ် အသုံးချတတ်တဲ့ နေရာမှာ ကျွမ်းကျင်တယ်။ ပြီးတော့ အခု အခြေအနေက... ပုံမှန်မဟုတ်ဘူးလို့ ကြားထားရတယ် မဟုတ်လား"

“ပြော မပြောချင်တော့ပါဘူးဗျာ” ဟု လန်ဒန်သည် တံတားပေါ်တွင် သူမြင်ခဲ့ရသည်များကို တွေးတောရင်း စိတ်ထဲမှ ပြောလိုက်၏။

"အကြံပေးချင်တာတစ်ခုက..." ဟဲရစ်က ထပ်ပြောသည်။ "ဒီဟိုတယ်နဲ့ ချားလ်စ်တံတား နှစ်ခုလုံးမှာ လုံခြုံရေးကင်မရာတွေ အများကြီး ရှိတယ် ဆိုတာပါပဲ။ ဆိုလိုတာကတော့ ယာနာချက်ခ်ဟာ ဘာတွေဖြစ်ခဲ့လဲဆိုတာ အသေးစိတ် သိပြီးသားဖြစ်လိမ့်မယ်။ ဒါကြောင့် အမှန်အတိုင်းပဲ ပြောပါ။ ဘာမှ မလိမ်ပါနဲ့"

"ဟဲရစ်" ဟူသော ချက်ခ်ဘာသာဖြင့် အော်ပြောလိုက်သော ယာနာချက်ခ်၏ အသံက အထဲမှ ဟိန်းထွက်လာသည်။ "ငါ စောင့်နေတယ်နော်"

"အခုပဲ လာပါပြီ” ဟု ဟဲရစ်က ပြန်လည်အော်ပြောလိုက်သည် ချက်ခ်ဘာသာ စကားမှာ အတော်လေး ကျွမ်းကျင်ပိုင်နိုင်မှု ရှိလှပေသည်။ ထို့နောက် လန်ဒန်အား စိတ်ချပါရန် အကြည့်ဖြင့် ကြည့်ကာ "သွားကြမလား" ဟု မေးလိုက်၏။

သူတို့ဝင်သွားသောအခါ ယာနာချက်ခ်မှာ မီးလင်းဖိုရှေ့တွင် ထိုင်နေပြီး ဒေသထွက် 'ပက်ထရာ' စီးကရက်ကို အေးအေးဆေးဆေး သောက်ကာ မီးခိုးများကို အပေါ်သို့ မှုတ်ထုတ်နေလေသည်။

“ဒီအခန်းက ဆေးလိပ်မသောက်ရ အခန်းပါ ဆိုမှကွာ”

"အားလုံး ထိုင်ကြ" ယာနာချက်ခ်က အမိန့်ပေးသလို ပြောရင်း စီးကရက်ပြာကို ကြမ်းပြင်ပေါ်ရှိ ပန်းအိုးထဲသို့ ခါချလိုက်၏။ "ပါမောက္ခ... ကျွန်တော်တို့ စကားဝိုင်း မစခင် ခင်ဗျားရဲ့ ဖုန်းကို ပေးထားပါ" ဟု ဆိုပြီးလျှင် ယာနာချက်ခ်သည် သူ၏ လက်ရှည်ကြီးကို ကမ်းလိုက်လေသည်။

"မဟုတ်တာ ကပ္ပတိန်" ဟဲရစ်က ကြားဖြတ်ပြော၏။ "ခင်ဗျားမှာ ဥပဒေအရ..."

"ကျွန်တော့်ဖုန်း မရှိတော့ဘူး" လန်ဒန်က ဖြတ်ပြောလိုက်သည်။ "ကျွန်တော် မြစ်ထဲမှာ ကျပျောက်သွားပြီ"

"အေးပေါ့... ပျောက်မှာပေါ့" ယာနာချက်ခ်က နှာခေါင်းရှုံ့ရင်း မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။ "ခင်ဗျားအတွက်တော့ တော်တော် အဆင်ပြေသွားတာပဲ။ ကဲ... ထိုင်ကြ"

လန်ဒန်နှင့် ဟဲရစ်တို့သည် ယာနာချက်ခ်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကြ၏။

"ပါမောက္ခ" ကပ္ပတိန်က စတင်ပြောဆိုလေသည်။ "ခင်ဗျား အဝတ်အစားလဲနေတုန်းက ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျုပ်ရဲ့ ကိုင်တွယ်ပုံကို ခင်ဗျား ဝေဖန်ခဲ့တယ်။ ဗုံးတွေ့တာနဲ့ ဟိုတယ်တစ်ခုလုံးကို ချက်ချင်း မဖယ်ရှားတာကို အံ့သြမိတယ်လို့ ခင်ဗျား ပြောခဲ့တယ်နော်"

"ကျွန်တော် အံ့သြတာကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က ခင်ဗျားရဲ့ နည်းလမ်းကို မေးခွန်းထုတ်တာ မဟုတ်..."

