The Secret of Secret

အယ်ဒီတာ ဂျိုနပ်စ် ဖော့ခ်မန်း သည် သူ၏ ကွန်ပျူတာ ပိုပြီး မြန်မြန် ပွင့်လာစေရန် မောက်စ်ကို အထပ်ထပ် နှိပ်နေသည်။ ကက်သရင်း ‌ဆော်လမွန်၏ သီးသန့် ‘အက်စ်အာရ်ဒက်ဗလျူ’ ကို ဝင်ရောက်ကြည့်ရှုနိုင်ခွင့်မှာ ကမ္ဘာပေါ်တွင် လူ ၂ ဦးတည်းတွင်သာ ရှိပြီး ကက်သရင်းကိုယ်တိုင်နှင့် ယနေ့မွန်းလွဲပိုင်းမှစ၍ ခွင့်ပြုချက်ရခဲ့သော ဖော့ခ်မန်းပင် ဖြစ်၏။

“ပြင်ပက လူတစ်ယောက်က ဘယ်လိုလုပ် ဝင်ရောက်ခွင့် ရသွားတာလဲ”

ဖော့ခ်မန်းသည် ကက်သရင်း၏ သိပ္ပံနည်းကျ သုတေသနများ၊ မှတ်စုများနှင့် အရေးကြီးဆုံးဖြစ်သော စာမူကိုယ်တိုင် ဘာတွေများ ပျက်စီးသွားပြီလဲဟု တွေးတောရင်း ဖျားချင်သလိုလိုပင် ဖြစ်လာသည်။ သူသည် ကွန်ပျူတာပွင့်လာရန် စောင့်ဆိုင်းရင်း "မြန်မြန်လုပ်စမ်းပါ" ဟု စိတ်ထဲမှ တိုက်တွန်းနေမိ၏။

သူ့နောက်ရှိ ဒေတာနည်းပညာရှင် လူငယ်လေးသည်လည်း ဖော့ခ်မန်း၏ ပခုံးကိုကျော်၍ စိုးရိမ်တကြီး ကြည့်နေလေသည်။ ထိုလူငယ်၏ တိုးတိုးလေး ညည်းတွားနေသံက ဖော့ခ်မန်းကို ပို၍ စိတ်လှုပ်ရှားစေသည်မှာ အမှန်ပင်။ ကွန်ပျူတာ ပွင့်လာသောအခါ ဖော့ခ်မန်းသည် ဖိုင်တွဲဆီသို့ သွားကာ ‘ဆော်လမွန် - အမည်မပေးရသေးသော စာမူ’ ဟု အဓိပ္ပါယ်ရသော ‘အက်စ်ယူအမ်’ အမည်ပေးထားသည့် ဆာဗာအပိုင်းကို နှိပ်လိုက်လေသည်။

ဖော့ခ်မန်းသည် ကက်သရင်း၏ လျှို့ဝှက် စကားဝှက်ကုဒ်ကို ကတ်ပြားတစ်ခုပေါ်တွင် ရေးသား၍ အံဆွဲထဲတွင် လုံခြုံစွာ သိမ်းထားခဲ့သော်လည်း၊ ၎င်းကို မယူမီမှာပင် ကွန်ပျူတာထံမှ ပြတ်တောင်း ပြတ်တောင်းဖြင့် အသံ ၃ချက် မြည်လာသည်ကို ကြားလိုက်ရသည်။ ကက်သရင်း၏ အကောင့်သို့ ဝင်နိုင်ရန် မျှော်လင့်ထားသော်လည်း အနီရောင်ဖြင့် ပြထားသော ‘မှားယွင်းနေပါသည်’ ဟူသည့် စာသားတစ်ခုကိုသာ တွေ့လိုက်ရ၏။

“ဆာဗာအား ရှာမတွေ့ပါ”

"ဒါက ဘယ်လို..."။ အက်စ်ယူအမ် ပုံလေးကို ဖော့ခ်မန်း ထပ်နှိပ်လိုက်သည်။ အသံတို ၃ချက် ထပ်ထွက်လာပြီး ထိုစာသားပင် ပြန်ပေါ်လာ၏။ “ရှာမတွေ့ဘူး တဲ့လား” ။ ဖော့ခ်မန်းသည် အဲလက်စ်ဘက်သို့ လှည့်ကာ "ဆာဗာအပိုင်း တစ်ခုလုံး... ပျောက်သွားတာလား" ဟု မေးလိုက်သည်။ ယနေ့မွန်းလွဲပိုင်းက ကတ်သရင်း၏ လျှို့ဝှက်ကုဒ် စမ်းသပ်ကြည့်စဉ်ကပင် ရှိနေသေးသောကြောင့် ဖြစ်၏။ “ဘယ်ရောက်သွားတာလဲကွာ”

