ဗုဒ္ဓဘာသာကို မိရိုးဖလာကိုးကွယ်မှုကနေ အဆင့်တက်ချင်ရင် ဒီစာအုပ်ကိုဖတ်သင့်တယ်။

ဗုဒ္ဓဘာသာဝင်မှန်ရင် ဖတ်ဖူးသင့်တယ်လို့ကို ပြောထိုက်တဲ့စာအုပ်တွေထဲ ဒီတစ်အုပ်လည်းအပါပဲ။

ဘာလို့ဒီလောက်တောင် ညွှန်းရလဲဆိုရင်စာရေးဆရာရဲ့ အတွေးစိတ်ကူးကို သဘောကျတာပါ။ ဗုဒ္ဓဝင်ကို ဘုရားရှင်နေရာကနေမဟုတ်ဘဲ ဘုရားရှင်ရဲ့ အလုပ်အကျွေးပြုစုခွင့်ရတဲ့ ရှင်အာနန္ဒာနေရာက ရေးလိုက်တဲ့အခါ ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီး သင်္ဂါယနာတင်ခါနီးမှ သောတာပန်ကနေ ရဟန္တာဖြစ်သွားသူဖြစ်တာကြောင့် ဘုရားရှင်သက်တော်ထင်ရှားရှိဆဲမှာ ခံစားချက်တွေဖော်ပြလို့ကောင်းတယ်၊အဆင်ပြေတယ်။ပရိဒေဝ မီးတွေနှိပ်စက်လို့ကောင်းနေဆဲပဲ။

သိဒ္ဓတ္ထ မင်းသားဘဝမှာ အများနှင့်မတူတဲ့ အကောင်းတကာ့အကောင်းဆုံး ကာမဂုဏ်အာရုံတွေရထားတာကိုပီပီပြင်ပြင်ရေးတယ်။ ဒုက္ခကလွတ်မြောက်ကြောင်း တရားကိုရှာတွေ့သွားတဲ့အခါ သာသနာပြုခရီးရှည်ကြီးကိုဇာတ်လမ်းဇာတ်ကွက် သူ့အချိတ်အဆက်တွေနဲ့တခမ်းတနား ဖွဲ့နွဲ့တင်ပြထားတယ်။ ဗုဒ္ဓဘာသာမှာ ဘုရားရှင်ဟာစန္ဒာလမင်းဆိုရင် ဘုရားရှင်ရဲ့ သာဝကများဖြစ်တဲ့ ရဟန်း ရဟန်းမ(ဘိက္ခုနီ) ဒါယိကာ ဒါယိကာမ တို့ဟာ လမင်းကိုခြံရံတဲ့ ကြယ်ပွင့်များသဖွယ်ဖြစ်ပါတယ်။ ညအမှောင်မှာထွန်းလင်းတဲ့ လရဲ့အလှကိုဖော်ပြရာမှာ ကြယ်ပွင့်များကို ချန်လှပ်ထားလို့မဖြစ်နိုင်သလို ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ သာသနာပြုခရီးအကြောင်း၊ဂုဏ်တော်အကြောင်း ဖော်ကျူးရာမှာ တပည့်သာဝကပုဂ္ဂိုလ်မြတ်တွေကို ဖယ်ထားလို့မဖြစ်နိုင်ပါဘူး။

ဆရာမြသန်းတင့် ‘လာခြင်းကောင်းသောအရှင်’ ဘာသာပြန်ရာမှာ တိုက်ဆိုင်ညှိနှိုင်းစရာတွေထဲ တစ်အုပ်ဖြစ်ခဲ့တဲ့ဒီစာအုပ်ကို ဝဏ္ဏသီရိက မူကွဲများရှိလျှင်ပင် သင်္ဂါယနာတင်ထားတဲ့မူကိုပဲ အဓိကထားပြီး မူရင်းကျမ်းဂန်များအတိုင်း အခြေအမြစ်ရှိရှိစနစ်တကျ လေ့လာပြုစု အားထုတ်ထားတယ်ဆိုတာကို အောက်ခြေပါအကိုးအကားမှတ်စုများကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

