ယွီဟွာရဲ့ သက်ရှင်နေ ကို ဖတ်ပြီးရင် ‘ဟူး’ခနဲသက်ပြင်းချမိလိုက်ကြမယ်ထင်တယ်။
“သက်ရှင်နေ”…
အသက်ရှင်နေရခြင်းရဲ့ အဓိပ္ပာယ်ကို လူတိုင်း တစ်ခါလောက်တော့ တွေးမိဖူးကြတယ်။ တချို့က လေ့လာကြည့်ကြတယ်။ ကိုယ့်အတွက် သီးသန့်ကိုယ်ပိုင်အဖြေတွေနဲ့ ဒီဘဝကို အကောင်းဆုံးပုံစံနဲ့ ကြိုးစားရှင်သန်နေထိုင်ကြတယ်။
ယွီဟွာကတော့ ဒီလိုပြောတယ်။
“People live for the sake of living itself, not for anything outside of living itself.”
“တကယ်တော့ လူသည် သက်ရှင်နေဖို့အတွက်သာ သက်ရှင်နေခြင်း ဖြစ်၏၊ သက်ရှင်နေဖို့အပြင်က ဖြစ်သော အခြားမည်သည့်အရာအတွက်မျှ သက်ရှင်နေခြင်း မဟုတ်ချေ။”
~ သက်ရှင်နေ၊ တော်ကောင်းမင်း၏ အမှာစာမှ
တချို့က လူတစ်ယောက် အသက်ဆက်ရှင်ဖို့ စိတ်သတ္တိလိုတယ်ဆိုကြတယ်။ မျှော်လင့်ချက်သော်လည်းကောင်း၊ သံယောဇဉ်သော်လည်းကောင်း ရှိရမယ်။ တချို့က ကိုယ်ခန္ဓာအတွက် အခြေခံလိုအပ်ချက်တွေ ရှိမှဖြစ်မယ်တဲ့။ ယွီဟွာကတော့ သူ့ဒဿနကို ဖူကွေ့နေရာကနေ ပြောပြထားတယ်။
ဖူကွေ့က တကယ်ရှိခဲ့လားဆိုတဲ့ မေးခွန်းအတွက်တော့ ယွီဟွာက ဖူကွေ့လိုလူတွေ လက်တွေ့မှာ ထောင်သောင်းမက ရှိနိုင်သလို၊ သူကိုယ်တိုင်လည်း အပါအဝင်ဖြစ်နိုင်တယ်လို့ အင်တာဗျူးမှာ ပြောခဲ့တယ်။
ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ လူဖြစ်လာတဲ့ ယွီဟွာ။ အဖေရော၊ အမေရောက ဆေးလောကသားတွေ။ သူ့ငယ်ဘဝက ဆေးရုံဝင်းထဲမှာ ကြီးပြင်းလာခဲ့ရတယ်။ ဒီတော့ ဆေးရုံနံ့တို့၊ သွေးတို့၊ အနိဋ္ဌာရုံမြင်ကွင်းတွေဆိုတာ သူ့အတွက် မဆန်းတော့ဘူး။ တချို့ညတွေဆို စူးစူးဝါးဝါး အော်ငိုသံတွေကြောင့် လန့်နိုးခဲ့ရတာတွေတောင် ရှိတယ်။ အဲ့ဒီလို ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကို သူ့စာပေလက်ရာတွေမှာ ကျွန်တော်တို့ ခံစားလို့ရတယ်။ စာပေဝေဖန်ရေးဆရာတွေကဆို အသေဆိုးနဲ့ သေကြရတဲ့ သူ့ဇာတ်ကောင်တွေကို စာရင်းပြုလို့ရတဲ့အထိ သွေးအေးရက်စက်မှုက အတိုင်းသားပါတယ်။
ဒီစာအုပ်လေးကို ဖတ်တော့ တရုတ်ပုံပြင်တစ်ခုကို သွားသတိရတယ်။
