ခေတ်ရှေ့ပြေးပြီး လွတ်လပ်ပွင့်လင်းလှပါတယ်လို့ ဂုဏ်ယူတတ်ကြတဲ့ အနောက်နိုင်ငံတွေမှာတောင် ခွဲခြားဆက်ဆံခံရမှု၊ လူ့အခွင့်အရေး တန်းတူညီမျှရရေးတို့အတွက် တချို့တွေဟာ ဘဝနဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့ကြရ၊ တိုက်ပွဲဝင်နေကြရဆဲပါ။

အဲ့လို တိုက်ပွဲဝင်ခဲ့ကြရတဲ့အထဲမှာ လိင်စိတ်ခံယူမှု ကွာခြားခြင်းအပေါ် ခွဲခြားအမြတ်ထုတ်ခံရမှုကနေ ကာကွယ်ကယ်တင်ဖို့ တိုက်ပွဲဝင်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

အသားအရောင်၊ လိင်စိတ်၊ မျက်နှာသွင်ပြင်ဆိုတာတွေဟာ မွေးရာပါ ကိုယ်ပိုင်အမှတ်အသားတွေဖြစ်ပါတယ်။ ရွေးချယ်လို့မရတဲ့အရာတွေဖြစ်ပါတယ်။ လိင်တူစုံမက်တဲ့စိတ်ဆိုတာလည်း ထိုနည်းတူပါပဲ။ လုပ်ယူလို့ရော၊ ဖျောက်ဖျက်ပစ်လိုက်လို့ရော မရပါဘူး။

အသားဖြူခြင်း၊ မည်းခြင်းကြောင့် လူတစ်ယောက်ကောင်းမကောင်း မသိနိုင်သလို၊ လိင်တူ၊ လိင်ကွဲကြိုက်ခြင်းကြောင့်လည်း လူတစ်ယောက်ကို မဆုံးဖြတ်နိုင်ပါဘူး။ ဒီအချက်ကို အများစုက မသိလို့ဖြစ်စေ၊ အချို့သူတွေက သိသိရက်နဲ့ဖြစ်စေ၊ ကိုယ်နဲ့မတူကွဲပြားနေတဲ့ အုပ်စုကွဲတွေအပေါ် “ဒီလူကတော့ အသားမည်းလို့၊ ဒါမှမဟုတ် လိင်တူကြိုက်လို့၊ ဒါမှမဟုတ် အရှေ့တိုင်းသားဖြစ်နေလို့” ဆိုပြီး ဝါးလုံးရှည်နဲ့ ပတ်ရမ်းတတ်ကြတယ်။ ကြီးနိုင်ငယ်ညှဉ်း၊ အနိုင်ကျင့်တတ်ကြတယ်။

ဘာသာတရားတစ်ခုကို လူတွေကိုးကွယ်ကြတာ လမ်းညွှန်ဖို့၊ ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ကြပါတယ်။ မေရီ ဂရစ်ဖစ်သ်ဆိုတဲ့ အမေတစ်ယောက်အတွက်တော့ သူ့ရဲ့ ဘာသာတရားအပေါ် ယုံကြည်ချက်ဟာ အခြားလူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုကိုပါ တန်ဖိုးမဲ့စေခဲ့တယ်လေ။ အဲ့ဒီလူသားကလည်း အခြားသူမဟုတ်ဘဲ သူ့ရင်နှစ်သည်းချာသားလေးတဲ့။

ဘာသာတရားကိုင်းရှိုင်းတဲ့ ခရစ်ယာန်တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တဲ့ ဘော်ဘီဟာ လူပျိုဖော်ဝင်တဲ့အရွယ်မှာ မိသားစုကို သူ့ရဲ့ လိင်စိတ်ခံယူမှုအကြောင်း ထုတ်ဖော်ပြောပြဖြစ်ခဲ့ပါတယ်။ အဲ့လို ပြောပြပြီးတဲ့နောက်မှာတော့ ဘော်ဘီလေးရဲ့ ဘဝက ရှင်သန်နေရတာကိုက လောကငရဲ ပါပဲ။ အဓိကကတော့ သူ့မိခင်နဲ့ ဘုရားကျောင်းအသိုင်းအဝိုင်းရဲ့ အရောင်ဆိုးခံထားရတဲ့ ယုံကြည်ချက်တွေကြောင့်လို့ ပြောရမယ်ထင်ပါတယ်။

