“ကျွန်တော်သေချာစဉ်းစားပြီးပါပြီ...ကျွန်တော်သေမှာကြောက်ပါတယ်..ဒါပေမယ့်.. စံဖဲဟာ ရူးနေလို့သာ အစိုးရကို ပုန်ကန်မိတာဆိုပြီး နောက်လူတွေ အသိထဲဝင်သွားမှာကို ပိုကြောက်တယ်...အညာသူပုန်တွေမှာ သတ္တိတင်မဟုတ်ဘူး။ သိက္ခာပါရှိတယ်ဗျနော့”
~The Rebels Of Anyar 1920s၊ခက်ဇော်
စံဖဲလို့ဆိုတဲ့ နာမည်က ကျွန်တော်တို့မြန်မာတွေနဲ့ မစိမ်းလှတဲ့နာမည်တစ်ခုပါ။ ပါးစပ်ရာဇဝင်လို့ပဲ ထင်ထင် ပုံပြင်အနေနဲ့ပဲပြောပြော ၁၉၂၀ နှစ်ကာလများဆီမှာတော့ အညာဒေသ မြန်မာပြည်အလယ်ပိုင်းမှာ နယ်ပိုင်မြို့ပိုင်ရွာပိုင်တွေ ခေါင်းခဲခဲ့ရတဲ့ စံဖဲကတော့ တကယ်ရှိခဲ့ပါတယ်။
ဘိုစကားတတ်တယ်။ အင်္ဂလိပ်ကျောင်းမထားနိုင်ကြတဲ့ခေတ်မှာ ခုနစ်တန်းအောင်တယ်။ ချန်ပီယံ မကြည်အောင်ရဲ့ ကိုလေအိုး သီချင်းထဲကလို
သားရေကမ္ပဏီ မန်နေဂျာ မစ္စတာ တရေ့စ်ရဲ့မွေးစားသား။ အမဲလိုက်ရင်း သင်ပေးထားတော့ သေနတ်ပစ်ရာမှာလည်း အင်မတန်လက်ဖြောင့်တယ်။ မျက်နှာဖြူအရာရှိတွေကြားဝင်ဆံ့တယ်။ အရေးပေးခြင်းခံရသူလည်းဖြစ်တယ်။ အညွန့်တလူလူတက်နေတဲ့ သူ့ဘဝက ရွယ်တူတွေအတွက် အားကျမနာလိုစရာ။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့။
ကျောင်းသားလို့ဆိုတဲ့အတိုင်း လူကောင်းသေးသေး၊ အသားဖြူဖြူ၊ ပိန်လှီလှတဲ့ ခန္ဓာကိုယ်နဲ့ လူကို မှုံတေတေကြည့်နေတတ်တဲ့ စံဖဲ။ သူ့ကို ဘယ်အကြောင်းတရားကများ ဓားပြအဖြစ်တွန်းပို့ခဲ့တာလဲ။ လက်ညှိုးထိုးပြရရင်တော့ စိတ္တဇနာမ် တဏှာပေမအရင်းတည်တဲ့ အချစ်ဆိုတာကိုပဲ ပြရပါလိမ့်မယ်။
မျက်နှာဖြူအသိုင်းအဝိုင်းထဲမှာ လူတွင်ကျယ်လုပ်နေတဲ့ စံဖဲ (သို့) မောင်မောင် က တခေါက်မှာတော့ သူ့မွေးရပ်ရွာကို အမေနဲ့ရွာကို လွမ်းလို့ ပြန်လာတယ်။ အဲ့ချိန်မှာ မဲတောရွာသူကြီး ရာပိုင်တို့က နာမည်ဆိုးနဲ့ကျော်ကြားနေချိန်၊ အထူးသဖြင့် သူ့သားသမီးတွေဖြစ်ကြတဲ့ စစ်ပြန်ငပုနဲ့ မြနုတို့ခေတ်ပေါ့။ ရွာကိုရောက်တယ်ဆိုရင်ပဲ လှသလောက်စွာတဲ့ မြနုကိုတွေ့ချင်လို့ဆိုပြီး သူကြီးအိမ်ဆီ သွားစပ်စုရင်း မသိန်းရင်လို့ ခေါ်တဲ့မိန်းမပျိုလေးရဲ့အလှမှာ မေ့မြောပြီး တဒင်္ဂလေးအတွင်းမှာ အချစ်ရဲ့ကျေးကျွန်ဘဝကိုရောက်သွားတယ်။
ရာဇဝင်တွင်မယ့်ချစ်သူရဲကောင်းကြီး တစ်ယောက်ရဲ့ ဇာတ်လမ်းကတော့ ဒီလိုနည်းနဲ့ အစပျိုးလာခဲ့ပါတော့တယ်။ သူတွေ့ခဲ့တာက သူကြီးသမီး မြနုမဟုတ်ဘဲ သူကြီးရာပိုင် မတရားသိမ်းထားပြီး သူ့သားငပု ခြေတော်တင်နေတဲ့ ကွမ်းတောင်ကိုင်မလေး မသိန်းရင်ဖြစ်နေတယ်။ ကျောထောက်နောက်ခံကလည်း တောင့်နေတော့ ဘာဘာညာညာမစဉ်းစားဘဲ မိန်းကလေးကို သူ့မွေးစားအဖေဆီ ခိုးပြေးလာခဲ့တယ်။