တရုတ်ရှေးဟောင်းပုံပြင်တစ်ပုဒ်မှာ နယ်စပ်က အဘိုးအိုတစ်ယောက်ရဲ့ မြင်းပျောက်သွားတဲ့အခါ လူတွေက သနားကြတယ်။ မကြာပါဘူး၊ ပျောက်သွားတဲ့မြင်းက မြင်းကောင်းတွေကိုပါ ခေါ်လာပြန်တယ်။ သို့ပေမယ့် အဲဒီမြင်းတွေထဲက တစ်ကောင်ကို စီးရင်းပဲ သူ့သား ခြေထောက်ကျိုးသွားပြန်တယ်။ အဲဒါကိုလည်း အဆိုးလို့ ထင်နေချိန်မှာ စစ်ပွဲဖြစ်ပြီး ကျန်းမာတဲ့လူငယ်တိုင်း စစ်မှုထမ်းရတဲ့အခါ ခြေထောက်မကောင်းတဲ့သားက စစ်မထွက်ရဘဲ အသက်ရှင်ကျန်ခဲ့တယ်။ “ကံထမ်းလာတာ မမြင်ရ၊ လှံထမ်းလာတာမြင်ရ” ဆိုသလိုပေါ့။
စာရေးဆရာ ယွီဟွာက ဒီဝတ္ထုကို ပါးစပ်ရာဇဝင်တစ်ခုပုံစံ၊ ကျေးလက်တေးတွေကို လေ့လာစုဆောင်းတဲ့သူတစ်ယောက်က အဘိုးအိုရဲ့ တေးသီချင်းလေးကို စိတ်ဝင်စားပြီး အနီးကပ်လေ့လာကြည့်တာလေးနဲ့ ဇာတ်လမ်းကို စထားတယ်။
“ရှင်ဘုရင်က ကျုပ်ကို သမက်တော်ဖို့ခေါ်
ခရီးလမ်းက ဝေးလို့ ကျုပ် မသွားသနော်”
နွားအိုနဲ့ လယ်ထွန်နေတဲ့ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေတဲ့ တရုတ်အဘိုးအိုတစ်ယောက်ရဲ့ ကျေးလက်ရိုးရာတေး ဟစ်ဆိုသံ။
အဲ့ဒီအဘိုးအိုနာမည်က ဖူကွေ့။ သူဟာ လယ်သမားအိုကြီးတစ်ယောက်အသွင်ဆောင်ထားတဲ့ ရာစုနှစ်တစ်ခု။ ထိုးထောင်ထကြွလာလိုက်၊ မှေးမှိန်သွားလိုက်၊ ပြန်ခေါင်းထောင်လာကြပြန်တဲ့ အလံနီတွေ၊ အလံမျိုးစုံတွေ၊ စစ်ပွဲတွေ၊ အငတ်ဘေးတွေ၊ ကပ်ဆိုက်တာတွေနဲ့ ခေတ်တစ်ခုပြီးတစ်ခု ကြားမှာ သူ့နာမည်လေးဟာ လွင့်မျောလို့ နေခဲ့ရတယ်။
ဖူကွေ့က သူ့ဘဝဖြတ်သန်းပုံကို ရှင်းရှင်းလင်းလင်း မှတ်မိပြီး ဝေဝေဆာဆာ စီကာပတ်ကုံး ပြောပြနိုင်တဲ့သူမျိုး။ အတိတ်ပုံရိပ်ကို မြင်နိုင်တဲ့သူ။ ငယ်စဉ်တောင်ကျေးကလေးဘဝကနေ ဘယ်လိုဘယ်ပုံ အိုစာသွားတယ်ဆိုတာကို အသေးစိတ် မှတ်မိနေတဲ့သူ။
များသောအားဖြင့် ဒီလိုသက်ကြီးရွယ်အိုတွေကို တွေ့ရခဲတယ်။ ခက်ခဲကြမ်းတမ်းတဲ့ဘဝက သူတို့ရဲ့ မှတ်ဉာဏ်ကို ဖျက်ဆီးပစ်လိုက်တာကြောင့် အတိတ်ကြောင်းကို ပြောရင် မရိုးသားကြတော့ဘူး။ ဖူကွေ့ကတော့ အဲ့လို လုံးဝမဟုတ်။ သူ့ဘဝအကြောင်းကို ရိုးရိုးသားသား ဖွင့်ဟပြီး အဲ့ဒီဘဝကို ထပ်ပြန်တလဲလဲ နေကြည့်တယ်။ စားမြုံ့ပြန်တယ်။
ဒီဝတ္ထုထဲမှာ တရုတ်ပြည်ရဲ့ ပြည်တွင်းစစ်၊မြေယာပြုပြင်ပြောင်းလဲရေး၊ ခုန်ပျံကျော်လွှားစီမံကိန်း၊ အငတ်ဘေးကြီး၊ ယဉ်ကျေးမှုတော်လှန်ရေးမှသည် တံခါးဖွင့်ဝါဒ ကျင့်သုံးပြီး ပြုပြင်ပြောင်းလဲရေး စတင်ခါစကာလအထိ တရုတ်ပြည်ကြီးရဲ့ ခေတ်