နည်းပညာရှင်လေးသည် မျက်လုံးအပြူးသားဖြင့် ဖော့ခ်မန်းဘေးတွင် ဒူးထောက်ထိုင်ကာ ကီးဘုတ်နှင့် မောက်စ်ကို ကိုင်တွယ်လိုက်သည်။ အဲလက်စ်၏ လက်ချောင်းများ လျင်မြန်စွာ လှုပ်ရှားနေစဉ် ဖော့ခ်မန်းမှာ အသက်ကို အောင့်ထားမိ၏။ အကြိမ်ကြိမ် ကြိုးစားသော်လည်း ရလဒ်သည်ကား အတူတူပင်။

“ဆာဗာအား ရှာမတွေ့ပါ”

" သိပ် မလန့်သွားပါနဲ့" ဟု ထိုလူငယ်က ပြောသော်လည်း သူ့အသံကိုယ်တိုင်က ထိတ်လန့်နေပုံရသည်မှာ အမှန်ပင်။ "ဒါက သူတို့ လုပ်ဆောင်ခဲ့တဲ့ ခြေရာတွေကို ဖျက်ပစ်ဖို့အတွက် ဆာဗာကို ရှင်းထုတ်ပစ်လိုက်တာပါ"

"ရှင်းထုတ်လိုက်တယ် ဟုတ်လား"

"ဟုတ်ကဲ့ခင်ဗျာ၊ ဖျက်ပစ်လိုက်တာလို့ ဆိုလိုတာပါ။ ခင်ဗျားရဲ့ ဒေတာတွေက..."

“ ‘ရှင်းထုတ်လိုက်တယ်' ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို ကျုပ် သိပါတယ်။ ဒီစာအုပ်နဲ့ ပတ်သက်တဲ့ သုတေသနတွေနဲ့ စာမူကြမ်းတွေ အားလုံးကို တစ်ယောက်ယောက်က ဖျက်ပစ်လိုက်ပြီလို့ ဆိုလိုတာလား"

"ဟုတ်ကဲ့ ဆရာ။ ဒါက ဟက်ကာတွေ လုပ်လေ့ရှိတဲ့ အလုပ်တစ်ခုပါ။ သူတို့ကို ခြေရာခံဖို့ ခက်ခဲအောင် လုပ်တာပါ" ။ သူသည် ကီးဘုတ်ကို ထပ်မံရိုက်နှိပ်လိုက်ပြန်၏။ "ဒါပေမဲ့ မစိုးရိမ်ပါနဲ့ မစ္စတာ ဖော့ခ်မန်း။ ကျွန်တော်တို့မှာ အရန်စနစ်တွေ ရှိပါတယ်။ ပီအာရ်အိတ်ချ်ရဲ့ ပြင်ပဒေတာ သိမ်းဆည်းထားတဲ့ နေရာမှာ ရှိနေအုံးမှာပါ။ မေရီလန်းမှာ ရှိတဲ့ ဂိုဒေါင်မှာ ကျွန်တော်တို့ သိမ်းဆည်းထားပါသေးတယ်။ အခု ကျွန်တော် အဲဒီကနေ ပြန်ယူဖို့ ကြိုးစားနေပါတယ်"

အဲလက်စ်၏ လက်ချောင်းများမှာ မျက်လုံးဖြင့် မမြင်နိုင်လောက်အောင် လျှင်မြန်စွာ လှုပ်ရှားနေလေသည်။ "ကျွန်တော်တို့ အဝေးထိန်း ဆာဗာထဲကို ဝင်ပြီး၊ ပြောင်းရွှေ့လိုက်ရုံ..."

ကွန်ပျူတာမှ အသံတို ၃ချက် ထပ်ထွက်လာပြန်သည်။ ရင်းနှီးနေသော ‘မှားယွင်းနေပါသည်’ ဟူသည့် စာသားက ဖန်သားပြင်ပေါ်တွင် ပေါ်လာ၏။

“ဆာဗာအား ရှာမတွေ့ပါ”

နည်းပညာရှင်သည် ထပ်မံကြိုးစားလိုက်သော်လည်း မျက်လုံးများသာ ပိုမိုပြူးကျယ်လာရလေသည်။

“ဆာဗာအား ရှာမတွေ့ပါ”

"ဪ... သွားပါပြီ" ဟု ထိုလူငယ်က ရေရွတ်လိုက်၏။

ဖော့ခ်မန်းသည်လည်း ရုတ်တရက် အားအင်ကုန်ခမ်းသလို ခံစားလိုက်ရလေသည်။ “ကက်သရင်းရဲ့ ဆာဗာအပိုင်းက ဆာဗာနှစ်ခုစလုံးကနေ ပျောက်သွားတာလား။ သူ့ရဲ့ စာမူတွေနဲ့ မှတ်စုတွေ‌ရော ပါသွားတာလား”