သားသမီးလေးယောက်မိခင် မေရီဂရစ်ဖစ်သ်ဟာ မိရိုးဖလာ ရှေးရိုးစွဲ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်သူတစ်ဦးဖြစ်ပြီး သူမရဲ့သား ဘော်ဘီရဲ့ လိင်တူချစ်ခြင်းကို ယုံကြည်ခြင်းနဲ့ ဆုတောင်းခြင်းကသာ ကုစားပေးနိုင်မယ့် အရာတစ်ခုအဖြစ် မြင်ခဲ့သူပါ။ ဘော်ဘီရဲ့ လိင်စိတ်ခံယူချက်က သူ့အမေ မေရီလို ဘာသာရေးအစွဲအလမ်းပြင်းထန်သူတွေရဲ့ အမြင်မှာတော့ ကမ္ဘာပေါ်ကို အကြွေးဆပ်ဖို့ရောက်လာတဲ့ အပြစ်သားတစ်ယောက်အဖြစ်သာ ရှုမြင်ခံခဲ့ရပါတယ်။

ဘော်ဘီဟာ လူတွေနဲ့ ရင်းနှီးဖော်ရွေပြီး ဖန်တီးနိုင်စွမ်းရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့အဖြစ်ကတော့ Gay ဖြစ်ဖို့ ရွေးချယ်ခဲ့တာမဟုတ်ဘဲ လူ့လောကထဲ ရောက်လာတယ်။ ကိုယ်ဘာမှ ထိန်းချုပ်မရတဲ့အရာတစ်ခုအပေါ် ပတ်ဝန်းကျင်ကနေ ဖယ်ကြဉ်ခံရတယ်။ အဆိုးဆုံးကတော့ နေ့တိုင်းမြင်နေရတဲ့ မိသားစုဝင်တွေရဲ့ စုတ်တသပ်သပ်နဲ့ ဝိုင်းသနားနေကြတဲ့ မျက်နှာတွေ။ ဖုံးဖိမရအောင် ပေါ်နေတဲ့ စိတ်မကောင်းဖြစ်နေတာတွေ၊ သနားကရုဏာတွေက ဘော်ဘီနဲ့ သူတို့ကို ဝေးကွာသထက် ဝေးကွာသွားစေမှန်း သူတို့မမြင်နိုင်ခဲ့ကြဘူး။

သူ့ရဲ့ဖြစ်တည်မှုကို လက်ခံမပေးနိုင်ကြတဲ့ အသိုင်းအဝိုင်းထဲမှာ ဘော်ဘီဟာ သူ့ကိုယ်သူ ချုပ်တည်းရင်း မွန်းကြပ်လာခဲ့ရတယ်။ ဖြစ်တည်မှုကို လုံးဝဥဿုံ ပယ်ရှားလို့မရတဲ့နောက်မှာတော့ ဘော်ဘီဟာ ဒီဒဏ်တွေကနေ လွတ်မြောက်ဖို့ ကိုယ့်အသက်ကို အဆုံးစီရင်ခဲ့ပါတော့တယ်။

ဒါပေမဲ့ ဒီစာအုပ်ရဲ့ အဓိကက ဘော်ဘီတစ်ယောက်တည်း မဟုတ်ပါဘူး။ သားဖြစ်သူသေဆုံးပြီးနောက် မေရီဂရစ်ဖစ်သ်ရဲ့ ပြောင်းလဲလာမှုကလည်း ဒီစာအုပ်ရဲ့ အသက်ပါ။ သားဖြစ်သူရဲ့ စျာပနပြီးတော့ “ဘာကြောင့်များ ဘုရားသခင်က သူ့သားအပေါ် မကုသပေးခဲ့တာလဲ” ဆိုတာကို သူမနှစ်ပေါင်းများစွာ ယုံကြည်လာခဲ့တဲ့ ဘာသာရေးအယူအဆတွေထဲမှာ ပြန်လည်အဖြေရှာထွက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘော်ဘီရဲ့ လိင်စိတ်ခံယူမှုအတွက် သူ့မှာ အပြစ်မရှိကြောင်း၊ သူ့ကို ပြစ်တင်ရှုတ်ချခဲ့တာဟာ မိမိကိုယ်တိုင် မှားယွင်းခဲ့ကြောင်း နားလည်လာခဲ့ပါတယ်။

အလာကောင်းပေမယ့် အခါနှောင်းသွားပြီဖြစ်တဲ့ မေရီဟာ ပိုမိုလွတ်လပ်ခေတ်မီတဲ့ ဘုရားကျောင်းအသိုင်းအဝိုင်းတွေနဲ့ အခြားမိဘတွေထံက အကူအညီရယူရင်း သားဖြစ်သူကို ဆုံးရှုံးရတဲ့ ဝမ်းနည်းမှုကို တစ်ဖက်မှာ ဖြေဆည်ဖို့ကြိုးစားရင်း၊ တစ်ဖက်မှာလည်း ဒီအမှားတွေအတွက် ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ဖို့ လုပ်ခဲ့ပါတယ်။