ရည်းစားလူလု အူနုကျွဲခတ် ခံလိုက်ရတဲ့ မောင်နှမနှစ်ယောက်ရဲ့ ကလဲ့စားကြောင့် သူ့မွေးစားအဖေ မကြည့်ရှုနိုင်တဲ့အခိုက်အတန့်ကလေးမှာ ဇာတ်လိုက်ကျော် စံဖဲ ထောင်၆လကျခံလိုက်ရတယ်။ ခြောက်လအတွင်းမှာ အရာအားလုံးက ဇောက်ထိုးမှောက်ခုံတွေဖြစ်လို့။ လွတ်လာပြန်ရင်လည်း အက်တူးခြေချုပ်စာရင်းနဲ့ နယ်နှင်ဒဏ်က ခံရပြန်တယ်။
တခေါက်မှာတော့ နွားပွဲလောင်းရင်း သာဂရရွာမှာ စံဖဲ ခြေချုပ်ဥပဒေ ဖောက်ဖျက်မှုနဲ့ အရေးယူခံရ ပါလာလေရော။ ရာဇဝတ်အုပ်ရဲ့ တရားလွန်စော်ကားတဲ့ အပြုအမူတွေကြောင့် စံဖဲ စိတ်တစ်ချက်လွတ်သွားပြီး ရာဇဝတ်အုပ်တင်မက ရဲတစ်ယောက်ကိုပါ သတ်၊ တောပုန်းကြီးဘွဲ့ကို ခံယူလိုက်တော့တယ်။
တောပုန်းကြီး စံဖဲ ဘဝမှာ သူဟာ မြန်မာပြည်အလယ်ပိုင်းရဲ့ ရော်ဘင်ဟုဒ်လို့တောင် ဆိုကြတယ်။ စံဖဲ သတင်းကြားရင် မရှိနွမ်းပါးဆင်းရဲသားတွေ ပျော်ကြတယ်၊ ချစ်တီးတွေနဲ့ပေါင်းစားပြီး ကိုယ့်အမျိုးချင်းဂုတ်သွေးစုပ်ချင်ကြတဲ့ မြေရှင်ကြီးတွေ ရင်တုန်ကြရတယ်။
သူ့လက်စားချေ စီမံကိန်းကိုလည်း အခွင့်ရတိုင်း သားရဲချောင်းချောင်းနေခဲ့တယ်။ ရောင်တော်ပြန်ရောလွှတ်တဲ့ သူပုန်တွေကိုလည်း သူ့ နာမည်သိက္ခာ မထိခိုက်ရလေအောင် နှိမ်နင်းတန်နှိမ်နင်း၊ ပူးပေါင်းခိုင်းတန်ခိုင်း လုပ်ခဲ့ပြီး ဆင်းရဲသားများစွာရဲ့ သူရဲကောင်းကြီးဖြစ်ခဲ့တယ်။
တစ်ကိုယ်တော် လှုပ်ရှားနေတာမဟုတ်တဲ့အတွက် အများသဘော အဖွဲ့အစည်းသဘောအတိုင်း ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဆုံးဖြတ်ချက်တွေချပြီး ပြန်လမ်းမရှိတော့ဘဝကိုရွေးချယ်လိုက်တော့တယ်။ သူ့ဂုဏ်သတင်းဟာ သာစည်နယ်တစ်ဝိုက်တင်မက သဲတော၊ဝမ်းတွင်း၊မြင်းခြံနယ်တကြောသာမက မန္တလေးတတိုင်းလုံး ကျော်စောတယ်။ ရတနာပုံ၊ကြေးမုံ စသဖြင့် တိုင်းကျော်ပြည်ကျော် သတင်းစာတွေရဲ့ မျက်နှာဖုံးစာလုံးမည်းကြီးတွေကြောင့်လည်းတိုင်းသိပြည်သိ တောပုန်းကြီးဖြစ်လာခဲ့တယ်။
ပညာတတ်တွေ၊ ကြံရည်ဖန်ရည် ရှိသူတွေစုထားတဲ့ စံဖဲတို့တပ်ဟာ နည်းစနစ်ကျပြီး နေမဝင်အင်ပါယာလို့ ကြွေးကြော်ထားတဲ့ ကိုလိုနီအစိုးရအရာရှိတွေ၊ စစ်တပ်တွေ၊ ပုလိပ်တွေကို လက်တစ်လုံးခြား လှည့်ပတ်ကစားရင်း လက်နက်မပြည့်စုံ၊ လူအင်အား မမျှမတနဲ့ ကိုးလနီးပါး အကောင်းတကာ့အကောင်းဆုံး စုံထောက်ပုလိပ်တွေ စစ်ပွဲအတွေ့အကြုံများတဲ့တပ်တွေကို ဗျူဟာခင်းပြီး အကွက်ကျကျအာခံတော်လှန်ခဲ့ကြတယ်။