အထက်မှာပြောခဲ့သလို ရှင်အာနန္ဒာနေရာကရေးဖွဲ့လိုက်တဲ့အခါ အာသဝေါမကင်းသေးတဲ့သောတာပန်တည်ရုံမျှဖြစ်သော၊ ဘုရားရှင်ရဲ့ အနီးကပ် အလုပ်အကျွေးပြုစုရဟန်းလည်းဖြစ်သော၊ တွေ့ကြုံလာသူတိုင်းအပေါ်စေတနာမေတ္တာထား ကူညီပေးတတ်သော၊ အမျိုးသမီးများအပေါ်ငဲ့ညှာခြင်း၊ဘုရားသာသနာကို အမျိုးသမီးများလည်း ထိတွေ့ခွင့်ရအောင် တိုက်ပွဲဝင်ပေးခဲ့သူလည်းဖြစ်သော အရှင်အာနန္ဒာ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ရဲ့ ဂုဏ်ကိုလူအများသိအောင် ထုတ်ဖော်ကျူးရင့်ရာလည်းရောက်ခဲ့သလို ဘုရားရှင်ရဲ့ဘဝဖြစ်တော်စဉ်ကိုလည်း မျက်မြင်ရှေ့မှောက်ဖူးမြင်ရသည့်အလား ပူဇော်ရေးဖွဲ့ပြီးသားဖြစ်သွားတယ်။

ဒီစာအုပ်ကိုရေးရာမှာ ဝတ္ထုဇာတ်လမ်းအသားမပေးဘဲ တရားသဘောကို အဓိကထားတဲ့ သင်္ဂါယနာတင် အရှင်မြတ်ကြီးများရဲ့ဒေသနာတော်ကို ကိုးကားမှီငြမ်းခဲ့တာကြောင့် ဝတ္ထုလိုရေးစေကာမူ အခန်းတိုင်းမှာ တရားဒေသနာတော်တစ်ခုခုနဲ့ဆက်စပ်နေပါတယ်။ ဒါကြောင့် ဒီစာအုပ်ဟာ ဗုဒ္ဓ ဓမ္မ သံဃ တို့ရဲ့ဂုဏ်တော်အပေါ် ယုံကြည်မှုသဒ္ဓါစိတ် တိုးပွါးရင့်သန်စေနိုင်ပြီး ကျော်ပစ်လောက်စရာ တစ်ကွက်မှမရှိတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ စာမျက်နှာ ရှစ်ရာကျော် ကိုးရာကျော်ကို စာဖတ်သူတွေ လက်မချတမ်း အာရုံကိုဖမ်းစားထားပါလိမ့်မယ်။

ဂါထာပေး တေးဖြစ်ဆိုသလို မြင်းထိန်းငတာအဖြစ်လို ကိုယ်ညွှန်းခါမှ တရားအဆီအနှစ်တွေပြည့်ဝနေတဲ့စာအုပ်ကောင်းကြီး ပေါ့သွားမှာကိုလည်း တစ်ဖက်မှာ စိုးရိမ်မိပါတယ်။ မိမိဘာသာတရားကို လေ့လာလိုက်စားချင်သူတွေ၊ မိရိုးဖလာကနေ အဆင့်တက်ချင်သူတွေအဖို့တော့ ဒီစာအုပ်က ပါဠိမပါ မြန်မာစကားပြေသပ်သပ်ဖြင့်အဆင်ချောချောဖတ်ရမှာမလို့ ဒီစာအုပ်နဲ့အစပျိုး ခြေလှမ်းတာ အကောင်းဆုံးပဲ။ တော်ရုံတန်ရုံ အမြင်မှား၊အသိမှား၊အမှတ်မှားတွေကိုလည်း ဒီစာအုပ်က ပယ်ရှင်းပေးနိုင်ပါလိမ့်မယ်။

လူကြီးမိဘများကလည်း ဒီစာအုပ်ကိုဖြစ်ဖြစ် စာအုပ်ပါအကြောင်းအရာတွေကိုဖြစ်ဖြစ် လူငယ်လူရွယ်များနဲ့ မိတ်ဆက်ပေးနိုင်ကြမယ်ဆိုရင် ဘာသာတရားအပေါ် သဒ္ဓါတရားတွေတိုးပွါးပြီး ဗုဒ္ဓဘာသာရဲ့အဆီအနှစ်တွေကို တဆင့်အမွေဆက်ခံနိုင်ကြပါလိမ့်မယ်။ ဘာသာကြီးတစ်ရပ်အနေနဲ့ ကမ္ဘာ့အလယ်မှာရပ်တည်ခဲ့တဲ့ ဗုဒ္ဓဘာသာကိုလေ့လာဖို့ခရီးစမယ်ဆိုရင်တော့ဖြင့် ဒီစာအုပ်ကိုလည်း လက်မလွတ်သင့်ပါကြောင်း အကြုံပြုလိုက်ရပါတယ်။

📚ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း(ပ+ဒု)

#youthsbookreflections #bookreview #bookrecommendations #ဗုဒ္ဓစာပေ #ဝဏ္ဏသီရိ #ရှင်အာနန္ဒာ #ညီတော်အာနန္ဒာ #တစ်သက်တာမှတ်တမ်း