အဲလက်စ် ကိုနန်သည် နေရာမှ ထ၍ တံခါးဆီသို့ ပြေးသွားလိုက်သည်။ "ကျွန်တော့် စက်ဆီကို သွားဖို့ လိုအပ်နေပြီ ခင်ဗျ။ ဒီလိုမျိုး ကျွန်တော်ဖြင့် တစ်ခါမှ မကြုံဖူးဘူး။ ဒါက တကယ့်ကို အကြီးစား ဖောက်ထွင်းမှုကြီးပဲ"

“ပြောမနေပါနဲ့တော့ကွာ”

လူသူကင်းမဲ့သော စင်္ကြံလမ်းတစ်လျှောက် ထိုလူငယ်၏ ပြေးသွားသံ ပျောက်ကွယ်သွားသည်အထိ ဖော့ခ်မန်းသည် သူ၏ ကုလားထိုင်တွင် ထုံထိုင်းစွာ ထိုင်၍ကျန်ရစ်ခဲ့လေသည်။ "အဲဒီဖိုင်တွေ ကျုပ် လိုအပ်တယ်နော် အဲလက်စ်" ဟု သူ လှမ်းအော်လိုက်သေးသည်။ "ကျုပ်ရဲ့ စာရေးဆရာမက တစ်နှစ်ပတ်လုံး ကြိုးစားထားတဲ့ သူ့ အလုပ်တွေကို ကျုပ်ဆီ ယုံယုံကြည်ကြည် အပ်ထားခဲ့တာမို့ပါ"

လန်ဒန်မြို့၏ ညအချိန်တွင် မစ္စတာ ဖင့်ချ်သည် ဖြစ်ပေါ်နေသော အပြောင်းအလဲ၏ အခြေအနေများကို စောင့်ကြည့်နေလေသည်။

ပထမဆုံးမှာ ဘရီဂီတာ ဂတ်စ်နာ ဖြစ်၏။ ထိုအာရုံကြောသိပ္ပံပညာရှင်သည် ဖင့်ချ်ထံသို့ ကက်သရင်း ‌ဆော်လမွန်၏ စာမူနှင့် ပတ်သက်၍ အလွန်စိုးရိမ်ဖွယ်ကောင်းသော သတင်းစကားတစ်ခု ပေးပို့ခဲ့ပြီးနောက် ပျောက်ကွယ်သွားခဲ့လေသည်။ “ဘယ်လိုမှကို ဆက်သွယ်လို့ မရတော့ဘူး”

ဒုတိယမှာ ကက်သရင်း ‌ဆော်လမွန် ကိုယ်တိုင်ဖြစ်၏။ လွန်ခဲ့သော ၃၅ မိနစ်ခန့်က ပရာ့ဂ်မြို့တွင် ‌ဆော်လမွန်သည် လျစ်လျူရှုလိုက်၍မရသော လုံးဝ မျှော်လင့်မထားသည့် အရာတစ်ခုကို လုပ်ဆောင်ခဲ့လေသည်။ “ချက်ချင်း အရေးယူဖို့ လိုအပ်နေပြီ”

ဖင့်ချ်သည် အမေရိကရှိ သူ၏ အထက်လူကြီးအား အကြောင်းကြားရန် စဉ်းစားခဲ့သော်လည်း ထိုနေရာတွင် ညသန်းခေါင် ဖြစ်နေ၏။ ထို့ပြင် သူတို့သည် ဖင့်ချ်အား မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များချရန် "တစ်ဦးတည်း ကိုင်တွယ်ခွင့်" အာဏာအား ပေးအပ်ခဲ့ပြီး ဖြစ်ပေသည်။ သူ၏ အထက်လူကြီးများသည် ကျင့်ဝတ်အရ ရှုပ်ထွေးလာနိုင်သော လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သူတို့တွင် တာဝန်မရှိကြောင်း ငြင်းဆိုနိုင်ရန်အတွက်လည်း လိုအပ်ပေသေးသည်။

“အခုလို လုပ်ငန်းမျိုးပေါ့ “ ဟု ဖင့်ချ်က တွေးမိသည်။ သူ၏ လုပ်ဖော်ကိုင်ဖက်များသည် ဖင့်ချ် မည်သို့ ရလဒ်ဖော်ထုတ်ခဲ့သည်ကို မသိချင်ကြမှန်း သူ သိထားသည်။

ထို့ကြောင့် ‌ဆော်လမွန်၏ လုပ်ဆောင်ချက်ကို သိရှိပြီး မိနစ်ပိုင်းအတွင်းမှာပင် သူသည် သူ၏ စိတ်ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီး စကားလုံး ၂ လုံးကို ပေးပို့လိုက်ပါတော့သည်။

"အခုချက်ချင်း အကောင်အထည်ဖော်ပါ"

ထိုအမိန့်ကို ရရှိကြောင်း ပရာ့ဂ်နှင့် နယူးယောက်မြို့ရှိ သူ၏ အဆက်အသွယ်များက အတည်ပြုခဲ့ကြလေသည်။