"မစ္စတာ ဟဲရစ်..." ယာနာချက်ခ်က အရာရှိဘက်သို့ လှည့်ပြီး စီးကရက်တစ်ချက် တစ်ချက် ထပ်ဖွာကာ ခေါ်လိုက်သည်။ "ကျုပ်တို့ရဲ့ ပါမောက္ခကို ခင်ဗျားပဲ ရှင်းပြပေးနိုင်မလား"

"ရပါတယ်" ဟဲရစ်က အေးဆေးစွာ ပြော၏။ "ဒါက မေးသင့်တဲ့ မေးခွန်းတစ်ခုပါ ဆရာ။ ကပ္ပတိန် ယာနာချက်ခ်ရဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျွန်တော် တိုက်ရိုက် မပြောနိုင်ပေမဲ့၊ သူ့ရဲ့ လုပ်ဆောင်ချက်တွေက ပုံမှန် အကြမ်းဖက်မှု တိုက်ဖျက်ရေး မဟာဗျူဟာ လုပ်ရိုးလုပ်စဥ်တွေနဲ့ ကိုက်ညီတယ်ဆိုတာကိုတော့ အတည်ပြုပေးနိုင်ပါတယ်။ လူသိရှင်ကြား ဖြစ်သွားတဲ့ တိုက်ခိုက်မှုတွေဟာ ကျရှုံးခဲ့ရင်တောင် အကြမ်းဖက်သမားတွေကို ပိုပြီး အတင့်ရဲစေပါတယ်။ ဖြစ်နိုင်ရင် အကောင်းဆုံး တုံ့ပြန်မှုကတော့ ခြိမ်းခြောက်မှုကို အသာလေး ရှင်းထုတ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ အကြမ်းဖက်သမားတွေကို ဘယ်လို အာရုံစိုက်မှုမျိုးမှ မပေးတာပါပဲ"

"ဟုတ်ကဲ့" ဟုသာဖြေရင်း လန်ဒန်သည် လူထုမသိလိုက်ဘဲ နေ့စဉ် အကြမ်းဖက်မှုပေါင်း ဘယ်နှခုကို တားဆီးနေရပါလိမ့်ဟု တွေးတောမိလိုက်သည်။

ယာနာချက်ခ်သည် သူ၏ ဒူးပေါ်သို့ တံတောင်ကို ထောက်ကာ လန်ဒန်ဘက်သို့ ကိုယ်ကိုကိုင်းလိုက်ပြီး "နောက်ထပ် မေးချင်တာများ ရှိသေးလား" ဟု မေးလိုက်သည်။

"မရှိတော့ပါဘူး ခင်ဗျာ"

"ကောင်းပြီ၊ ဒါဆို ကျုပ်မေးခွန်းဆီ သွားကြတာပေါ့... အခုထိ ခင်ဗျား ဖြေဖို့ ငြင်းနေတဲ့ မေးခွန်းတစ်ခုတည်းပဲ ကျုပ်မှာ မေးဖို့ ရှိတယ်" ဟုဆိုကာ ယာနာချက်ခ်သည် စီးကရက်ကို ထပ်ဖွာပြီး ကလေးတစ်ယောက်အား ပြောသကဲ့သို့ စကားလုံးကို ဆွဲပြောလိုက်လေသည်။ "ပါမောက္ခ... ခင်ဗျား အဲဒီဗုံးအကြောင်း ဘယ်လိုသိတာလဲ"

"ကျွန်တော် မသိပါဘူး" လန်ဒန်က ပြန်ဖြေ၏။ "ကျွန်တော်က..."

"ခင်ဗျား အရေးပေါ် ခေါင်းလောင်းကို ဆွဲခဲ့တယ်လေ"။ ယာနာချက်ခ် ဒေါသက ပေါက်ကွဲထွက်လာသည်။ "ခင်ဗျား တစ်ခုခုတော့ သိနေတာပဲ။ 'ဒါက ရှုပ်ထွေးပါတယ်' လို့ ထပ်မပြောပါနဲ့ ပါမောက္ခ။ ခင်ဗျားက နာမည်ကြီး ပညာရှင်တစ်ယောက်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကလဲ ထက်မြက်တဲ့ လူတစ်ယောက်ပါ။ ခင်ဗျားရဲ့ 'ရှုပ်ထွေးမှု' တွေကို ကျွန်တော် ကောင်းကောင်းကြီး နားလည်နိုင်ပါတယ်"

"မစ္စတာ လန်ဒန်" ဟဲရစ်က အေးဆေးစွာ ပြောလိုက်သည်။ "ဒါက ခင်ဗျားအတွက် အချိန်ကောင်းပဲ။ အမှန်အတိုင်းသာ ပြောလိုက်ပါ"

လန်ဒန်လည်း သက်ပြင်းတစ်ချက်ကို ရှိုက်လိုက်ပြီး ဧဝံဂေလိဆရာ ရှင်ယောဟန်၏ "အမှန်တရားသည် သင်တို့အား လွတ်မြောက်စေလိမ့်မည်" ဟူသော ကတိစကားသည် မှန်ကန်ပါစေသားဟုသာ ဆုတောင်းလိုက်ပါတော့သည်။