သူ့သားလိုမျိုး အနာဂတ်ကြယ်ပွင့်လေးတွေ မကြွေသင့်ဘဲ မကြွေရစေဖို့ဆိုတဲ့ စေတနာကို ရှေ့တန်းတင်ပြီး သူ့ကျန်ရှိတဲ့ ဘဝသက်တမ်းကို LGBTQ+ လူငယ်တွေအပေါ် နားလည်လက်ခံပေးဖို့၊ သူတို့ရဲ့ လူ့အခွင့်အရေးတွေကို လေးစားဖို့ အများပြည်သူကို အသိပညာပေးတဲ့နေရာမှာ အသုံးချခဲ့ပါတယ်။ ဒီလိုနဲ့ လူသိရှင်ကြား ဖော်ထုတ်တောင်းဆိုလာပြီး PFLAG (Parents, Families, and Friends of Lesbians and Gays) ရဲ့ တက်ကြွလှုပ်ရှားသူနဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

လူထုတွေ့ဆုံပွဲတွေ၊ မီဒီယာတွေကတစ်ဆင့် သူမရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို မျှဝေရင်း မသိနားမလည်မှုနဲ့ homophobia တွေရဲ့ ဆိုးရွားတဲ့အကျိုးဆက်တွေကို အခြားသူတွေ သတိပြုမိစေဖို့ ကြိုးပမ်းခဲ့ပါတယ်။

မူရင်းစာရေးသူ Leroy F. Aarons ဟာ သတင်းစာဆရာနဲ့ အယ်ဒီတာတစ်ဦးဖြစ်ပြီး ဘော်ဘီဂရစ်ဖစ်သ်ရဲ့ ဖြစ်ရပ်ကို သတင်းကနေတဆင့် သိရှိခဲ့ပါတယ်။ အထူးသဖြင့် သားဖြစ်သူဆုံးရှုံးပြီးနောက် မေရီဂရစ်ဖစ်သ်ရဲ့ ပြောင်းလဲလာမှုက သူ့ကို စိတ်ဝင်စားစေခဲ့ပြီး၊ အဲ့ဒီဖြစ်ရပ်ကို အသေးစိတ်လေ့လာကာ ဒီစာအုပ်ကို ရေးသားဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီစာအုပ်ကနေ မသိနားလည်ခြင်းရဲ့ ဆိုးကျိုးနဲ့ homophobia ရဲ့ အကျိုးဆက်တွေကို ပြောပြထားသလို၊ လူတွေရဲ့ အမြင်ပြောင်းလဲနိုင်မှု၊ နားလည်မှုနဲ့ လက်ခံပေးခြင်းရဲ့ အရေးပါမှုကိုလည်း ပြန်လည်စဉ်းစားစေပါတယ်။ ဒီအကြောင်းအရာဟာ အနောက်နိုင်ငံကအကြောင်း၊ ၂၀ ရာစုနှောင်းပိုင်းမှာ ဖြစ်ခဲ့တာမှန်ပေမယ့် လူသားတွေရှိရာနေရာတိုင်းမှာ ခွဲခြားဆက်ဆံခံရမှုတွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲပါပဲ။

ဘော်ဘီ ဂရစ်ဖစ်သ်ဟာ ကျွန်တော်တို့တတွေ မကာကွယ်ပေးနိုင်ခဲ့တဲ့ များစွာသော LGBTQ+ လူငယ်လေးတွေထဲက တစ်ယောက်ပါပဲ။

ဘာသာရေးကို ခုတုံးလုပ်ပြီး လိင်စိတ်ခံယူမှုကွဲပြားသူတွေကို အပြစ်သားတွေအဖြစ် သတ်မှတ်ကာ ဖယ်ကြဉ်၊ ခွဲခြားဆက်ဆံနေကြတဲ့ homophobia တွေ၊ အမျိုးပျောက်၊ သာသနာပျောက်မှာ စိုးကြောက်နေတဲ့ အစွန်းရောက်တွေရဲ့ လက်ချက်ကြောင့် ဘဝကို စတေးသွားကြသူတွေ၊ မဟုတ်ရင်လည်း ရှင်လျက်နဲ့ ဘဝသေသွားရသူတွေကို ကျွန်တော်တို့ လက်လှမ်းမီပြီး အခွင့်သင့်ခဲ့ရင်တော့ ကာကွယ်သင့်ကာကွယ်၊ ဖေးမသင့်ဖေးမခြင်းဖြင့် လူသားချင်းစာနာထောက်ထားမှုကို ပြသသင့်ပါတယ်ဆိုတာကို ဒီစာအုပ်က သက်သေထူလျက်ရှိနေပါတယ်။

📚ဆူဆိုက်ဒိုင်ယာရီ

📖memoir,non-fiction

📘Prayers for Bobby by Leroy Aarons

အကယ်၍ ဒီreviewကိုနှစ်သက်သဘောကျမိတယ်ဆို နောက်ထပ်များစွာသော စာအုပ်အညွှန်းတွေကို pageမှာ ဝင်ဖတ်ကြည့်လှည့်ပါခင်ဗျာ🙏🏻

#PrayersForBobby #LeroyAarons #သက်ပိုင် #ဆူဆိုက်ဒိုင်ယာရီ #Youths_book_reflections #bookreview