မြန်မာပြည်မှာ ဗြိတိသျှအုပ်စိုးစဉ်ကာလ ဆုတော်ငွေပေးပြီး ဖမ်းဝရမ်းထုတ်ခံရသူ သုံးဦးသာရှိခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာစံ၊ စံဖဲ။ အဲ့ထဲမှာ ပထမဆုံး ဖမ်းဝရမ်းထုတ်ခံရသူက စံဖဲ ပဲ။ ရပ်တိုင်းရွာတိုင်းရဲ့ ထောက်ခံအားပေးမှုရထားတဲ့ စံဖဲအတွက် နေစရာ ပုန်းစရာမရှားခဲ့၊ ဒီလိုနည်းနဲ့ ထိပ်တန်းဆားပုလင်းတွေကို ဂုဏ်သိက္ခာကျအောင်လုပ်ပြီး အမြင့်ဆုံး နိုင်ငံဝန်ထမ်းလစာအဖြစ် သတ်မှတ်လို့ရတဲ့ ဝန်ကြီးတစ်ဦးလစာနဲ့ညီတဲ့ ဆုတော်ငွေငါးထောင် မောင်းခတ်ကြေညာရတဲ့အထိရောက်ခဲ့ရတယ်။ အခြားတစ်ဖက်မှာတော့ သူ့ကိုအကူအညီပေးတယ်လို့ သံသယရှိ သတင်းရတဲ့ရွာတိုင်းကို လူချောဆွဲ လှည်းချောဆွဲ ဒဏ်ကြေးတပ်ခြင်း စသဖြင့် နည်းမျိုးစုံသုံးပြီး စံဖဲ ကိုအသေရရ၊အရှင်ရရ လိုက်ရှာဖမ်းကြတော့တယ်။
သူ့ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းကဆို ပုံတောင်နိုင်မော်ကွန်းဋီကာ၊ ဘွိုင်းကော်ဋီကာစသည့် လေးချိုးကြီးများနဲ့ပါ တောပုန်းကြီးစံဖဲကို ချီးမွမ်းဂုဏ်တင်ခဲ့ပြီး တစ်ဖက်မှာလည်း နယ်ချဲ့ကို ပီပီပြင်ပြင် ကလောင်စွမ်းပြ ထိုးနှက်ခဲ့တယ်။ စံဖဲကို ဖမ်းမိတယ်ဆိုရာမှာလည်းငှက်ဖျားရောဂါကြောင့် ကိုယ့်အတွက်ကိုယ်အနိုင်နိုင်ဖြစ်နေတဲ့ဘဝရောက်မှ လက်ရဖမ်းမိကြခြင်းသာဖြစ်ပါတယ်။ မြင်းခြံထောင်မှာ အချုပ်ခံရတော့ သခင်ကိုယ်တော်မှိုင်းတို့အဖွဲ့က မရရတဲ့နည်းနဲ့ စံဖဲ ကို ကယ်ထုတ်ကြဖို့စီစဉ်ပေမယ့် စံဖဲကတော့ အပြတ်ငြင်းပြီး မပူးပေါင်းပေးခဲ့ဘူး။
ဒီလိုနဲ့ပဲ ဒိုင်ယာရီရေးမပြတ်တဲ့ စံဖဲ၊ အရှောင်အတိမ်းရုပ်ဖျက် အင်မတန်ကောင်းလှပါတယ်ဆိုတဲ့ စံဖဲ၊ မြန်မာပြည်ရဲ့ရော်ဘင်ဟုဒ်လို့ တင်စားကြရတဲ့ စံဖဲ၊ အင်အားချင်းမမျှတဲ့ နယ်ချဲ့ကို ဗျူဟာပရိယာယ်ဆင်ပြီး ကိုးလနီးပါး ဆန့်ကျင်တိုက်ခိုက်ပြီး မျက်နှာဖြူတွေကို နားရွက်တံတွေးစွတ်ခဲ့တဲ့စံဖဲ၊ ကောင်းသူကယ် မကောင်းသူပယ်မယ့် စံဖဲ၊ အညာသားသတ္တိဆိုတာ ဒါမျိုးကွလို့ ကြုံးဝါးပြခဲ့တဲ့ ‘စံဖဲ’ တစ်ခေတ်ကတော့ နိဂုံးကမ္ပတ် တစ်ခန်းရပ်လို့အဆုံးသတ်ခဲ့ရပါတော့တယ်။
📚The Rebels of Anyar 1920s
📘Historical Fiction, Biographical Fiction
#youthsbookreflections #bookreview #ခက်ဇော် #khet_zaw #စံဖဲ #therebelsofanyar1920s
Review By Youths Book Reflections

💬 Comment / Review
Comment များကို ရယူနေပါသည်…