ရေစီးကြောင်းကိုလည်း ဖူကွေ့ဇာတ်လမ်းနဲ့ တို့ထိထားသေးတယ်။ ခေတ်တိုင်း၊ သမိုင်းဖြစ်ရပ်တစ်ခုစီတိုင်းမှာ သူ့ဘဝဟာ လောကဓံရှစ်ပါးလုံးနဲ့ ရင်ဆိုင်ရတယ်၊ လက်ခံရတယ်။
သူ့မိဘ၊ သူ့သွေးသား၊ သူ့ဇနီး၊ သူ့အဖော်တွေ သူ့မျက်စိရှေ့တင် ကြွေပျောက်သွားတယ်။ သူ့ရန်သူတွေ၊ သူ့မိတ်ဆွေတွေရဲ့ အဆုံးသတ်ကို သူမြင်ရတယ်။ သူကတော့ ဆက်လက်အသက်ရှင်တယ်။
လောကဓံဟာ လှိုင်းဆိုရင် သူဟာ မတွန်းကန်၊ မထိုးလှန်ဘဲ အလိုက်သင့်သာ နေလိုက်တယ်။ ဘဝကို ရှိတာလေးနဲ့ သူ့လိုဘဝတူ နွားအိုကြီးတစ်ကောင်နဲ့ လယ်စိုက်စားရင်း ပျော်ပျော်ကြီး ကျေကျေနပ်နပ်ဖြတ်သန်းတယ်။
အဖြစ်အပျက်တွေကို မြေစာပင်ပြည်သူတစ်ယောက်အမြင်နဲ့ ဖူကွေ့မြင်တယ်၊ ပါဝင်ခံစားတယ်။ တရုတ်ပြည်ကြီးရဲ့ ဆယ်စုနှစ်များစွာချီတဲ့ အတိတ်ပုံရိပ်တွေကို သူပြောပြတဲ့ သူ့ဘဝဇာတ်လမ်းလေးထဲကနေ ကျွန်တော်တို့ကို ဝင်ခံစားစေတယ်။
သူခံယူထားတဲ့ အသက်ရှင်နေရခြင်းရဲ့ အဓိပ္ပာယ်ကိုရော ကျွန်တော်တို့ လက်ခံနိုင်ကြရဲ့လား။ ဖူကွေ့တွေ ကျွန်တော်တို့အနားမှာလည်း ရှိကြမှာပါပဲ။ သူတို့တွေ မွေးဖွားလာကြတယ်။ သုခ၊ ဒုက္ခမျိုးစုံ ကြုံပြီး ဒူးမထောက်၊ လက်မမြှောက်ဘဲ ဘဝကို တရွေ့ရွေ့ ရှေ့ဆက်သွားရင်း ဆက်လက်အသက်ရှင်နေကြမှာ သေချာပါတယ်။
တရုတ်ဘာသာပြန်တွေမှာတော့ ဆရာတော်ကောင်းမင်းက ကျွန်တော်အကြိုက်ဆုံးတွေထဲကတစ်ယောက်ပါပဲ။ မူရင်းစာရေးဆရာရဲ့ လေသံ၊ အထာကို ကောင်းကောင်းဖမ်းနိုင်တယ်လို့မြင်ပါတယ်ခင်ဗျာ။
📚 သက်ရှင်နေ
✍️ တော်ကောင်းမင်း
📝 Historical Fiction
📘 To Live — Yu Hua
အကယ်၍ ဒီreviewကိုနှစ်သက်သဘောကျမိတယ်ဆို နောက်ထပ်များစွာသော စာအုပ်အညွှန်းတွေကို pageမှာ ဝင်ဖတ်ကြည့်လှည့်ပါခင်ဗျာ🙏🏻
https://www.facebook.com/share/193vBMwQ4s/?mibextid=wwXIfr👈
#bookreview #Youths_book_reflections #ယွီဟွာ #YuHua #ChineseLiterature #ToLive #သက်ရှင်နေ #ကံ့ကော်ဝတ်ရည်
Review By Youths Book Reflections

💬 Comment / Review
Comment များကို ရယူနေပါသည်…